နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ PDF အဖွဲ့မှ အမျိုးသား ၂၆ ဦးနှင့်အမျိုးသမီး နှစ်ဦး စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်၊ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်
လာခဲ့ကြသည့် PDF အဖွဲ့ဝင်များအား
မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက် နှင့်တာဝန်ရှိသူများ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း
ပြန်လည်ဝင်ရောက်ခဲ့ကြသည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား သုံးဦး၊
အုတ်ဖိုမြို့မှ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး နှစ်ဦး၊ တောင်ငူမြို့မှ အမျိုးသား တစ်ဦး၊
ဖြူးမြို့မှ အမျိုးသား တစ်ဦး၊ ရေတာရှည်မြို့မှ အမျိုးသား လေးဦး၊ ပေါင်းတည်မြို့မှ အမျိုးသား
တစ်ဦး၊ ထန်းတပင်မြို့မှ အမျိုးသား သုံးဦး စုစုပေါင်း ၂၈ ဦးတို့သည် ၎င်းတို့နှင့် အတူပါရှိလာသည့်
AK-47 သေနတ် တစ်လက်၊ M4 သေနတ် တစ်လက်၊ အမ်အေ-၂ သေနတ် တစ်လက်၊ အမ်အေ- ၁၁ သေနတ် တစ်လက်၊ လက်လုပ် သေနတ် နှစ်လက်၊ လက်ပစ်ဗုံး ငါးလုံး၊ ကျည်အိမ် ၁၃
ခု၊ ကျည် မျိုးစုံအတောင့် ၂၃၀၊ ရှေ့ထွက်မိုင်း တစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ
တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လက်နက်၊ ခဲယမ်းများနှင့်အတူ
ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် လေးလက် အတွက် ဆုကြေးငွေကျပ်သိန်း
၂၀၀၊ လက်လုပ်သေနတ် နှစ်လက် အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ လက်ပစ်ဗုံး ငါးလုံးအတွက်
ဆုကြေးငွေကျပ် ၁၅ သိန်း၊ ရှေ့ ထွက်မိုင်း တစ်လုံးအတွက် ဆုကြေး ငွေကျပ်သုံးသိန်း၊ ဥပဒေဘောင်အတွင်း
ပြန်လည်ဝင်ရောက်လာသူ ၂၈ ဦး အတွက် ဆုကြေးငွေကျပ် ၂၈ သိန်းနှင့် လက်ဆောင်ပစ္စည်းများ
ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ ကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား
ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး
မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်း
နှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် မိသားစုဝင် ဆွေမျိုးများနှင့်
အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်
အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အချင်းချင်း
ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ
နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်
နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း
ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်
ပြည်သူလူထုအတွက် ပြန်လည် အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်၍
ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍
လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်
လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း
သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊
မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန် ဆက်သွယ်သတင်းပေးပို့လာပါက
ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊
ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း
ယခုကဲ့သို့ ကြားသိရပါသည်-
အလင်းဝင်(၁)
အမေနဲ့စိတ်ဆိုးပြီးတော့ လိုက်သွားဖြစ်တာ၊ အိမ်လည်း မပြန်ရဲတော့တာနဲ့
အဲဒီထဲပဲ ဝင်လိုက်တော့မယ်ဆိုပြီး ဝင်လိုက်တာ၊ နံနက်မိုးလင်းလာရင် ဖက်ထိပ်လုပ်ရတယ်၊
သန့်ရှင်းရေးလုပ်ရ တယ်။ ထမင်းချက်ရတယ်၊ မိန်းကလေးကမရှိဘူး၊ လေးယောက်ထဲ၊ နှစ်ယောက်က
အချုပ်ကျနေတာထွက်ပြေးလို့ ပြန်မိသွားတာ၊ သူတို့တွေက အပြစ်မရှိဘဲ အပြစ်ရှာပြီးတော့ ရိုက်တယ်၊
ပြောတယ် ဆိုတယ်၊ ဆူတယ်၊ ဘယ်လိုမှ မခံနိုင်တာနဲ့ ဒီထဲကို ဝင်လာတာ၊ သူငယ်ချင်း နှစ်ယောက်တိုင်ပင်ပြီးတော့။
မင်းတို့ ထွက်ပြေးလို့ အလင်းဝင်ရင် မင်းတို့မိဘတွေကို သတ်ပစ်မယ်တဲ့၊ အဲဒီလို ခြိမ်းခြောက်တော့
ကြောက်တာပေါ့။ မိဘတွေနဲ့ ဝေးနေရတဲ့အချိန် ငိုရတယ်၊ ကြိတ်ပြီးတော့ အပြင်ထုတ်ပြီးတော့လည်း
ငိုခွင့်မရှိဘူးလေ။ အခုလို ပြန်လာရတာတော့ အလွန်ပျော်တယ်။ သူငယ်ချင်းတွေလည်း အများကြီးကျန်ခဲ့တယ်။
အဖွဲ့ထဲမှာ သူငယ်ချင်းတွေကို ကျွန်မတို့လိုပဲ အေးအေးချမ်းချမ်း နေစေချင်တယ်။ အဲဒါကြောင့်မို့
ဒီထဲကို လာခဲ့ပါလို့ပြောချင်ပါတယ်။
အလင်းဝင်(၂)
အချင်းချင်း နေရာတွေကို ယူချင်တဲ့စိတ်တွေက များနေတော့ ဒါတွေက
ပဋိပက္ခတွေ သူတို့အချင်းချင်း ဖြစ်နေတဲ့အတွက်ကြောင့် စည်းရုံးလည်း မအောင်နိုင်ဘူး။
အဲဒါကြောင့် ကျွန်တော်လည်း မနေတာဘဲ ကောင်းတယ်ဆိုပြီးတော့ ဒီဘက်ကို အလင်းဝင်လာတာပါ။
ပထမက ကျွန်တော်လည်း လိုင်းပေါ်တွေမှာ ကြည့်တာပေါ့။ သတင်းအမှားတွေ လွှင့်တာ။ အလင်းဝင်ရင်
မင်းတို့ကောင်တွေကို သတ်မှာ။ လက်သည်းခွာမှာတွေ ခြိမ်းခြောက်တာပေါ့။ နောက်ပိုင်း သတင်းက
လှမ်းကြားတာ မင်းတို့ သေသွားပြီတဲ့ အဲဒီလို သတင်းလွှင့်တယ်။ ကျန်နေတဲ့ သူငယ်ချင်းတွေအားလုံးကို
အလင်းဝင်စေချင်တယ်။ ကိုယ့်မိသားစုနဲ့လည်း နွေးနွေးထွေးထွေး ပြန်နေရမယ်။ ကောင်းကောင်းမွန်မွန်နဲ့
လုပ်ကိုင်စားသောက်ရမယ်။ နွေးထွေးစွာနဲ့ အကုန်လုံး ကြိုဆိုတဲ့အတွက်ကြောင့်လည်း အများကြီးကျေးဇူးတင်တယ်။
လက်နက်ချ အလင်းဝင်ပြီးတော့ အကုန်လုံးပေါင်းစည်းလိုက်ကြမယ်ဆိုရင် ပိုပြီးတော့ ကောင်းမယ်လို့
ထင်တယ်။ အဲဒါမှလည်း အကုန်လုံး ငြိမ်းချမ်းကြမယ်လို့ ထင်တယ်။
သတင်းစဉ်

No comments:
Post a Comment