နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံ သင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။
အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြအစီအစဉ်အတိုင်း
ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက်
သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီး
ပြောကြားကြပြီး သင်တန်းဆင်း ထူးချွန်ဆုရရှိသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့
တက်ရောက်ကြသော တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ
တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း
အမှတ်စဉ်(၂၈)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များအား
တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)မှ သင်တန်းသားများကို
ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့်
အထွေထွေဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားများ၏
အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို
ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည်
ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ထမ်းဆောင်နေကြပြီဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၈)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊
ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့ တာဝန်ကျရာ တပ်ရင်း၊
တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ သင်တန်းဆင်း
နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အင်တာဗျူး (၁)
ကျွန်တော် ဝင်ရောက်လာတဲ့ ရည်ရွယ်ချက်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက်
ကာကွယ်စောင့်ရှောက်ချင်တဲ့အတွက် ကိုယ့် ဆန္ဒနဲ့ ကိုယ် ဝင်ရောက်လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်ရရှိတဲ့
ဆုကတော့ ချေမှုန်းရေး အကောင်းဆုံးဆု ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်တန်းသားတွေ စည်းလုံးမှ
ရမှာပေါ့၊ ကိုယ်စီအားလုံးဆိုတာ အစုလိုက် အဖွဲ့လိုက်စုဖွဲ့ပြီးမှ ညီညီညွတ်ညွတ်နဲ့ လုပ်ရတဲ့
လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် အကုန်လုံး စည်းလုံးပြီးမှ ဒီဆုကို ကျွန်တော်ရရှိခဲ့ပါတယ်။
အရပ်သားဘဝနဲ့ စစ်သားဘဝနဲ့ ကွာခြားချက်ကတော့ စောစောထရတာတွေ၊ အိပ်ရာခင်းတွေ စည်းစနစ်တကျ
ခေါက်ရတာတွေ၊ လေ့ကျင့်ခန်းတွေ စည်းစနစ်တကျ လုပ်ရတာတွေ၊ မနက်စောစောစီးစီး PT ပြေးရတာတွေ၊ ဆရာတွေ ခိုင်းတာတွေ တစ်သဝေမတိမ်း
လိုက်နာရပါတယ်။ သင်တန်းဆင်းသွားပြီဆိုတော့ နိုင်ငံတော်အတွက် ကိုယ့်ဘက်ကနေ တတ်စွမ်းသလောက်
ကျေပွန်အောင် ထမ်းဆောင်သွားပါမယ်။ ပြည်သူ့စစ်မှုထမ်းဆိုတာ နိုင်ငံသားတိုင်း တာဝန်ရှိတဲ့အတွက်
မကြောက်မရွံ့ မပျက်မကွက်ဘဲ လာရောက်ထမ်းဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
အင်တာဗျူး (၂)
ကျွန်တော့် တပ်စိတ်အနေနဲ့ ဒီသင်တန်းမှာ ချေမှုန်းရေး အကောင်းဆုံးဆုကို
ရရှိခဲ့ပါတယ်။ အဖွဲ့အစည်းစိတ်ဓာတ်နဲ့ အခြားစိတ်တွေ အကောင်းဆုံးကျော်ဖြတ်ပြီးတော့ ကြိုးစားခဲ့ရပါတယ်။
အပြင်နဲ့ မတူတဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ အိမ်မှာနေတုန်းကဆိုရင်တော့ ထမင်းဆိုလည်း
ကြိုက်တဲ့အချိန်မှာ စားတယ်။ ဒီမှာတော့ စည်းနဲ့ ကမ်းနဲ့ အရာအားလုံးကို စည်းစနစ်တကျနဲ့သွားတဲ့
အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ သူငယ်ချင်းတွေနဲ့ အမှတ်တရတော့ အများကြီးရှိပါတယ်။
သင်တန်းတတ်တဲ့ ကာလကနေစပြီးတော့ အတူသွား အတူလာပြီး အတူစားခဲ့တာ အကုန်လုံးညီအစ်ကိုလိုပဲ
ပေါင်းသင်းခဲ့တဲ့ သူငယ်ချင်းတွေဖြစ်တဲ့အတွက် သူငယ်ချင်းလိုတော့ မဟုတ်တော့ပါဘူး ညီအစ်ကိုတွေ
ဖြစ်သွားပြီ။ ကျွန်တော် အခုသင်တန်းကာလ ပြီးဆုံးသွားပြီဆိုတော့ တာဝန်ကျတဲ့ မိခင်တပ်ရင်းရောက်ရင်တော့
သင်တန်းက သင်ကြားပေးလိုက်တဲ့ အသိပညာ အတတ်ပညာတွေကို အကောင်းဆုံး အသုံးချပြီးတော့ စစ်သားကောင်းတစ်ယောက်
ပီသစွာနဲ့ နေထိုင်ပြီးတော့ တာဝန်ထမ်းဆောင်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ နိုင်ငံတော်က
ချမှတ်ထားတဲ့ ဥပဒေကိုလည်း လိုက်နာပြီးတော့ နိုင်ငံ့တာဝန် ကျေပွန်အောင် ထမ်းဆောင်ဖို့အတွက်
နောင်လာမယ့် ညီအစ်ကိုတွေကိုလည်း မှာကြားလိုပါတယ်။
သတင်းစဉ်

No comments:
Post a Comment