Tuesday, November 3, 2026

သက်တမ်းလွန် CNG ဆလင်ဒါအိုးများအား အသစ်လဲလှယ်တပ်ဆင်ခြင်းမရှိသည့် CNG ယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း


 ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများခရီးသွားလာရာတွင်သက်သာချောင်ချိမှုရှိစေရန်ရည်ရွယ်၍ CNG ယာဉ်များအတွက် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)ကို ၁-ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)သည် သဘာဝဓာတ်ငွေ့ကို လေထုဖိအား၏ အဆ ၂၀၀ ဖြင့် ဖိသိပ်၍ အိုးအတွင်းထည့်သွင်းထားသည့် ဖိအားအလွန်မြင့်သောဓာတ်ငွေ့ဖြစ်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပါက ပတ်ဝန်းကျင်ရှိအများပြည်သူအသက်အိုးအိမ်များ ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထို့ကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသည် CNG ယာဉ်များ၏ ဆလင်ဒါအိုးနှင့် ဆက်စပ်ပစ္စည်းများ ဘေးကင်းလုံခြုံမှု(Safety)ရှိ/မရှိ နှစ်စဉ်နှစ်ပတ်လည်စစ်ဆေးခြင်းများ(Annual Inspection)ဆောင်ရွက်ပြီး စစ်ဆေးမှုအောင်မြင်သောယာဉ်များကိုသာ CNG အသုံးပြုခွင့်စာအုပ်နှင့်ကတ်ထုတ်ပေး၍ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ကို ရောင်းချပေးလျက်ရှိပါသည်။

ထို့အပြင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနရှိ CNG Retest Factory အလုပ်ရုံတွင်လည်းထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း(၅)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ပထမအကြိမ်စစ်ဆေးမှုခံယူစေခြင်း၊ (၁၀)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ဒုတိယအကြိမ်စစ်ဆေးမှုခံယူစေခြင်း၊ သက်တမ်း(၁၅)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို သတ်မှတ်စံချိန်စံညွှန်းများအရ သက်တမ်းလွန်ပယ်ဖျက်(Reject) အဖြစ်သတ်မှတ်ကာ အိုးအသစ်ပြောင်းလဲတပ်ဆင်အသုံးပြုစေခြင်းများကို စနစ်တကျစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။

ခရီးသွားပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ်များအနေဖြင့် ယာဉ်တွင်တပ်ဆင်အသုံးပြုလျက်ရှိသော သက်တမ်း(၁၅)နှစ်ပြည့်ပြီးဖြစ်သည့် CNG ဆလင်ဒါအိုးများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မတိုင်မီ CNG ဆလင်ဒါအိုးအသစ်လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနသို့လာရောက်၍ စစ်ဆေးမှုခံယူသွားကြရန်နှင့် သက်တမ်းကျော်လွန်ပြီး CNG ဆလင်ဒါအိုး အသစ်လဲလှယ်ခြင်းမရှိသောယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်ပိတ်သိမ်းသွားမည်ဖြစ်သောကြောင့် အိုးအသစ်လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနတွင် လာရောက်စစ်ဆေးမှုခံယူပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်အား ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။            

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

No comments:

Post a Comment