နေပြည်တော် နိုဝင်ဘာ ၂
၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၀ ရက် မှ နိုဝင်ဘာ ၁ ရက်အထိ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့အဆင့်တက်ဂ်ဘောပြိုင်ပွဲ Teqball World Series 2026 ပြိုင်ပွဲကြီး၏ Women’s Doubles ပြိုင်ပွဲတွင် မြန်မာအသင်းမှ မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲသည် ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံများမှ တက်ဂ်ဘောအားကစားသမားများကို မလျှော့သော ဇွဲ၊ လုံ့လများဖြင့် အားသွန်ခွန်စိုက်ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် တတိယဆုကို ဆွတ်ခူးရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးတက်ဂ်ဘောအားကစားသမားများဖြစ်သည့် ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲသည် အုပ်စုပွဲစဉ်များတွင် ပြင်သစ်အသင်း၊ လက်ဘနွန်အသင်းနှင့် အိန္ဒိယအသင်းတို့မှ အားကစားသမားအတွဲများကို ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး အုပ်စုပွဲစဉ် တစ်ဆင့်ပြီးတစ်ဆင့်တွင် ရုရှားနိုင်ငံနှင့် မော်လ်ဒိုဗာနိုင်ငံတို့မှ အားကစားသမားအတွဲများကိုလည်း ထပ်မံအနိုင်ရရှိကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲသည် အုပ်စုပွဲစဉ်နောက်ဆုံးအဆင့်တွင် ဟန်ဂေရီအသင်းနှင့် ပေါ်တူဂီအသင်းတို့မှ အားကစားသမားအတွဲများကို ထပ်မံအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ)အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ)ပွဲစဉ်တွင် Teqball ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်(၁)ရှိသည့် ထိုင်းနိုင်ငံ၏ Women’s Doubles အသင်းနှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး မြန်မာအသင်းမှ ဆုမွန်အောင်နှင့် နိုင်နိုင်ဝင်းတို့အတွဲအနေဖြင့် တတိယဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာတက်ဂ်ဘောအဖွဲ့ချုပ်အနေဖြင့် ယခုအောင်မြင်မှုသည် ကမ္ဘာ့အဆင့်ထိပ်တန်းနိုင်ငံများမှ တက်ဂ်ဘောအားကစားသမားများနှင့် ယှဉ်ပြိုင်နိုင်ခဲ့သည့်အပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီး တက်ဂ်ဘောကစားသမားများ၏ စွမ်းဆောင်ရည်နှင့် နိုင်ငံတကာအဆင့်ယှဉ်ပြိုင်နိုင်စွမ်းများကို ဖော်ထုတ်ပြသနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်ရာအောင်မြင်မှုတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment