နေပြည်တော် နိုဝင်ဘာ ၂၉
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်နှင့် တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ်လိုက်ပါလာသည့်
ပြည်ထောင်စုဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့်
တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ
ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာ-ထိုင်း နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ကြပြီး ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊
နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့်
အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊
လူကုန်ကူးမှုနှင့် တရားမဝင်ကုန်သွယ်မှုများအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများတွင်
ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့်
တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသည့် လုပ်ရပ်များတွင် အသုံးပြုရန်ရည်ရွယ်ပြီး
မြန်မာနိုင်ငံသို့ နယ်စပ်ဒေသမှတစ်ဆင့် တင်ပို့မည့်တရားမဝင်ဒရုန်းများကို
ထိရောက်စွာ တားဆီးဆောင်ရွက်ပေးရန်လိုအပ်သည့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူညစ်ညမ်းမှုလျှော့ချရေး၊
နယ်စပ်ဒေသတစ်လျှောက်တရားမဝင် သတ္တုတူးဖော်မှုများမရှိစေရေးနှင့် တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းများတွင်
အသုံးပြုသည့် ဓာတုပစ္စည်းများကို နယ်စပ်ဒေသမှတစ်ဆင့် တင်ပို့မှုမရှိစေရေးကြပ်မတ်ဆောင်ရွက်ရန်
လိုအပ်လျက်ရှိသည့် အခြေအနေများ၊ မြစ်ချောင်းများအတွင်းရှိ ရေအရည်အသွေးများ ကောင်းမွန်မှုရှိအောင်
ထိန်းသိမ်းရေးတို့အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊
စွမ်းအင်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတို့၌
ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊
မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်
ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထိုင်းနိုင်ငံအနေဖြင့် အာဆီယံနှင့်
နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှုနှင့်
အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ရှိသည့်
အခြေအနေများ၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးအတွက်
ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှုအခြေအနေများနှင့် ပတ်သက်၍
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့်
နှစ်နိုင်ငံမှအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment