နေပြည်တော် နိုဝင်ဘာ ၂၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတ
ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံ
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင်မင်းဟန် ဦးဆောင်သည့်
အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီး ဦးဝေလင်းနှင့် ဇနီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)
ဗိုလ်မှူးချုပ် ဇော်မင်းနှင့် ဇနီး၊ တာဝန်ရှိသူများ၊ သံရုံး၊
စစ်သံရုံးမိသားစုများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့ပို့ဆောင်နှုတ်ဆက်စဉ်
ဗီယက်နမ်နိုင်ငံဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူအလေးပြု၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား
ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည့်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊
ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာသည့်
အထူးလေယာဉ်သည် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်တွင် နေပြည်တော်လေဆိပ်သို့
ပြန်လည်ရောက်ရှိရာ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊
မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး၊ စစ်သံမှူးနှင့် တာဝန်ရှိသူများက
လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါခရီးစဉ်အတွင်း
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၁) ကြိမ်မြောက်
ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခြင်းနှင့် (၁၂) ကြိမ်မြောက်
ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ပြီး
ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ထိပ်သီးအစည်းအဝေးများသို့
တက်ရောက်လာကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ
ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ၍ နိုင်ငံအလိုက် ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ အာဆီယံအဖွဲ့အတွင်း
မြန်မာနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ အကောင်းဆုံးဖြစ်အောင်
ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အစိုးရများအချင်းချင်းသာမက ပြည်သူများအချင်းချင်း
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍
ဆွေးနွေးနိုင်ခဲ့သည်။
အလားတူ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းကလည်း ခရီးစဉ်တွင်
အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ဟနွိုင်းမြို့စွန်းရှိ
ဒေသန္တရကြက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး
တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက
ကြက်မွေးမြူမှုနည်းစနစ်များ၊ အစာကျွေးမွေးမှုစနစ်များ၊ ဈေးကွက်ရရှိမှုနှင့်
အကျိုးအမြတ်ရရှိမှုအခြေအနေများနှင့် အခြားသိလိုသည်များကို
ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါဗီယက်နမ်နိုင်ငံ
ဒေသန္တရမျိုးရင်းကြက်မွေးမြူရေးခြံတွင် ဒေသကြက်များကို လွှတ်ကျောင်းစနစ်ဖြင့်
မွေးမြူထားခြင်းဖြစ်ကြောင်း၊ အစာကျွေးမွေးရာတွင် ဒေသတွင်းမှ ထွက်ရှိသည့်
ပြောင်းဖူး၊ မုယောစပါးတို့ကို အဓိကအစာအဖြစ် အသုံးပြု၍ ဖြည့်စွက်အစာအဖြစ်
အစာစိမ်းများကို ကျွေးမွေး၍ မွေးမြူခြင်းဖြစ်ကြောင်း၊ ကြက်မွေးမြူရေးလုပ်ငန်းမှ
ထွက်ရှိသည့် ကြက်ဥနှင့် ကြက်သားများကို ဈေးကွက်သို့
ကိုယ်တိုင်တင်ပို့ရောင်းချခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချခြင်းများကို
ဆောင်ရွက်လျက်ရှိသကဲ့သို့ ကြက်ခြံမှထွက်ရှိသည့် သဘာဝမြေဩဇာများကိုလည်း
ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment