Sunday, November 29, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

 

နေပြည်တော် နိုဝင်ဘာ ၂၉

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်၌ တွေ့ဆုံဆွေးနွေးသည်။






ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲကျင်းပပြုလုပ်မည့် တုံကင်နန်းတော်သို့ ရောက်ရှိရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာ ဦးစွာဗီယက်နမ်နိုင်ငံသမ္မတက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ဘက်စုံမိတ်ဖက်နိုင်ငံအဖြစ် အမြဲမှတ်ယူထားရှိပြီး နှစ်နိုင်ငံအကြား ဆက်ဆံမှုများတိုးတက်ကောင်းမွန်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာနေထိုင်ကြသည့် မိတ်ဖက်နိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံ၏ ဘက်စုံကြွယ်ဝမှုနှင့် ငြိမ်းချမ်းရေးကို အလေးထားပါကြောင်း၊ အဆွေတော်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဗီယက်နမ်နိုင်ငံကို စက်တင်ဘာလအတွင်းက လာရောက်လည်ပတ်ခဲ့ပြီး ကောင်းမွန်သည့် အကျိုးရလဒ်များကိုရရှိခဲ့ကြောင်း၊ ခရီးစဉ်နောက်ပိုင်း လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်နိုင်ခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များကို ရရှိခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အထူးအလေးထားလျက်ရှိပါကြောင်း၊ အာဆီယံစင်မြင့်တွင် မြန်မာနိုင်ငံ ပြန်လည်ပါဝင်လာစေရေးအတွက် မိမိတို့အနေဖြင့် မြန်မာနိုင်ငံဘက်မှ အမြဲရပ်တည် ထောက်ခံအားပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ထပ်မံတွေ့ဆုံရသည့်အတွက် အဆွေတော်သမ္မတကြီးနှင့် ကိုယ်စားလှယ်အဖွဲ့များအားလုံးကို ကြိုဆိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ပြောကြားရာတွင် အဆွေတော်သမ္မတကြီးနှင့် ယခုကဲ့သို့ထပ်မံတွေ့ဆုံဆွေးနွေးရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးတို့ကို ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ခဲ့သည့်အတွက်လည်း ဂုဏ်ယူပါကြောင်း၊ ဗီယက်နမ်နိုင်ငံမှ အဆိုပြုသည့် “CLMV နိုင်ငံများအကြား ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံအစီအစဉ်” နှင့်ပတ်သက်၍လည်း ဒေသတွင်းအတွက် များစွာအကျိုးဖြစ်ထွန်းသည့် အစီအစဉ်ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် အောင်မြင်အောင်ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရေးမိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး အမြန်ဆုံးလာရောက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်သည် အစည်းအဝေးအတွင်း ဆွေးနွေးသဘောတူညီချက်မရှိဘဲ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံပဋိညာဉ်နှင့်အညီ လုပ်ဆောင်လျက်ရှိပြီး လုပ်သင့်လုပ်ထိုက်သည်များနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်များကို အကောင်းဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့ကိစ္စရပ်များတွင် အာဆီယံအနေဖြင့် ပြောင်းလဲလာမှုမရှိပါက မိမိတို့အနေဖြင့် အာဆီယံပဋိညာဉ်၏ အသက်ဝင်မှုကို ပြန်လည်သုံးသပ်သွားရန်လိုအပ်ပါကြောင်း၊ အာဆီယံနှင့် နိုင်ငံတကာမျက်နှာစာတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးမှုများအတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာ-ဗီယက်နမ် ဘက်စုံမိတ်ဖက်ဆက်ဆံရေးထူထောင်မှု ၁၀ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်သွားမည့် အခြေအနေများ၊ မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံအကြား အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်းနှင့် ပြည်သူများအချင်းချင်း ကူးလူးဆက်ဆံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပြီး နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဖက်ဆက်ဆံရေးတိုးတက်မှုရှိအောင် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေး နှစ်နိုင်ငံအကြား သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက်သွားမည့် အခြေအနေများ၊ ကုန်းတွင်းဆိပ်ကမ်းများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ချိတ်ဆက်၍ ဒေသတွင်းကုန်သွယ်မှုလမ်းကြောင်းများ ဖော်ဆောင်သွားနိုင်သည့် အခြေအနေများ၊ ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးနှင့် ပညာရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ယဉ်ကျေးမှုအပြန်အလှန်ဖလှယ်ရေးအစီအစဉ်အဖြစ် မြန်မာနိုင်ငံမှ ယဉ်ကျေးမှုအဖွဲ့များကို ဗီယက်နမ်နိုင်ငံသို့ စေလွှတ်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အစဉ်တစိုက်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံရေးနှင့် လုံခြုံရေးတို့အရ တည်ငြိမ်အေးချမ်းမှုရှိစေရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံဘက်မှ ဆက်လက်ထောက်ခံဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြားတွေ့ကြုံနေရသည့် အခက်အခဲများကို အတူတကွရင်ဆိုင်ကျော်ဖြတ်၍ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ ပြည့်စုံကြွယ်ဝမှုကိုသာမက ဒေသတွင်း ပြည့်စုံကြွယ်ဝမှုများကိုပါ ဖော်ဆောင်နိုင်မည့်အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြီးအကဲနှစ်ဦးတို့သည် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတရုံး၊ တုံကင်နန်းတော်မှ ပြန်လည်ထွက်ခွာရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

 

No comments:

Post a Comment