နေပြည်တော် နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အတူ
ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီးဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့် ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ်
ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊
ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်
ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့်
သံတမန်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊
မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း
ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်ကောင်စီနယ်မြေနှင့်
တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များ တက်ရောက်ကြပြီး ဘုရားဖူးလာရဟန်းရှင်လူပြည်သူများကလည်း
စည်ကားများပြားစွာ လာရောက်ကြည့်ရှုကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်သို့ရောက်ရှိကြရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
မီးရှူးမီးပန်းများ ပစ်ဖောက်ပူဇော်ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများနှင့်
သံတမန်များက ဆီမီးများအတူတကွ ထွန်းညှိပူဇော်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား
လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က သဒ္ဓါဓိပတိခေါင်းလောင်းတော်အား
ထိုးခတ်ပူဇော်ကြကာ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည်
စိန်နားပန်မီးပုံးပျံလွှတ်တင်မှုနှင့် ညမီးကြီးမီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေမှုများကို
ကြည့်ရှုအားပေးကြသည်။
မီးပုံးပျံများ လွှတ်တင်ရန်ပြင်ဆင်မှုများ ဆောင်ရွက်နေချိန်နှင့်
လွှတ်တင်နေချိန်တွင် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများ၊
ယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည်
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံတမန်များနှင့်အတူ မီးပုံးပျံငယ်များကို
အတူတကွလွှတ်တင်ကြသည်။
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို
ဆက်လက်ကျင်းပပြုလုပ်ရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ
အောင်မြင်မှုအထိမ်းအမှတ်အဖြစ် HAPPY TAZAUNGDAING Diplomatic CORPS စာတန်းရေးထိုးချိတ်ဆွဲထားရှိသည့်
စိန်နားပန်မီးပုံးပျံအား နိုင်ငံတကာသံတမန်များက မီးပုံးပျံအဖွဲ့သားများနှင့်အတူ
ဝေဟင်ထက်သို့လှပစွာဖြင့် ဂုဏ်ပြုလွှတ်တင်ကြသည်။
၎င်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများနှင့်
နိုင်ငံတကာသံတမန်များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်များအလိုက်ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကအလှများ၊
တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြပြီး
နိုင်ငံတကာသံတမန်များက ယဉ်ကျေးမှုအဖွဲ့များနှင့် အတူတကွပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး
ကျော်စွာလင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးတို့က ညမီးကြီး
(ညမီးကျည်)၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့် မသိုးရွှေကြာသင်္ကန်း
ရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် စည်းကမ်းလိုက်နာမှုအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်စည်းကမ်းအကောင်းဆုံး
ဆု၊ စက္ခုပသာဒအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်သင်္ကန်းအား
ကြည်ညိုဖွယ်ရာဖြစ်အောင် ဖန်တီးမှုအကောင်းဆုံးဆု၊
ဆန်းသစ်တီထွင်မှုအကောင်းဆုံးဆုများနှင့် အဖွဲ့လိုက်ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံအတက်အကောင်းဆုံးဆုများနှင့်
အဖွဲ့လိုက်ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆု၊ မီးပုံးပျံအတက်စံချိန် အကောင်းဆုံးဆုများနှင့်
အဖွဲ့လိုက်ချုပ်ရိုးချုပ်သားအကောင်းဆုံးဆုရရှိသည့် အသင်းများအား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်
ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက ညမီးကြီး
(ညမီးကျည်)၊ စိန်နားပန် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတို့တွင်
မီးပုံးပျံပုံသဏ္ဌာန်အလှပဆုံးဆုများနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင်
အဖွဲ့လိုက်ရက်လုပ်ထားသော သင်္ကန်းအထည်သား တည်ဆောက်မှုအကောင်းဆုံးဆုရရှိသည့်
အသင်းတို့အားလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက
မှိုင်းခံစံချိန်အကောင်းဆုံးဆုများနှင့် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင်
အဖွဲ့လိုက် ရက်ကန်းစင်ကိုင်တွယ် ရက်လုပ်မှုအကောင်းဆုံးဆုရရှိသည့်အသင်းတို့အားလည်းကောင်း၊
ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက ညမီးကြီး၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့်
မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့် အသင်းများအားလည်းကောင်း
ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးညိုစောက ညမီးကြီး (ညမီးကျည်)
မီးပုံးပျံလွှတ်တင် ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
ကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
ကိုယ်စားပြုအသင်းနှင့် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင်
ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု တော်ဝင်ဒဂုံရက်ကန်းစင်တော်အသင်းတို့အား
ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်သမ္မတက ညမီးကြီး (ညမီးကျည်) မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲတွင်
ပထမဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်း၊ စိန်နားပန်မီးပုံးပျံလွှတ်တင်
ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုအသင်းနှင့်
မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ချင်းပြည်နယ်ကိုယ်စားပြု
တောင်ဇလပ်ရက်ကန်းစင်အသင်းတို့အား ဆုဖလား၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ
ပေးအပ်ချီးမြှင့်သည်။
ခင်မင်ရင်းနှီးစွာနှုတ်ဆက်
ဆုချီးမြှင့်ပွဲအပြီးတွင် မီးရှူးမီးပန်းများပစ်ဖောက်၍ အခမ်းအနားကို
အောင်မြင်စွာရုပ်သိမ်းခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသူများအား ခင်မင်ရင်းနှီးစွာဖြင့်
နှုတ်ဆက်ခဲ့ကြသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏ သီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ်
တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာဖြင့်
ကျင်းပပြုလုပ်လျက်ရှိပြီး ယခုနှစ်တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်
မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ယနေ့အထိ
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း ရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်၌
ဝတ်ရွတ်အသင်းများက ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ မီးရှူးမီးပန်းများ
ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီးများ
လွှတ်တင်ပူဇော်ခြင်း၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ခြင်း၊
ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ခြင်း၊ ဒေသထွက်မြန်မာ့ရိုးရာမုန့်ဆိုင်များ
ခင်းကျင်းပြသရောင်းချခြင်းတို့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များကလည်း
တေးဂီတနှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်















No comments:
Post a Comment