Wednesday, November 25, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်း



နေပြည်တော် နိုဝင်ဘာ ၂၄

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းသည်။   






အဆိုပါမဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်း ဒွေးနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်

ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီး “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီဂါထာတော်ကို သံပြိုင်ညီညာ သုံးကြိမ်ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် သာသနာရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကိုယ်စားပြုရက်ကန်းစင်တော်များမှ ရက်လုပ်ပူဇော်ထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ကြသည်။ ထိုသို့ ပင့်ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ကြသည်။

ယင်းနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍ စုစည်းခြင်းများကိုဆောင်ရွက်ကြပြီး ရွှေကြာကလပ်တော်ပေါ်သို့ ပင့်ဆောင်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ရက်ကန်းအဖွဲ့ ၁၅ ဖွဲ့မှ ရက်လုပ်စပ်ချုပ်သီလွှမ်းထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်ကပ်ပူဇော်သည်။

ရွတ်ဆိုပွားများ ပူဇော်

ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများက နမောတဿအစချီ၍ ဘုရားဂုဏ်တော်၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိ၊ ပရိတ်၊ မေတ္တာ ပို့လင်္ကာများကို ရွတ်ဆိုပွားများ ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ကြပြီး သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့၍ ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီအချိန် အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်သည်။ မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ်နိုင်ငံအဝန်းအမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သော ခုနစ်ရက်သားသမီးများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်                                

No comments:

Post a Comment