Wednesday, November 25, 2026

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ပြုလုပ်

 



နေပြည်တော် နိုဝင်ဘာ ၂၄

တန်ဆောင်မုန်းလသည် လောကတစ်ခွင်ကြည်လင်ထွန်းပပြီး ဥတုသပ္ပာယမျှတသည့် မွေ့လျော်ဖွယ်ကောင်းသော လဖြစ်ပြီး ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားပြည်သူများ၏ ကောင်းမြတ်သော ယဉ်ကျေးမှုအစဉ်အလာကောင်းများဖြစ်သော ကထိန်သင်္ကန်း စုပေါင်းဆက်ကပ်လှူဒါန်းခြင်း၊ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးတန်ဆောင်များ ထွန်းညှိပူဇော်ခြင်း စသည့်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသော လမြတ်မင်္ဂလာအချိန်အခါကောင်းဖြစ်သည်။

တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ်ရဟန်းပြုရ အကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်လည်းဖြစ်ရာ အဆိုပါနေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူ၍ ကထိန်အလှူတော်မင်္ဂလာဆင်ယင်ခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း၊ မြတ်စွာဘုရားအား ရည်မှန်း၍ ဘုရား၊ စေတီပုထိုးများ၊ နေအိမ်များ၌ ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ကြသည်။

ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွှဲလျက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၌လည်း ယနေ့ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက စေတီတော်မြတ်အား ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိ ပူဇော်ခြင်းများဖြင့် တန်ဆောင်မုန်းလပြည့် (သာမည ဖလအခါတော်နေ့) တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။

အလားတူ တန်ဆောင်တိုင်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝင်းအတွင်း၌လည်းလမ်း၊ အဆောက်အအုံများ၊ ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ရှုမငြီးဖွယ်ပြုလုပ်ထားရှိပြီး ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ထားရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများက စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်၌ တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအပါအဝင် ဘုရား၊ စေတီပုထိုးများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများက တန်ဆောင်မုန်းလပြည့်အခါသမယ ဆီမီးများကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုခြင်းများဖြင့် ကုသိုလ်ယူကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်များ ပြုလုပ်ခြင်း၊ မီးပုံးများ လွှတ်တင်ခြင်း၊ ဈေးရောင်းပွဲတော်များ၊ နိဗ္ဗာန်ဈေးပွဲတော်များ၌ လည်ပတ်ကြည့်ရှုခြင်းတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ ဆင်နွှဲကြသည်။

အလားတူ တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများဖြင့် အထူးစည်ကားလျက်ရှိရာ အများပြည်သူများအနေဖြင့် တန်ဆောင်မုန်းလပြည့်နေ့အခါသမယကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment