Thursday, November 19, 2026

ဆီမီးအလင်း ပညာအဆင်းဖြင့် သာမညဖလအခါ သတိကပ်ရာ

ဒေါက်တာ မြတ်မိုး

မြန်မာ့ရာသီပွဲတော်များအနက် ထူးခြားသောလမြတ်တစ်ခုကို ပြပါဆိုလျှင် မိုးလေကင်းစင်ပြီး သာယာလှပသော တန်ဆောင်မုန်းလ၊ ရာသီဥတုကြည်လင်ရာ ဤအခါသမယကို ညွှန်းရပါလိမ့်မည်။ ကုသိုလ်ရေးနှင့်ယှဉ်သည့် မြန်မာ့ရိုးရာအစဉ်အလာကောင်းများ၊ မြင့်မြတ်သောဓလေ့ထုံးတမ်းများနှင့် ပြည့်နှက်နေသည့်အတွက် ဗုဒ္ဓဘာသာဝင်အပေါင်း သူတော်ကောင်းတို့ စိတ်နှလုံးချမ်းမြေ့ဖွယ်အတိ ရှိကြသည်။

အမှောင်မှသည် အလင်းသို့၊ အဝိဇ္ဇာမှသည် ပညာသို့အလင်းပေးရာ မီးထွန်းပွဲတော်ကြီးဆင်နွှဲ၍ ကုသိုလ်ယူကြသည်၊၊ ကထိန်သင်္ကန်း၊ မသိုးသင်္ကန်း ကပ်လှူပွဲများသည်လည်း အချိန်မဆိုင်းတစ်နှစ်မှ တစ်ခါယူရသည့် ကုသိုလ်ထူးများဖြစ်သည်။ မိမိပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို စွန့်လွှတ်ခြင်းသည်ပင် မိမိ၏တက်မက်တွယ်တာ လောဘစိတ်ကို စွန့်လှူခြင်းဖြစ်၍ ပညာဗုဒ္ဓဘာသာမည်ပါသည်။ ထိုခံယူချက်နှင့်အညီ ပညာနှင့်ယှဉ်သည့် ပံ့သကူအလှူကိုလည်း ဆင်နွှဲကြသည်။ ထို့ပြင် ကျီးမနိုးပွဲ၊ နိဗ္ဗာန် စျေးတို့ဖြင့် ဆေးပေါင်းခသည့် ညချမ်းရက်များကိုလည်း ကြုံကြရဦးမည်။ ထိုရက်ထိုညများတွင် အားလုံးမှာ ကုသိုလ်တွေရကြ၊ ပြုံးကြပျော်ကြ၊ စိတ်နှလုံးမွေ့လျော်ကြ၊ ကြည်နူးကြမည် အမှန်ပါ။

ဆရာတင်မှား၍ မိတ်ဆွေအစစ်အမှန် မဟုတ်သည်၏ အပြစ်ကား

တစ်ခုပါပဲ။ ယခုလို ကောင်းမြတ်သောအခါ ကာလတစ်ခုမှာ ပျော်ရွှင်မှုတို့နှင့်အတူ သတိသံဝေဂများ အလေးထားသတိထား၍ နှလုံးသွင်းဆင်ခြင်နိုင်လျှင် ပို၍သင့်လျော်မည်ထင်ပါသည်။ ပို၍လည်းမင်္ဂလာရှိပါမည်။ ဗုဒ္ဓဘာသာဝင်အားလုံး ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါသည်။ ဖခင်ကို သတ်မိအောင် စည်းရုံးခံရသူ အဇာတသတ်မင်းနှင့် ဘုရားကိုလုပ်ကြံ၊ သံဃာကိုသင်းကွဲလိုသူ ဒေဝဒတ်၊ မိတ်ဆွေယုတ် ဒေဝဒတ်၏စကားကို နားယောင်ပြီး ဆရာတင်မှားပေါင်းသင်းမိခြင်း၏အပြစ်၊ ထိုအပြစ်များ၏ အကျိုးကား အယူမှား၊ အသိမှား၊ အမြင်မှားခြင်းပင် ဖြစ်တော့သည်။

အသိမှားခြင်း၏နောက်ဝယ် အတ္တနှင့်လောဘကို အလွန်အကျူး ရှေ့တန်းတင်မိသည့်အခါ မိမိ၏ ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကိုပင် သတ်ပစ်ရက်လောက်အောင် ကျူးလွန်မိသည်၏အဖြစ်၊ ပြန်လည်ပြုပြင်၍မရ၊ အချိန်လွန်၊ နောင်တတရား၏ ပူဆွေးလောင်ကျွမ်းမှုများ၊ နှလုံးစိတ်ဝမ်းဆင်းရဲများ၍ ချောက်ချားမှုများဖြင့် အိပ်မပျော်သည့်ညများစွာကို အဇာတသတ်မင်းကြီးမှာ ဖြတ်သန်းခဲ့ရရှာသည်။

ဤသည်ပင် အကုသိုလ်တရား၏ ဆွေးမြည့်လောင်မြိုက်မှုလက္ခဏာ သံဝေဂတရားများ ဖြစ်ပါသည်။ မည်သည့်ဒုစရိုက်တရားဖြစ်စေ ကျူးလွန်မိလျှင် မည်သူမှပြေးမလွတ်ပါလား၊ ပစ္စုပ္ပန်သာမက သံသရာတစ်လျှောက် ငရဲရောက်ရသည့်သဘောကို ကျွန်တော်တို့အားလုံး ဆင်ခြင်ကြည့်ကြပါစို့လား။ ယခုလိုကာလမျိုးမှာ ပို၍လိုအပ်မည်ထင်ပါသည်။ ကမ္ဘာတစ်ဝန်း အတ္တများ၍ လောဘ၊ ဒေါသ၊ မောဟ အတက်ကြမ်းသည့် အခြေအနေမျိုးစုံမှာ အတတ်နိုင်ဆုံး ဆင်ခြင်နိုင်မှ တော်ကာကျပါမည်။ အကုသိုလ် ကံဆိုသည်မှာ အချိန်လွန်သွားလျှင် ပြန်ပြင်၍မရ၊ နှောင်းသွားပါသည်။ ထို့ကြောင့် ယခုလို အခါကို မင်္ဂလာယူ၍ မကောင်းမှုကိုဖျောက်ကာ ကောင်းမှုကိုတိုးပွားအားထုတ်ကြရပါမည်။ သို့မှသာ ဆင်းရဲပျောက်၍ ချမ်းသာရောက်မည် ဧကန်ဖြစ်ပါသည်။

အပြစ်ကြီးကျူးလွန်မိသော်လည်း ရတနာသုံးပါး အကျိုးကျေးဇူးများကား ရှိခဲ့သည်

နောက်ထပ်ရရှိသည့် အကျိုးတရားကား တန်ဆောင်မုန်းလပြည့်ညတွင် ဟောကြားသော မြတ်စွာဘုရား၏ တရားတော်ဖြစ်သည်။ နောင်တတရားတို့ဖြင့် ပူဆွေးသောကရောက်နေရရှာသော အဇာတသတ်မင်းကို ဟောကြားသော သာမညဖလ သုတ်တော်၊ (‘‘သာမည’’- ရဟန်းဖြစ်သည်၏၊ ‘‘ဖလ’’- အကျိုးဆက်) ဖြစ်သည်။ ရဟန်းပြုရခြင်း၏ အကျိုး‌ကျေးဇူးဟူ၍ အဓိပ္ပာယ်ရပါသည်။ မြတ်စွာဘုရားကို ချဉ်းကပ်ခွင့်ရအောင်၊ ဘုရားဟောကြားသော တရားတော်ကိုနာယူခွင့်ရအောင် ကူညီပံ့ပိုးပေးသူကား သမားတော်ကြီး ဆရာဇီဝကဖြစ်သည်။ ဆရာဇီဝကကား အဇာတသတ်မင်းတွင် ခံစားနေရသော စိတ်ကျဝေဒနာများ သက်သာပျောက်ကင်းပြီး ကောင်းရာလမ်းကြောင်းကို ညွှန်ပြပေးသည့် ကလျာဏမိတ်ဆွေပင်ဖြစ်သည်။ မြင့်မြတ်သော ရဟန်းပြုခြင်း၏ အကျိုးတရားများကို အဇာတသတ်မင်းကြီး နာယူခဲ့ရပါသည်။

ရဟန်းပြုခြင်း၏ အမြတ်ဆုံးဖြစ်သော ကိုယ်၊ နှုတ်၊ စိတ်တို့စောင့်ထိန်းရာ ကိုယ်ကျင့်သီလတရားနှင့် အားထုတ်ခွင့်ရသည့် ဘာဝနာတရားများသည်ကား မည်သည့်တရားနှင့်မှ နှိုင်း၍မရစကောင်းပါ။ ယခင်က ခံစားခွင့်မရခဲ့သော လပြည့်ည၏ အေးချမ်းသာယာမှုကိုခံစားပြီး တရားတော်ကို နာယူအပြီးမှာ အဇာတသတ်မင်း၏ အပူမီးများ ငြိမ်းအေးသွားရသည်။

လောကီစည်းစိမ်ကို မက်မောလွန်း၍ ပူလောင်ရသည့်အပူမီးကို မြတ်စွာဘုရား၏ မဂ်ဖိုလ်လမ်းပြ တရားဓမ္မနှင့်ယှဉ်သော စိတ်ငြိမ်းချမ်းမှုက အနိုင်ယူသွားခဲ့သည်ကို သတိပြုရပါမည်။ စျာန်သမာပတ် ဝိပဿနာကျင့်စဉ်များကိုအခြေခံ၍ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးပါးနှင့်အတူ စစ်မှန်သော ချမ်းသာအစစ်ကို သိရှိသွားခြင်းက ဗုဒ္ဓသာသနာကို အကြွင်းမဲ့သက်ဝင်ယုံကြည်သွားစေသည်။ ပညာနှင့်ယှဉ်သော သီလ၊ သမာဓိ၊ ပညာသိက္ခာများကို အဇာတသတ်၏ ရင်ထဲနှလုံးသားဝယ် စွဲမြဲသက်ဝင်သွားစေသည်။ အဇာတသတ်မင်းသည် မူလကတည်းက ပညာပါရမီရင့်သန်သူဖြစ်သည်။ ထို့ကြောင့်လည်း အယူအမှားနှင့် အယူမှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိခဲ့ပြီး ကျူးလွန်ခဲ့သည့်အပြစ်ကို အလွယ်တကူ ကုစားနိုင်ခဲ့ခြင်းဖြစ်သည်။

အကျိုးဆက်ကား ပထမသင်္ဂါယနာတင်ပွဲ၌ ဒါယကာတစ်ဦးအဖြစ် ခံယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ဓာတ်တော်၊ မွေတော်များကို ကိုယ်တိုင်စုဆောင်း၊ လက်ဆင့်ကမ်း၍ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်နိုင်ခဲ့သည်။ ဘုရားဟောပိဋကတ်တော်များကို မပျက်စီး၊ မပျောက်ပျက်စေဘဲ နောင်လာနောက်သားဗုဒ္ဓဘာသာဝင်များ အစဉ်အဆက် ထိန်းသိမ်းနိုင်သည်အထိ ကျေးဇူးပြုခဲ့သည်။ ထိုကုသိုလ်တရားများကပင် အဇာတသတ်ကို မဟာအဝီစိငရဲကျမည့်ဘေးမှ နှစ်ပေါင်းများစွာကို လျော့နည်းသွားစေသည်။

ပို၍သက်သာသော ကုမ္ဘီငရဲ၌သာ အနှစ်ခြောက်သောင်းနေပြီး ထိုငရဲမှ ကျွတ်သောအခါ နောင်တွင် ဝိဇိတာဝီအမည်ရ ပစ္စေကဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ အမှန်မှာ အဇာတသတ်မင်းအနေဖြင့် ဖခင်ကိုမသတ်မိခဲ့လျှင် ဤသုတ်တော်အဆုံးမှာပင် သောတာပန်ဖြစ်လိမ့်မည်ဟု မြတ်စွာဘုရားဟောကြားခဲ့ပါသည်။ မြတ်စွာဘုရား၏တရားကို နာယူရုံဖြင့်၊ နာယူရုံမက ကျင့်ကြံအားထုတ်ရုံမျှဖြင့် အဇာတသတ်မင်းမှာ ရလိုက်သည့်အကျိုးတရားများကို ဆင်ခြင်နိုင်ရန် ဖြစ်ပါသည်။ 

ထုတ်နုတ်ရယူရာ သင်ခန်းစာများ

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်အားလုံးသည် လမြတ်တန်ဆောင်၏ တကယ့်အနှစ်သာရကို ဖော်ထုတ်၍ နှလုံးသွင်းဆင်ခြင်ရန် ကြိုးစားကြရပါဦးမည်။ အပျော်အပါးသည် တစ်ခဏ၊ ဆင်းရဲခြင်းသည် ဘဝပေါင်းများစွာ ဖြစ်တတ်သည်။ ဘဝတွင် အချိန်ကုန်ဆုံးတာ မြန်သည်ဟု ဆင်ခြင်မိလျှင် ရနေသည့်အချိန် အခိုက်အတန့်လေးတွင် ရတနာသုံးပါးကို ကြည်ညိုလျက် အများအတွက် အကျိုးရှိအောင် ဘာလုပ်သင့်ကြပါသနည်း။

အရေးကြီးသည်မှာ ဆရာတင်မမှားမိရန်နှင့် မိတ်ဆွေစစ်နှင့် ပေါင်းသင်းရန်ပင် ဖြစ်ပါသည်။ အကျိုးပျက်ကြောင်း မြှောက်ပင့်သွေးခွဲတတ်သည့် မိတ်ဆွေတုများကိုရှောင်၍ မိမိနှင့်အများအကျိုး လိုလားသူ၊ မိတ်ဆွေကောင်းများကို ရှာဖွေရပါမည်။ ဗုဒ္ဓသာသနာအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူဖြစ်အောင် ကြိုးစားရပါမည်။ ဘုရားအဆုံးအမများကို အများသူငါ လက်ဆင့်ကမ်းလျက် ကိုယ်တိုင်ပင် အများအတွက် ကလျာဏ မိတ်ဆွေဖြစ်အောင် ကြိုးစားရပါမည်။

ဘာသာသာသနာကို စောင့်ရှောက်သူများလေ လောကကြီးလည်း ငြိမ်းချမ်းလေဖြစ်မည်မဟုတ် ပါလား။ အဇာတသတ်မင်းကြီး သူကိုယ်တိုင်ကျူးလွန်ခဲ့သော ပဉ္စာနန္တရိယကံကြီးကို ဘုရားရှင် ရှေ့မှောက်တွင် ဝန်ချတောင်းပန်နိုင်သကဲ့သို့ မိမိတို့တွင်လည်း အပြစ်ရှိပါက ဝန်ခံတောင်းပန်ရဲရပါမည်။ အမှားကိုဝန်ခံပြီး အမှန်ကိုပြုရဲသည့်သတ္တိ မွေးနိုင်ရပါမည်။ အမှားကို အမှားမှန်းသိသည့် ကုသိုလ်စိတ်သည် မိတ်ဆွေစစ်ကို ရရှိစေသည်။ ထိုအခါ မိတ်ဆွေစစ်တို့၏ နှုတ်ထွက်စကားဟူသည် တန်ဖိုးရှိသည့်အတွက် အမှားအမှန်ကို ဝေဖန်ပိုင်းခြားရန်၊ စကားလုံးတိုင်းကို ခွဲခြမ်းစိတ်ဖြာရန် မခဲယဉ်းတော့ပါ။

ယနေ့ခေတ်တွင် သံသရာအထိ နည်းလမ်းပြပေးတတ်သော ကလျာဏမိတ္တတို့က ရှားပါးလှပါသည်။ သို့ဖြစ်၍ မိတ်ဆွေတုကို ရှောင်ဖယ်၍ မိတ်ဆွေအစစ်ကို ရှာဖွေနိုင်စွမ်းသည် အရေးကြီးပါသည်။ အတွေးအခေါ်ကောင်းပြီး မှန်ကန်သောအမြင်ရှိသူများနှင့် ပေါင်းသင်းနိုင်မှသာ တိုးတက်မည်ဖြစ်သည်။ သူတို့ကြောင့် အမှားနှင့်အမှန်ကို ခွဲခြားသိမြင်ပြီးသကာလ မိမိတွင် လောဘနည်းလာမည်၊ ဒေါသပါးလာမည်၊ မောဟလျော့လာမည်ဆိုလျှင်၊ စွန့်လွှတ်မှု၊ စောင့်ထိန်းမှု၊ အားထုတ်မှုအားလုံး မိမိအတွက်သာမဟုတ် အများအတွက်ပါ ဖြစ်လာမည်ဆိုလျှင် လူ့အဖွဲ့အစည်းကြီးနှင့် လောကကြီးအတွက် ငြိမ်းချမ်းမှုဆီ အမှန်တကယ်ရှေးရှုနိုင်ပြီဟု ယုံကြည်နိုင်ပါပြီ။

အချုပ်အားဖြင့် အဇာတသတ်မင်းနှင့် ဒေဝဒတ်တို့က ပေးသောအသိများသည် မိမိတို့အတွက် ဘဝသင်ခန်းစာများပင်ဖြစ်သည်။ ပတ်ဝန်းကျင်ကောင်းမှာ ဆရာကောင်း၊ မိတ်ဆွေကောင်းကို ရွေးချယ်ပေါင်းသင်းတတ်ရန်နှင့် ကိုးကွယ်မှုမမှားရန် အရေးကြီးပုံကို မြတ်စွာဘုရား၏ သာမညဖလသုတ်တရားနှင့် အဇာတသတ်မင်း၏အဖြစ်က သာဓကပြခဲ့ပါပြီ။ ငြိမ်းချမ်းတည်ငြိမ်သည့် ပတ်ဝန်းကျင်နှင့်အတူ မိတ်ဆွေကောင်းများပေါများရာ အသိုင်းအဝန်းတွင် နေတတ်၊ ထိုင်တတ်သူများသာ ငြိမ်းချမ်းခြင်းနှင့်ထိုက်တန်သူများ ဖြစ်ပါသည်။

ထို့ထက် နက်ရှိုင်းစွာ မြင်တတ်ကြည့်တတ်လျှင် ဘာဆိုဘာမှ အမြဲမတည်၊ အစိုးမရ၊ အရာရာ ဖြစ်ပျက်၊ ဆင်းရဲချည်းသာ အခြေအနေများသာ တွေ့ရပါလိမ့်မည်။ ထို့ကြောင့် အခွင့်သင့်ခိုက်မှာ မိမိတို့ထွန်းညှိလိုက်သောဆီမီးဖြင့် ပြင်ပလောကကြီးကို အလင်းရောင်ပေးနိုင်အောင်အတူ ကြိုးစားကြည့်ရန် ဖိတ်ခေါ်မိပါသည်။ ကောင်းကင်ယံဆီ မိမိတို့လွှတ်တင်လိုက်သော မီးပုံးပျံအလင်းတန်းများသည် လူ့အဖွဲ့အစည်းကို ချမ်းသာပေးမည့်အလင်းတန်းများ ဖြစ်ပါစေဟူ၍လည်း ဆုတောင်းမိပါသည်။ ဤသည်ပင် လမြတ်တန်ဆောင်ကပေးသော ကုသိုလ်တရားများတိုးပွားရာ ပညာဟူသော ဓမ္မတရားများ ဖြစ်ပါတော့သည်။ ။

No comments:

Post a Comment