နေပြည်တော် နိုဝင်ဘာ ၁၈
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေး နှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ထိရောက်ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိရာ ဒေသအဆင့်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များကလည်း သက်ဆိုင်ရာဒေသအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်နေသူများ အခြေချနိုင်ခြင်းမရှိစေရေး ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်
(တောင်ပိုင်း) လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ကလိုအပ်သည့် ရှာဖွေစစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် လဲချားမြို့နယ် ဝမ်ဆန့်ကျေးရွာ၏
အရှေ့မြောက်ဘက် မီတာ ၃၄၀၀ ခန့်အကွာနေရာ၌ အလျားပေ ၇၀ ၊ အနံ ပေ ၂၀ ရှိ အလုပ်ရုံတွဲလျက်
ယာယီလူနေတဲ တစ်လုံးနှင့် အလျား ပေ ၂၀ ၊ အနံ ၁၅ ပေရှိ စားချက်ဆောင်တစ်လုံးတို့ကို တွေ့ရှိရပြီး
၎င်းတို့အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ရန် နိုင်ငံအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး
ရောက်ရှိနေသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးအား မောင်းပြန်သေနတ် သုံးလက်၊ ၎င်းကျည်အိမ်တစ်ခု၊
၎င်းကျည် ၁၅ တောင့်၊ လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် StarLink Gen3 နှစ်လုံး၊ All
in One Computer တစ်လုံး၊ ဖုန်းမျိုးစုံ ၃၇ လုံး၊ Router နှစ်ခု၊ Solar Battery တစ်ခုတို့နှင့်အတူ
ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့်
ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စစ်ဆေးမှုပြီးစီးပါက
တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သိမ်းဆည်းရမိသည့်
လုပ်ငန်းသုံးပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး
နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စုံစမ်းဖော်ထုတ်ကာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်



No comments:
Post a Comment