Sunday, November 29, 2026

ပါတီစုံဒီမိုကရေစီခိုင်မာစွာဖော်ဆောင် တရားမျှတသည့်ရွေးကောက်ပွဲကျင်းပ

 


မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အရေးအပါဆုံးဖြစ်သည့် ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်များတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ ပြီးခဲ့သည့်ကာလများအတွင်း ကြားဖြတ်ရွေးကောက်ပွဲများပါ ကျင်းပနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ခိုင်မာစွာဆောင်ရွက်နိုင်ပြီဟု ဆိုနိုင်သည်။ ရွေးကောက်ပွဲရလဒ်များအရ ယခုအခါ လွှတ်တော်သက်တမ်း စတုတ္ထအကြိမ်ရှိမည်ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် ဥပဒေနှင့်မညီဆောင်ရွက်ခဲ့မှုများကြောင့် တတိယအကြိမ်လွှတ်တော်အဖြစ် ကျင်းပဆောင်ရွက်လျက်ရှိသည်။

တတိယအကြိမ်ဒီမိုကရေစီသက်တမ်းကာလအတွင်း ဒီမိုကရေစီစနစ်နှင့်လျော်ညီစွာ ပီပီပြင်ပြင်ဆောင်ရွက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တတိယအကြိမ် ဒီမိုကရေစီသက်တမ်းတစ်နှစ်ပြည့်မြောက်သည့် ၂၀၂၇ ခုနှစ် ဧပြီလအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။ နိုဝင်ဘာ ၂၅ ရက်ကပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက “ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မြို့နယ်များအလိုက် မဲစာရင်းများမှန်ကန်စွာရရှိစေရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် တာဝန်ရှိသူများက အလေးထားပြီး ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်နှင့် အဓိကအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း” မှာကြားခဲ့သည်။

ရွေးကောက်ပွဲများကျင်းပပြုလုပ်ရာတွင် မဲစာရင်းများမှန်ကန်မှုရှိအောင်ဆောင်ရွက်ရေးနှင့် တရားမျှတမှုရှိစေရေးသည် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလက စနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် MEVM မဲပေးစက်များဖြင့် မှန်ကန်ကောင်းမွန်စွာ စနစ်တကျမဲပေးနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူမှုအရ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မမှန်မကန်ဆောင်ရွက်ထားမှုများကို တွေ့ရှိခဲ့ရသည်။

အဆိုပါအခြေအနေများအရ မဲစာရင်းများ မမှန်မကန်မဖြစ်စေရေးအတွက် စနစ်တကျဖျက်သိမ်းခြင်းနှင့် စာရင်းအမှန်အတည်ပြုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့် ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကျန်ရှိနေသော မြို့နယ် ၅၀ ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းမှုရှိစေရေး၊ တရားဥပဒေစိုးမိုးမှုရှိစေရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ရာ နယ်မြေဒေသအတော်များများ တည်ငြိမ်အေးချမ်းမှု ရှိလာပြီဖြစ်၍ ယခုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းဖြစ်ပြီး ကျန်ဒေသများတည်ငြိမ်မှုရှိစေရေးဆောင်ရွက်လျက်ရှိသည်။     

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၅၀ အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်၌ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းမှန်ကန်မှုရှိစေရန် မြေပြင်ကွင်းဆင်းဆောင်ရွက်၍ သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်လျက်ရှိသည်။ ကျန်ဒေသများတွင်လည်း မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိမည်ဖြစ်သည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲကာလက မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဆောင်ရွက်ပေးနိုင်မှုကြောင့် ဒေသအလိုက်ပြည်သူ့ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်နိုင်ခဲ့ပြီး ဒေသနှင့်ပြည်သူများ၏ လိုအပ်ချက်များနှင့် အကျိုးစီးပွားများကို လွှတ်တော်များတွင် မှန်မှန်ကန်ကန်ထုတ်ဖော်တင်ပြ၍ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးမူဝါဒနှင့် နိုင်ငံရေးမူဝါဒရည်မှန်းချက် နှစ်ရပ်ချမှတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးမူဝါဒတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာဖော်ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရေးဟူသည့် မူဝါဒနှစ်ရပ်ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုခိုင်မာစွာဖော်ဆောင်ရာတွင် ပြည်သူကရွေးချယ်တင်မြှောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲပေးရွေးချယ်မှုကြောင့် အစိုးရအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ပြီး အစိုးရအဖွဲ့နှင့်လွှတ်တော်ကိုယ်စားလှယ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ အစိုးရအဖွဲ့အနေဖြင့် ဖြတ်သန်းခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းဘဝအတွေ့အကြုံများ၊ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံအကျိုးအတွက် ဆုံးဖြတ်ချမှတ်ဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံအကျိုးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစိုးရအဖွဲ့ကို ရွေးချယ်တင်မြှောက်ပေးခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များအား ဆက်လက်၍ မှန်မှန် ကန်ကန် ရွေးချယ်ပေးနိုင်ရေးအတွက် တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကို အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။        ။

No comments:

Post a Comment