အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်ရန်နှင့် အဆုံးသတ်ရန် စုပေါင်းဆောင်ရွက်မှုများကို လှုံ့ဆော်ပေးသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုသည် နိုဝင်ဘာလ ၂၅ ရက် (အပြည်ပြည်ဆိုင်ရာအမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့)တွင် စတင်၍ ဒီဇင်ဘာလ ၁၀ ရက် (အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့)တွင်အဆုံးသတ်သော နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာလှုပ်ရှားမှုတစ်ခုဖြစ်သည်။ အဆိုပါလှုပ်ရှားမှုသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်ပြီး ပပျောက်စေရန်နှင့် ကျား/မတန်းတူညီမျှမှုကိုမြှင့်တင်ရန် စုပေါင်းအရေးယူဆောင်ရွက်မှုများကို နှိုးဆော်ခြင်းပင်ဖြစ်သည်။
ယခုနှစ်အတွက် သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာဆောင်ပုဒ်မှာ "UNITE to End Violence Against Women and Girls: Ensure Justice, Protect Survivors, End Impunity" “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး၊ တရားမျှတမှုဖြင့် ကာကွယ်ဖို့၊ ပြစ်ဒဏ်ကျေအေးခြင်းကို အဆုံးသတ်စို့” ဟူ၍ဖြစ်သည်။ အဆိုပါဆောင်ပုဒ်က အကြမ်းဖက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခြင်း၊ အကြမ်းဖက်ခံရသူများကို အကာအကွယ်ပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို လုံးဝသည်းခံခွင့်လွှတ်မှုမရှိရေးမူအရ ဥပဒေဖြင့်ထိရောက်ဟန့်တားသည့် ပြစ်ဒဏ်ခံစားစေခြင်းတို့ကို တစ်ပြိုင် တည်း အလေးထားဆောင်ရွက်ရန် တိုက်တွန်းထားခြင်းဖြစ်သည်။ ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာ အကြမ်းဖက်မှုများဖြစ်သည့် အွန်လိုင်းထိပါးနှောင့်ယှက်မှု၊ deepfakes နှင့် အမုန်းစကားများအပြင် စောင့်ကြည့်နောက်ယောင်ခံခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအထိ ကူးစက်လာနိုင်မှုများကိုတားဆီးရန်လည်း ရည်ရွယ်သည်။ ထို့အပြင် ပဋိပက္ခနှင့်အကျပ်အတည်းကာလများတွင်ပင် အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုကို လက်မခံရန်၊ အသက်ရှင်ကျန်ရစ်သူများကို ကာကွယ်ရန်နှင့်ပြစ်မှုကျူးလွန်သူများကို အရေးယူရန် အလေးပေးဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၃ ဦးလျှင် ၁ ဦးနှုန်း ခန့်မှန်းခြေအားဖြင့် သန်း ၈၄၀ ခန့်သည် ကိုယ်ထိလက်ရောက် သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကြုံတွေ့နေရသော်လည်း အများစုမှာ တရားမျှတမှုကိုမရရှိကြသည့်အခြေအနေတွင် ရှိနေကြသည်။ အကြမ်းဖက်ခံရသူများ၏ ၂၃ ရာခိုင်နှုန်းခန့်သာ အကူအညီတောင်းခံနိုင်ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များတွင် ဖော်ပြထားသည်။ ရန်ပုံငွေဖြတ်တောက်လျှော့ချခံရမှုများကြောင့် အကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများလျော့နည်းလာပြီး အမျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှုများ အားနည်းလာသည်။ အွန်လိုင်းမှတစ်ဆင့် ဒီဂျစ်တယ်အကြမ်းဖက်မှုနှင့် ပြင်ပလောကရှိအကြမ်းဖက်မှုများသည် တစ်ခုနှင့်တစ်ခုဆက်စပ်အားဖြည့်နေရာ နှစ်မျိုးစလုံးကို ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်။
ယခုနှစ်၏ ၁၆ ရက်တာလှုပ်ရှားမှုသည် အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် တရားမျှတမှုဖော်ဆောင်ပေးသည့်အနေဖြင့် ဥပဒေများရှိရုံမကဘဲ လက်တွေ့ထိရောက်စွာအကောင်အထည်ဖော်ရန်၊ အကြမ်းဖက်ခံရသူများ ဘေးကင်းလုံခြုံစွာတိုင်ကြားနိုင်မည့် လမ်းကြောင်းများနှင့် ကုန်ကျစရိတ်သက်သာပြီး လက်လှမ်းမီသော ဥပဒေရေးရာအထောက်အပံ့များ ဖန်တီးပေးရန်၊ အကြမ်းဖက်ခံရသူများကို ဗဟိုပြုသည့် (Survivor - centred) ချဉ်းကပ်မှုဖြင့် ၎င်းတို့၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်များကို ကာကွယ်ပေးရန်နှင့် ကျေးလက်ဒေသနေအမျိုးသမီးများ၊ မသန်စွမ်းသူများအပါအဝင် အမျိုးသမီးအားလုံးအကာအကွယ်ရရှိစေရန်၊ အကြမ်းဖက်ပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအရေးယူအပြစ်ပေးရန်နှင့် အကြမ်းဖက်မှုများကိုတားဆီးရန်ပျက်ကွက်ခဲ့သည့် အဖွဲ့အစည်းဆိုင်ရာအားနည်းချက်များကို တာဝန်ခံမှုရှိစေရန်ဟူသည့် အချက်များပေါ်တွင် အခြေခံထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံအတွင်းတွင်ရှိသည့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနှင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံနှင့်အကြမ်းဖက်မှုမှကင်းဝေးစေရေးအတွက် ကုလသမဂ္ဂကချမှတ်ထားသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များ၊ အာဆီယံအမျိုးသမီးရေးရာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည်နှင့်အညီ အမျိုးသမီးများကို အကြမ်းဖက်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး၊ အကြမ်းဖက်မှုကျူးလွန်ခံရသည့် အမျိုးသမီးများကို အကာအကွယ်ပေးရေးနှင့် အကြမ်းဖက်မှုကျူးလွန်သူအား ထိရောက်စွာအရေးယူအပြစ်ပေးရေးတို့ကို အလေးဂရုပြုဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment