နေပြည်တော် နိုဝင်ဘာ ၂၈
(၁၁)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS) ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။
အဆိုပါအစည်းအဝေးသို့ (၁၁)ကြိမ်မြောက်ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ(ACMECS) အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ACMECS အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအကြီးအကဲများဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်နှင့် ACMECS အဖွဲ့ ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ACMECS အလှည့်ကျ ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့တွေ့ဆုံဆွေးနွေးမှုသည် ACMECS ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက် မှတစ်ဆင့် မိမိတို့အနေဖြင့် အတူတကွကြိုးပမ်းရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို ပြန်လည်သုံးသပ်ရေး၊ မိမိတို့ဒေသခွဲအတွက် မဟာဗျူဟာကျသည့် ဦးစားပေးအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ရေး၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးနှင့် ခိုင်မာအားကောင်း၍ ခေတ်မီပြီးရေရှည်တည်တံ့သည့် ACMECS အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကိုရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း။
ယနေ့ မိမိတို့တွေ့ဆုံကြသည့်အချိန်သည် ကမ္ဘာတစ်ဝန်းစိန်ခေါ်မှုများရှုပ်ထွေးများပြားလျက်ရှိပြီး ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်သည့်အနေအထားဖြစ်သည့်အပြင် နည်းပညာများတစ်ရှိန်ထိုးတိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတစ်ခုလည်းဖြစ်ကြောင်း၊ ထိုသို့လက်တွေ့ရင်ဆိုင်နေရသည့်အခြေအနေသည် မိမိတို့ဒေသအတွင်း ပိုမိုခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုပြသကြရန် သတိပေးနေခြင်း ဖြစ်ကြောင်း။
ယခုကဲ့သို့ အရေးကြီးသည့်လိုအပ်ချက်ကို ရှေးရှုပြီး မြန်မာနိုင်ငံ၏ ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသတည်ဆောက်စို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ ဆောင်ပုဒ်ခေါင်းစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှုစီးပွားသာယာဝပြောရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် နည်းပညာမြင့်မားရေးတို့ကို ဒွန်တွဲဖော်ဆောင်သွားရန်ဆိုသည့် မိမိတို့၏ဘုံမျှော်မှန်းချက်ကို ထင်ဟပ်ဖော်ပြခြင်းဖြစ်ကြောင်း။
မိမိတို့၏ မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ဆိုပါက အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အရင်းအမြစ်ရှာဖွေစုဆောင်းခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းများမှတစ်ဆင့် ACMECS ၏ အဓိကကျသည့် ယန္တရားများကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုတာကာလအတွင်း ACMECS သည် ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှုနှင့် ဒီဂျစ်တယ်နည်းပညာချိတ်ဆက်မှုကို မြှင့်တင်ပေးခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေခြင်း၊ ဒေသခွဲအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ခြင်းတို့ဖြင့် ဒေသခွဲတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်မောင်းနှင်အားတစ်ခုအဖြစ် သက်သေထူနိုင်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
ထို့အပြင် ACMECS သည် ဒေသခွဲဆိုင်ရာအခင်းအကျင်း၏ ဗဟိုချက်မအဖြစ် ရပ်တည်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားကို ဖော်ဆောင်ပေးသည့်အပြင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာမူဘောင်အတွင်း၊ အထူးသဖြင့် ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံရပ်တည်ချက်နှင့် ညီညွတ်သည့်အသံကို ဖော်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ဒေသခွဲဆိုင်ရာ ယန္တရားတစ်ခုဖြစ်သည်ကို မိမိတို့အနေဖြင့် မီးမောင်းထိုးပြလိုကြောင်း၊ ထို့အပြင် ACMECS သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအပြင် အဆိုပါဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံဒေသတွင်း ပေါင်းစည်းရေးတို့အကြား ချိတ်ဆက်မှုကိုလည်း ပိုမိုခိုင်မာစေပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းစဉ်အပါအဝင် ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ် တည်ရှိမှုတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးအပါအဝင် ရည်မှန်းချက်တူညီသည့် မိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အပြည့်အဝကတိကဝတ်ပြု သန္နိဋ္ဌာန်ချမှတ်ထားရှိကြောင်း၊ မိမိတို့အားလုံး အတူတကွလက်တွဲဆောင်ရွက်ကြမည်ဆိုပါက ဘုံရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်ရန်နှင့် ပိုမိုအားကောင်းသည့် အရှိန်အဟုန်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟု မိမိအနေဖြင့်မျှော်လင့်ကြောင်း ပြောကြား သည်။
ထို့နောက် (၁၁)ကြိမ်မြောက်ဧရာဝတီ-ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး ဘာသာရပ်အစီအစဉ်အား အတည်ပြုကြသည်။
ဆက်လက်၍ “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသတည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ACMECS ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို ACMECS အဖွဲ့ ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အကြီးအကဲများဖြစ်ကြသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့က မိန့်ခွန်းများ အလှည့်ကျပြောကြား ကြသည်။
ယင်းနောက် အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပုဂံမြို့တွင်တွေ့ဆုံပြီး ပုဂံကြေညာစာတမ်းကို ထုတ်ပြန်ကြေညာပြီး ACMECS ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို စတင်ခဲ့ကြောင်း၊ များမကြာမီတွင် ဗီယက်နမ်နိုင်ငံသည် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ACMECS ကို ပူးပေါင်းပါဝင် အားဖြည့်ခဲ့ကြောင်း။
ACMECS စတင်ဖွဲ့စည်းခဲ့ပြီးနောက် ပြီးခဲ့သည့် ဆယ်စုနှစ်နှစ်ခုတာ ကျော်လွန်သည့်ကာလအတွင်း မိမိတို့၏ဒေသတွင် ကြီးမားသည့်ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော် ပုဂံကြေညာစာတမ်းပါ အခြေခံစံနှုန်းများနှင့် စိတ်ဓာတ်များသည် ယနေ့တိုင် ခေတ်နှင့်လျော်ညီနေဆဲပင်ဖြစ်ကြောင်း၊ အဆိုပါ ဘုံမျှော်မှန်းချက်များကို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပေးခြင်းအားဖြင့် အဆိုပါစိတ်ဓာတ်ကို ဆက်လက်လက်ဆင့်ကမ်း သယ်ဆောင်သွားရမည်ဖြစ်ကြောင်း။
အကြားအလပ်မရှိ ချိတ်ဆက်မှု၊ ထပ်တူကျသော ACMECS စီးပွားရေးနှင့် ခေတ်မီပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS စသည့်မဏ္ဍိုင် (၃) ရပ်အောက်တွင်ရှိသည့် ပူးပေါင်းညှိနှိုင်းရေး ကော်မတီများအနေဖြင့် သက်ဆိုင်ရာအစည်းအဝေးများကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းအပါအဝင် တိုးတက်မှုများဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။
ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့်ခေတ်မီပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဖြစ်လာစေရေး မျှော်မှန်းချက်ကိုမြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထားလျက်ရှိကြောင်း၊ အဆိုပါမျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချက်(၃)ချက်ကို တင်ပြဆွေးနွေးလိုကြောင်း။
ပထမအချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် e-commerce platform တည်ထောင်ရန် အကြံပြုလိုကြောင်း၊ ယင်းသို့ တည်ထောင်ခြင်းအားဖြင့် ဒေသတွင်းထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက်ကို စုပေါင်းအားဖြင့် ပူးပေါင်းမြှင့်တင်ပြီး ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသိပညာဗဟုသုတမျှဝေခြင်း၊ နည်းပညာဆိုင်ရာအကူအညီပေးခြင်း၊ စံချိန်စံညွှန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဈေးကွက်ဝင်ရောက်မှုရရှိခြင်းတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့သည် ဒေသတစ်ခုလုံး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။
MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းတွင် ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း ခန့်နှင့် အလုပ်အကိုင်ရရှိမှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကြောင်း၊ MSME လုပ်ငန်းများ၏ မဟာဗျူဟာမြောက်အရေးပါမှုကို အသိအမှတ်ပြုရင်း မြန်မာနိုင်ငံအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (One Region, One Product - OROP) အစီအစဉ်ကို အကောင်အထည်ဖော်ခြင်းအပါအဝင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (OROP) အစီအစဉ်ကို ထိုင်းနိုင်ငံ၏ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (OTOP) အစီအစဉ်နှင့် ဗီယက်နမ်နိုင်ငံ၏ “ကျေးရွာတစ်ခု ထုတ်ကုန်တစ်ခု” (OCOP) အစီအစဉ်အပါအဝင် ဒေသခွဲအတွင်းရှိ အခြားသော အလားတူအစီအစဉ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါအစီအစဉ်များကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ဒေသတွင်းကုန်သွယ်မှုတွင် MSME စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းပါဝင်လာရေးကို မြှင့်တင်ပေးနိုင်မည့် လက်တွေ့ကျသည့်နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း။
ဒုတိယအချက်အနေဖြင့် ခေတ်မီပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ACMECS ဖြစ်လာစေရေး အတွက် စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်ဖူလုံရေးကို အလေးပေးရန် တိုက်တွန်းလိုကြောင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်ဖူလုံရေးသည် အပြန်အလှန်ဆက်နွှယ်လျက်ရှိပြီး မိမိတို့နိုင်ငံများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဒေသတွင်းတည်ငြိမ်ရေးနှင့်ပြည်သူများ၏ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်လိုအပ်လာကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို မည်သည့်နိုင်ငံကမှ တစ်နိုင်ငံတည်း ချဉ်းကပ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် စုပေါင်းကြံ့ကြံ့ခံနိုင်စွမ်းအတွက် လက်တွေ့ကျသည့် ပလက်ဖောင်းတစ်ခုအဖြစ် ACMECS ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာ၊ နည်းပညာနှင့်အလေ့အထကောင်းများကို မျှဝေခြင်းအပါအဝင် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို အားကောင်းစေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးစနစ်များနှင့် ခေတ်မီနည်းပညာနှင့် စိုက်ပျိုးရေးကိုမြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် ယင်းနှင့်ဆက်နွှယ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုများကို ဖြေရှင်းရေးတို့အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲခြင်းနှင့် သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက် သွားရန် တိုက်တွန်းလိုကြောင်း။
ယင်းသို့ အကောင်အထည်ဖော်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရင်း ACMECS နှင့် အခြားသောသက်ဆိုင်ရာ ဒေသတွင်း၊ ဒေသခွဲပူးပေါင်းဆောင်ရွက်ရေး မူဘောင်များအကြား ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း။
တတိယအချက်အနေဖြင့် အခြေခံအဆောက်အအုံများ ချိတ်ဆက်မှု၊ ဒီဂျစ်တယ်နည်းပညာများဖြင့် ချိတ်ဆက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာ ချိတ်ဆက်မှု(၃)ခုကို ခိုင်မာအားကောင်းအောင်ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ချိတ်ဆက်မှုသာမက ဒီဂျစ်တယ်ကွန်ရက်ချိတ်ဆက်မှု၊ အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကို ဖြေရှင်းပေးခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတို့တွင် မရှိမဖြစ်လိုအပ်ပြီး စစ်မှန်သည့် ဒေသတွင်းချိတ်ဆက်မှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။
အဖွဲ့အစည်းဆိုင်ရာအဆင့်တွင် ဆက်လက် ဆောင်ရွက်သွားမည့် ACMECS ပင်မစီမံချက် ရေးဆွဲရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံအဖြစ် အချိန်မီ အပြီးသတ်အတည်ပြုချမှတ်သွားနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ ACMECS ပင်မစီမံချက်အသစ်သည် ပေါ်ပေါက်လာသည့်စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရန်နှင့် မိမိတို့၏ ဒေသတွင်း ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည်ဖြစ်ကြောင်း။
မိမိတို့အနေဖြင့် ACMECS ယာယီအတွင်းရေးမှူးရုံးကို အားကောင်းစေရေးအတွက် ကြိုးပမ်းမှုများကိုလည်း ထောက်ခံပြီး အက်ခ်မက် ဦးစားပေးစီမံကိန်းများစာရင်းကို ပြန်လည်သုံးသပ်ပြင်ဆင်မွမ်းမံရန် အကြံပြုချက်ကိုကြိုဆိုကြောင်း၊ အဆိုပါအချက်များသည် အဖွဲ့အစည်းဆိုင်ရာထိရောက်မှုကို မြှင့်တင်ရာတွင်လည်း အရေးပါခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်“ACMECS ဦးစား ပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်”ကို ACMECS အရာရှိကြီးများအစည်းအဝေးမှ ထောက်ခံခဲ့ခြင်းနှင့် ယခုထိပ်သီးအစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်မှုအပေါ် နိုင်ငံခေါင်းဆောင်များ၏ အပြည့်အဝထောက်ခံမှုကို ကြိုဆိုကြောင်း။
မိမိတို့၏ ဘုံမျှော်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ခိုင်မာသည့် နိုင်ငံရေးကတိကဝတ်နှင့် စနစ်ကျသည့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများသာမက လုံလောက်၍ မှန်းဆတွက်ချက်နိုင်ပြီး ရေရှည်တည်တံ့သည့် ဘဏ္ဍာရေးအထောက်အပံ့များလည်းလိုအပ်ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် အရင်းအမြစ်များကိုစုစည်းပြီး ဦးစားပေးစီမံကိန်းများ အကောင်အထည်ဖော်မှုကို ပံ့ပိုးရန်အတွက် အရေးပါသောယန္တရားတစ်ခုဖြစ်သည့် ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေ (ACMDF) ထူထောင်ရေးကို အထူးအလေးထားလျက်ရှိကြောင်း၊ ရန်ပုံငွေထူထောင်ရေးလုပ်ငန်းစဉ်များကို တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အက်ခ်မက်ဘဏ္ဍာရေးဆိုင်ရာအရာရှိကြီးများ အစည်းအဝေး၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေကို အမြန်ဆုံးထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုး တိုးတက်မှုမိတ်ဖက်များအနေဖြင့်လည်း ထည့်ဝင်မှုများနှင့် ပံ့ပိုးကူညီမှုများကို ဆက်လက်ပြုလုပ်သွား ကြရန်လည်း တိုက်တွန်းအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးတွင်ထုတ်ပြန်မည့် (၁၁)ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS)၏ နေပြည်တော်ကြေညာစာတမ်းနှင့် ACMECS ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့အား အတည်ပြုကြသည်။
ယင်းနောက် အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် တန်ဖိုးရှိသည့် အကြံဉာဏ်များနှင့်အမြင်များကိုဖလှယ်ကြရင်း တက်တက်ကြွကြွပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ အားလုံးကို မိမိအနေဖြင့်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ACMECS အလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်အတွင်း၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ ချိတ်ဆက်မှုပိုမိုအားကောင်းရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်နိုင်ရေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုအသစ်များကြားတွင် ကြံ့ကြံ့ခံနိုင်မှုရှိရေးတို့အတွက် နည်းလမ်းများကြိုးပမ်းရှာဖွေခဲ့ကြောင်း။
မိမိတို့ရှေ့တွင် အခက်အခဲစိန်ခေါ်မှုများရှိနေလင့်ကစား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားကြမည်ဆိုသည့် ခိုင်မာသောဆုံးဖြတ် ချက်တစ်ခုရှိနေသည်ကို ယနေ့ထိပ်သီးအစည်းအဝေး၏ ဆွေးနွေးမှုများက သက်သေပြခဲ့ကြောင်း၊ ACMECS ၏ အောင်မြင်မှုသည် မိမိတို့မည်သည်ကို ဆုံးဖြတ်ချက်ချလဲဆိုသည့် အချက်အပေါ်မှာပင် မူတည်နေခြင်းမဟုတ်ကြောင်း၊ ယခုဆုံးဖြတ်ချက်များကို လက်တွေ့ မည်သို့အကောင်အထည်ဖော်သလဲဆိုသည့် မိမိတို့၏စွမ်းဆောင်မှုအပေါ်တွင်ပါ မူတည်နေကြောင်း။
မိမိတို့အနေဖြင့် အက်ခ်မက်ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုကို ပြန်လည်သုံးသပ်ပြီး ပိုမိုတောက်ပသည့် အနာဂတ်ဆီသို့မျှော်မှန်းရာတွင် ပုဂံကြေညာစာတမ်း၏ မျှော်မှန်းချက်နှင့် စိတ်ဓာတ်ကို လမ်းညွှန်ချက်အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ရှေ့မှောက်တွင် ကြီးမားသည့်စိန်ခေါ်မှုများရှိနေသကဲ့သို့ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်ယုံကြည်မှုနှင့် အားလုံးပူးပေါင်း ဆောင်ရွက်မှုတို့မှတစ်ဆင့် ဖန်တီးနိုင်မည့် အခွင့်အလမ်းများလည်း များစွာရှိနေကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အက်ခ်မက်၏ ဘုံဦးစားပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မိတ်ဖက်ပြုပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန်နှင့် ပိုမိုချိတ်ဆက်မှုရှိကာ ကြံ့ကြံ့ခံနိုင်ပြီး စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒေသခွဲတစ်ခုကို တည်ဆောက်ရန်အတွက် အက်ခ်မက်အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း၊ ထို့ကြောင့် ယနေ့ဖော်ဆောင်နေသည့် သာယာဝပြောမှုနှင့် တိုးတက်မှုများသည် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ပိုမိုခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာစေရေး အတူတကွလက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အလှည့်ကျဥက္ကဋ္ဌ တာဝန်အား ထိုင်းနိုင်ငံဝန်ကြီးချုပ်မစ္စတာ အနုထင် ချာဝီရကွန်ထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ACMECS အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းမှုကိုလက်ခံသည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း မိန့်ခွန်း များပြောကြားကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments:
Post a Comment