သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍသည် တိုင်းပြည်သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးတို့တွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြေနှင့်ရေအခြေအနေပေါ်မူတည်၍ စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ ပြောင်း၊ ဝါနှင့် ကြံစသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြသည်။ သို့သော် မြန်မာ့စိုက်ပျိုးရေးသည် ရာသီဥတုအပေါ် များစွာမှီခိုနေရသည့်အတွက် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုသို့သော ရာသီဥတုဆိုင်ရာဖြစ်စဉ်များအနက် အယ်လ်နီညိုသည် မြန်မာ့စိုက်ပျိုးရေးအပေါ် သိသာထင်ရှားသော သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။
အယ်လ်နီညိုဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့်အရှေ့ပိုင်း အီကွေတာဒေသရှိ ပင်လယ်ရေမျက်နှာပြင်အပူချိန် ပုံမှန်ထက်မြင့်တက်လာခြင်းနှင့် ဆက်စပ်သည့် သဘာဝရာသီဥတု ဖြစ်စဉ်တစ်ခုဖြစ်သည်။ အယ်လ်နီညိုဖြစ်ပေါ်လာသည့်အခါ ကမ္ဘာ့လေထုလည်ပတ်မှုပုံစံနှင့် မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲလာနိုင်သည်။ အချို့ဒေသများတွင် မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်းများ ဖြစ်ပေါ်နိုင်သကဲ့သို့ အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းများလည်း ဖြစ်ပေါ်နိုင်သည်။
မြန်မာ့စိုက်ပျိုးရေးအပေါ် အယ်လ်နီညို၏ သက်ရောက်နိုင်မှုများ
မိုးရွာသွန်းမှုလျော့နည်းခြင်း - အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် မိုးရွာသွန်းမှု ပုံမှန်ထက်လျော့နည်းလာနိုင်သည်။ အထူးသဖြင့် စိုက်ပျိုးမြေဧရိယာပေါများပြီး စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အများအပြားစိုက်ပျိုးသည့် မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတည်ရှိသည့် အလယ်ပိုင်းမိုးနည်းရပ်ဝန်းသည် မိုးခေါင်ရေရှားမှုဒဏ်ကို ပိုမိုခံစားရနိုင်သည်။ မိုးရွာသွန်းမှုလျော့နည်းလာပါက မြေဆီလွှာအတွင်း အစိုဓာတ်လျော့နည်းလာပြီးသီးနှံများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရန် အခက်အခဲဖြစ်ပေါ်စေသည်။ ထို့အပြင် စိုက်ပျိုးရေရရှိမှုလည်း လျော့နည်းလာနိုင်သည်။
စပါးစိုက်ပျိုးရေးအပေါ်သက်ရောက်မှု - မြန်မာနိုင်ငံ၏ အဓိကစားနပ်ရိက္ခာသီးနှံမှာ စပါးဖြစ်သည်။ စပါးစိုက်ပျိုးရေးသည် မိုးရေနှင့်ဆည်ရေကို အဓိကအားထားရသဖြင့် အယ်လ်နီညိုကြောင့် မိုးနည်းခြင်းနှင့် အပူချိန်မြင့်တက်ခြင်းတို့ ဖြစ်ပေါ်ပါက စပါးပင်များ၏ ကြီးထွားမှုကို ထိခိုက်စေနိုင်သည်။ အထူးသဖြင့် စပါးပွင့်ချိန်နှင့် အနှံအောင်ချိန်တို့တွင် အပူချိန်မြင့်တက်ပါက အစေ့အောင်မြင်မှု လျော့နည်းပြီး အထွက်နှုန်းကျဆင်းနိုင်သည်။ ထို့ကြောင့် တောင်သူများ၏ ဝင်ငွေကို ထိခိုက်စေသကဲ့သို့ စပါးအခြေပြု ဆက်စပ်လုပ်ငန်းများ၏ ဝင်ငွေကိုလည်း ကျဆင်းစေနိုင်သည်။
ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပေါ် သက်ရောက်မှု - မြန်မာနိုင်ငံတွင် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ နှမ်းနှင့်မြေပဲတို့ကို အများအပြားစိုက်ပျိုးကြသည်။ အယ်လ်နီညိုကြောင့် မိုးရွာသွန်းမှုမမှန်ခြင်းနှင့် မြေအစိုဓာတ်လျော့နည်းခြင်းတို့ဖြစ်ပေါ်ပါက အပင်များ၏ကြီးထွားမှုကိုထိခိုက်စေပြီး အထွက်နှုန်းလျော့ကျနိုင်သည်။ အထူးသဖြင့် မိုးရေကို အခြေပြုစိုက်ပျိုးရသော သီးနှံများအပေါ် သက်ရောက်မှုကြီးမားနိုင်ပါသည်။
ရေအရင်းအမြစ်များလျော့နည်းခြင်း - အယ်လ်နီညိုဖြစ်စဉ်၏ အရေးကြီးသော သက်ရောက်မှုတစ်ခုမှာ ရေအရင်းအမြစ်များ လျော့နည်းလာနိုင်ခြင်းဖြစ်သည်။ မြစ်ချောင်းများ၊ ဆည်များ၊ ရေတွင်းရေကန်များနှင့် မြေအောက်ရေများ၏ ရေပမာဏလျော့နည်းလာပါက စိုက်ပျိုးရေရရှိမှု အခက်အခဲဖြစ်ပေါ်စေနိုင်သကဲ့သို့ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင်လည်း ရေရှားပါးမှုပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
တောင်သူများ၏ စီးပွားရေးနှင့် လူမှုဘဝအပေါ်သက်ရောက်မှု - စိုက်ပျိုးရေးကုန်ကျစရိတ် မြင့်တက်နေချိန်တွင် သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ သီးနှံပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ပါက တောင်သူများအနေဖြင့် ဝင်ငွေလျော့နည်းပြီး အကြွေးပြဿနာ၊ မိသားစုစားဝတ်နေရေး အခက်အခဲများကြုံတွေ့နိုင်သည်။ လူအများအပြားကိုလည်း အလုပ်အကိုင်ရှားပါးမှု ဖြစ်ပေါ်စေနိုင်သည်။ ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာလေ့လာချက်အရ ၂၀၁၆ ခုနှစ် အယ်လ်နီညိုကာလတွင် ကျေးရွာပေါင်း ၁၇၀၀ ခန့်၌ ရေရှားပါးမှုများဖြစ်ပေါ်ခဲ့ပြီး အလယ်ပိုင်း မိုးနည်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသရှိစိုက်ပျိုးမြေများလည်း ထိခိုက်ခဲ့ကြောင်းဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။
စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအပေါ် သက်ရောက်မှု - သီးနှံအထွက်နှုန်း ကျဆင်းလာခြင်းသည် စားနပ်ရိက္ခာရရှိမှုကို လျော့နည်းစေနိုင်သည်။ ထို့အပြင် စိုက်ပျိုးရေးထုတ်လုပ်မှု လျော့နည်းခြင်းကြောင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာနိုင်သည်။ အထူးသဖြင့် ဆင်းရဲနွမ်းပါးသော ပြည်သူများနှင့် စိုက်ပျိုးရေးကို အဓိက မှီခိုနေရသော မိသားစုများအပေါ် ပိုမိုထိခိုက်စေနိုင်သည်။
အယ်လ်နီညိုဒဏ်ကို လျှော့ချနိုင်မည့် နည်းလမ်းများ
မြန်မာ့စိုက်ပျိုးရေးကဏ္ဍတွင် အယ်လ်နီညို၏သက်ရောက်မှုကိုလျှော့ချနိုင်ရန် အောက်ပါနည်းလမ်းများကို အလေးထားဆောင်ရွက်သင့်သည်။
မိုးရေသိုလှောင်ကန်များတည်ဆောက်ခြင်း၊ ဆည်ရေနှင့်မြေအောက်ရေကို အကျိုးရှိစွာ အသုံးပြုခြင်း၊ ရေချွေတာနိုင်သော စိုက်ပျိုးနည်းစနစ်များအသုံးပြုခြင်း၊ ရေယိုစိမ့်မှုနှင့် ရေဆုံးရှုံးမှုများကို လျှော့ချခြင်းတို့ဖြင့် ရေကိုစနစ်တကျ စီမံခန့်ခွဲသင့်သည်။
မိုးခေါင်မှုဒဏ်၊ အပူဒဏ်နှင့်ရေရှားပါးမှုဒဏ်ခံနိုင်သော သီးနှံမျိုးများကို သုတေသနပြုရွေးချယ်ပြီး ရာသီဥတုဒဏ်ခံနိုင်သော မျိုးစေ့များကို တောင်သူများအသုံးပြုနိုင်ရန် ဖြန့်ဝေပေးသင့်သည်။
မိုးလေဝသခန့်မှန်းချက်များကိုအခြေခံ၍ သီးနှံစိုက်ပျိုးချိန်နှင့် ရိတ်သိမ်းချိန်များကို သင့်လျော်စွာ ပြင်ဆင်သတ်မှတ်ပြီး စိုက်ပျိုးချိန်ကို ပြောင်းလဲစီမံသင့်သည်။
သီးနှံတစ်မျိုးတည်းကိုသာ အားထားခြင်းထက် ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဒေသနှင့်ကိုက်ညီသော သီးနှံများကိုရောနှောစိုက်ပျိုးခြင်း စသည့်သီးနှံမျိုးစုံစိုက်ပျိုးခြင်း နည်းလမ်းများဖြင့် စိုက်ပျိုးရေးအပေါ် ကျရောက်နိုင်သည့် အန္တရာယ်ကိုလျှော့ချသင့်သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များကို အချိန်မီရရှိစေရန် ဆောင်ရွက်သည့်အပြင် စိုက်ပျိုးရေးပညာရှင်များက တောင်သူများကို ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးနည်းစနစ်များ သင်ကြားပေးသင့်သည်။
FAO ၏ ရာသီဥတုနှင့် လိုက်လျောညီထွေသော စိုက်ပျိုးရေးလမ်းညွှန်တွင်လည်း ရေစီမံခန့်ခွဲမှု၊ သီးနှံမျိုးစေ့ရွေးချယ်မှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းလမ်းများ၏ အရေးပါမှုကို ဖော်ပြထားသည်။
ပူးပေါင်းဆောင်ရွက်ခြင်း
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူများ၏ စားဝတ်နေရေးအတွက် အလွန်အရေးပါသော ကဏ္ဍဖြစ်သည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်သည် မိုးရွာသွန်းမှု၊ အပူချိန်၊ ရေအရင်းအမြစ်နှင့် သီးနှံအထွက်နှုန်းတို့အပေါ် သက်ရောက်မှုရှိနိုင်သဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လိုအပ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့အစည်းများ၊ စိုက်ပျိုးရေးပညာရှင်များ၊ သုတေသနအဖွဲ့အစည်းများနှင့် တောင်သူလယ်သမားများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရေအရင်းအမြစ်များကို ထိရောက်စွာအသုံးချခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သော သီးနှံမျိုးများ အသုံးပြုခြင်းနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်တွေ့အသုံးချခြင်းတို့ဖြင့် အယ်လ်နီညိုသက်ရောက်မှု၏ ဆိုးကျိုးများကို လျှော့ချနိုင်မည်ဖြစ်သည်။
ရာသီဥတုပြောင်းလဲမှုနှင့် အယ်လ်နီညိုဖြစ်စဉ်များကို ရင်ဆိုင်နိုင်သော စိုက်ပျိုးရေးစနစ်တစ်ခု တည်ဆောက်နိုင်ပါက မြန်မာ့စိုက်ပျိုးရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏စားနပ်ရိက္ခာ ဖူလုံရေးကို အထောက်အပံ့ကောင်းဖြစ်ပေါ်စေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
No comments:
Post a Comment