ဆိုးလ် နိုဝင်ဘာ ၂၄
ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ COEX ပြပွဲခန်းမ၌ ၂၀၂၇ ခုနှစ် ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိ ကျင်းပသွားမည့် Coffee Expo Seoul 2027 တွင် မြန်မာနိုင်ငံကို တရားဝင်ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံ (Official Guest Country of Honor)အဖြစ် ရွေးချယ်ကြောင်း ပြပွဲကျင်းပရေးအဖွဲ့က နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာသံရုံး ဆိုးလ်မြို့သို့ တရားဝင်အကြောင်းကြားလာကြောင်း အဆိုပါသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ထူးခြားထင်ရှားခဲ့
ယင်းထုတ်ပြန်ချက်၌ Coffee Expo Seoul 2027 Secretariat ၏ အကြောင်းကြားစာတွင်
မြန်မာနိုင်ငံ၏ အဆိုပြုလွှာသည် မြန်မာ့ကော်ဖီယဉ်ကျေးမှုကို
မြှင့်တင်ဖော်ထုတ်ရန်နှင့် ကိုရီးယားနိုင်ငံတွင် စီးပွားရေးမိတ်ဖက်ဆက်ဆံမှုအသစ်များ
တည်ဆောက်ရန် ခိုင်မာသောရည်မှန်းချက်နှင့် ကြိုးပမ်းအားထုတ်မှုများ ပါဝင်သည့်အတွက်
ထူးခြားထင်ရှားခဲ့ကြောင်း၊
ထို့ပြင် မြန်မာနိုင်ငံအား ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ်
ရွေးချယ်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် လာမည့် ၂၀၂၇ ခုနှစ် ဧပြီလတွင်
ကျင်းပမည့်ပြပွဲ၌ မြန်မာနိုင်ငံကို ကြိုဆိုလက်ခံရမည်ဖြစ်သည့်အတွက်
ဝမ်းမြောက်မိကြောင်း၊ မှတ်တမ်းများအရ Coffee Expo Seoul ပြပွဲများတွင် မြန်မာနိုင်ငံသည်
ဂုဏ်ထူးဆောင်ဧည့်သည်နိုင်ငံအဖြစ် ပထမဆုံးရွေးချယ်ခံရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ စိတ်ပါဝင်စားမှုနှင့်
ဆိုးလ်အခြေစိုက်မြန်မာသံရုံး၏ အပြည့်အဝပူးပေါင်းပါဝင်မှုတို့ကို
ပြသနိုင်ခဲ့ကြောင်း။
Coffee Expo Seoul သည် ကော်ဖီလုပ်ငန်းနှင့်
သက်ဆိုင်သည့် ထုတ်လုပ်သူများ၊ တင်သွင်းသူများ၊ ဖြန့်ဖြူးရောင်းချသူများနှင့်
လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တွေ့ဆုံချိတ်ဆက်နိုင်သည့် နိုင်ငံတကာကုန်သွယ်မှုပြပွဲတစ်ခုဖြစ်ပြီး
ယင်းပြပွဲနှင့်အတူ Korea International Bakery Fair (KIBA) 2027 ကိုလည်း ၂၀၂၇ ခုနှစ် ဧပြီ ၂၈ ရက်မှ မေ ၁ ရက်အထိ ဆိုးလ်မြို့ရှိ COEX
ပြပွဲခန်းမ၌ တစ်ပြိုင်နက်တည်းကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်
ယခုကဲ့သို့ တရားဝင်ဂုဏ်ထူးဆောင်ဧည့်သည် နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းသည်
မြန်မာ့ကော်ဖီ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုအလားအလာများကို ကိုရီးယားဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်သို့
ပိုမိုမိတ်ဆက်ဖော်ထုတ်နိုင်မည့်အခွင့်အလမ်းရရှိခြင်းဖြစ်ကြောင်း စသည်ဖြင့်
ဖော်ပြထားသည်။
သတင်းစဉ်

No comments:
Post a Comment