နေပြည်တော် နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်ဆီမီးထွန်းညှိ ပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲ၊ မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်၊ ဇာတ်သဘင်နှင့် တေးဂီတဖျော်ဖြေရေးပွဲတို့ကို ယနေ့တန်ဆောင်မုန်းလပြည့် ပွဲတော်တတိယနေ့အဖြစ် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်မြောက်ဘက် ဝတ္ထုကံမြေပေါ်ရှိ သတ်မှတ်နေရာများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ရဟန်းရှင်လူပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ ကုသိုလ်ယူတစ်ခဲနက်ပါဝင်ဆင်နွှဲကြသဖြင့် ကြက်ပျံမကျစည်ကားခဲ့သည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
တန်ဆောင်တိုင်ပွဲတော်ကြီး၏ နောက်ဆုံးနေ့ဖြစ်သည်နှင့်အညီ နံနက်ပိုင်းမှစတင်၍ ဘုရားကြီးသို့လာရာ
လမ်းတစ်လျှောက်နှင့် မုခ်ဦးအပြင်ဘက်ရှိ ကားရပ်နားဝင်းများ၌ နေပြည်တော်ဒေသခံများသာမက
အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ မော်တော်ယာဉ်များဖြင့် တိုးမပေါက်အောင်
အထူးစည်ကားများပြားလျက်ရှိရာ ဘုရားဖူးပြည်သူများ အဆင်ပြေချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ရေးနှင့်
ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးတို့အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားအဝင်၊
အထွက်လမ်းကြောင်းများတွင် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပွဲတော်လာပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍
စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော် ကြည်ညိုကုသိုလ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက ဘုရားမုခ်ဦးများရှေ့၌
လုံခြုံရေးအရ လိုအပ်သည့် စစ်ဆေးမှုများကို စနစ်တကျဆောင်ရွက်ပေးလျက်ရှိသကဲ့သို့
သံဃာတော်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ဘုရားရင်ပြင်တော်သို့
အဆင်ပြေလွယ်ကူစွာ တက်ရောက်ဖူးမြော်နိုင်ရေးအတွက်လည်း ဝီးချဲလ်များနှင့် မော်တော်ယာဉ်ငယ်များဖြင့်
စေတနာထားစီစဉ်ပို့ဆောင်ပေးလျက်ရှိပြီး ပွဲတော်အတွင်း ဆီမီးထွန်းညှိပူဇော်နိုင်မည့်နေရာများ၊
မီးပုံးပျံလွှတ်တင်ပူဇော်ယှဉ်ပြိုင်ကြမည့်နေရာများ၊ ဈေးပွဲတော်နှင့်
ဖျော်ဖြေရေးနေရာများသို့ အလွယ်တကူသွားလာလေ့လာနိုင်ရန် လမ်းညွှန်ပြသစီစဉ်ဆောင်ရွက်ပေးမှုများကြောင့်
ဘုရားဖူးလာပြည်သူများအနေဖြင့် ကြည်နူးအေးချမ်းစွာ တပျော်တပါးပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ထို့နောက် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများသည်
ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ ဝင်ရောက်သည့် ဂိတ်အဝင်ဝလျှောက်လမ်းတစ်လျှောက်တွင်
နီယွန်ရောင်စုံအလှမီးများ လှပဝေဆာစွာ ဆင်ယင်ထွန်းညှိထားသည့် မြင်ကွင်းကို ဦးစွာကြည့်ရှုခံစားပြီး
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ ဆီမီး ၉၀၀၀
ထွန်းညှိပူဇော်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဝတ်အသင်းအဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့်
ရွတ်ဖတ်ပူဇော်မေတ္တာပို့သခြင်းတို့တွင် စုပေါင်းကုသိုလ်ယူပါဝင်ဆင်နွှဲခဲ့ကြသဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း
ဆီမီးရောင်စုံများ ထိန်ထိန်ညီးလင်းလက်တောက်ပနေသည့် မြင်ကွင်းနှင့်အတူ တရားဓမ္မအသံများ
ပျံ့လွင့်ထုံမွမ်းလျက်ရှိရာ ဘုရားဖူးလာပြည်သူအပေါင်းတို့အား ကြည်ညိုသဒ္ဓါတရားနှင့်
ကုသိုလ်စိတ်များ တဖွားဖွားတိုးပွားဖြစ်ပေါ်စေခဲ့သည်။
ပွဲတော်ကြီး၏ ဆွဲဆောင်မှုအရှိဆုံးအထူးအစီအစဉ်တစ်ရပ်ဖြစ်သည့်
မြတ်စွာဘုရားရှင်အားရည်မှန်း၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်ကြမည့် နေရာအသီးသီး၌လည်း
ဘုရားဖူးလာပြည်သူများက ကြိုတင်ရောက်ရှိ နေရာယူစောင့်ဆိုင်းနေကြပြီး
မီးပုံးပျံကြီးများ ကောင်းကင်ယံသို့ ဘေးကင်းအောင်မြင်စွာ လွှတ်တင်ပူဇော်နိုင်ရေးအတွက်
တာဝန်ရှိသူများ၏ အားသွန်ခွန်စိုက် ပြင်ဆင်ဆောင်ရွက်နေမှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို စိတ်အားထက်သန်စွာ
စောင့်ကြည့်အားပေးကြည့်ရှုကြကာ လွှတ်တင်ပူဇော်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ပရိသတ်များ
ပိုမိုစုဝေးရောက်ရှိလာကြသဖြင့် တန်ဆောင်တိုင်မီးထွန်းပွဲတော် နောက်ဆုံးည၏ ကြည်နူးပျော်ရွှင်ဖွယ်အနှစ်သာရနှင့်
အငွေ့အသက်များမှာ အထူးပင်အသက်ဝင်တောက်ပခဲ့သည်။
မီးပုံးပျံများ စတင်လွှတ်တင်ပူဇော်ချိန်သို့
ရောက်ရှိလာသည့်အခါ တိုင်းရင်းသားရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်နှင့်
သံချပ်တီးလုံးများဖြင့် စည်ကားသိုက်မြိုက်စွာ တွဲဖက်ဖျော်ဖြေကြပြီး ညမီးကြီး၊ စိန်နားပန်မီးပုံးပျံကြီးများနှင့်
မီးပုံးပျံအသေးများ ကောင်းကင်ယံထက်သို့ အောင်မြင်စွာ လွှတ်တင်ပူဇော်ကြကာ
ရောင်စုံမီးပန်းများနှင့် မီးပုံးပျံကြီးများ၏ အလှတရားတို့ ပေါင်းစပ်ကာ တန်ဆောင်မုန်းလပြည့်
ညအလှကို ပိုမိုထင်ရှားပေါ်လွင်စေခဲ့သည်။
ယနေ့ညတွင် ဝန်ကြီးဌာနအလိုက်
မီးပုံးပျံလွှတ်တင်ယှဉ်ပြိုင်ပွဲများအဖြစ် စိန်နားပန်မီးပုံးပျံ
လွှတ်တင်ပူဇော်ပြိုင်ပွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနက “မိုလာ”၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက “မေဘရဏီ” နှင့် အလုပ်သမားဝန်ကြီးဌာနက “ပြည့်စွမ်းအား”
အမည်ရှိ မီးပုံးပျံကြီးများကို ကောင်းကင်ယံထက်သို့ လှပခမ်းနားအောင်မြင်စွာ
လွှတ်တင်ပူဇော်နိုင်ခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဝန်ထမ်းများနှင့်
ဘုရားဖူးပြည်သူများကလည်း သတ်မှတ်နေရာများ၌ မီးပုံးပျံငယ်များကို ပြိုင်တူလွှတ်တင်ပူဇော်ခဲ့ကြသည်။
အလားတူ ညမီးကြီးမီးပုံးပျံ လွှတ်တင်ပူဇော်ပြိုင်ပွဲတွင်
ပြည်ထဲရေးဝန်ကြီးဌာနက “ပြည်ထောင်စုအလင်းအိမ်”၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့်
ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက “မြန်မာမောင်” နှင့်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “ပို့ကုန်မြှင့်တင်ကမ္ဘာတစ်ခွင်” အမည်ရှိ
ညမီးကြီးမီးပုံးပျံကြီးများ ကိုရောင်စုံမီးပန်းအလှများ ဖြာထွက်တောက်ပစွာဖြင့် အောင်မြင်စွာ
လွှတ်တင်ပူဇော်နိုင်ခဲ့ကြရာ ပွဲတော်လာပရိသတ်များက တစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြသည်။
ထိုသို့
မီးပုံးပျံများ လွှတ်တင်ပူဇော်ယှဉ်ပြိုင်နေစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
ဝန်ထမ်းများနှင့် ပွဲတော်လာပြည်သူများကလည်း ရှမ်းရိုးရာအကအလှများ၊ အိုးစည်ဒိုးပတ်တီးခတ်မှုများ၊
သံချပ်တီးလုံးများဖြင့် ပါဝင်ဆင်နွှဲအားပေးခဲ့ကြသည့်အပြင် ဆီမီးခွက်များ
ကိုင်ဆောင်ပူဇော်ခြင်းနှင့် တန်ဆောင်တိုင်ပွဲတော်ကာလကို ဖော်ကျူးရေးဖွဲ့ထားသည့် တေးသီချင်းများဖြင့်
သီဆိုဖျော်ဖြေမှုတို့ကြောင့် တန်ဆောင်မုန်းလပြည့်ည၏ အလှတရားကို ပိုမိုပြည့်စုံစေခဲ့သည်။
ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံမြေတော်အတွင်းရှိ ဘုရား၊ စေတီ၊
ပုထိုးများကို LED မီးရောင်စုံများဖြင့် ခမ်းနားထည်ဝါစွာ အလှဆင်ပူဇော်ထားရာလက်ရာမြောက်လှသည့်
တည်ဆောက်ပုံများနှင့် အံ့မခန်းမြန်မာ့ဗိသုကာလက်ရာများမှာ ပိုမိုတင့်တယ်သပ္ပာယ်လျက်
ဖူးမြော်မဝနိုင်အောင် ကြည်ညိုဖွယ်ကောင်းပြီး ဘုရားဖူးလာပြည်သူများအနေဖြင့်
တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပမြဲဖြစ်သည့် တန်ဆောင်တိုင်မီးထွန်းပွဲတော်၏ ရင်သပ်ရှုမောဖွယ်အလှတရားနှင့်အတူ
ဗုဒ္ဓသာသနိကအဆောက်အအုံများ၏ ထူးခြားဆန်းကြယ်သည့် အနုပညာလက်ရာများကို တစ်နေရာတည်း၌ ဖူးမြော်လေ့လာခွင့်ရရှိခဲ့ကြသည်။
ယနေ့ညပိုင်းတွင် မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့်
မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို
ဗုဒ္ဓဥယျာဉ်ရေပန်းရင်ပြင်တော်၌ ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊
ဒုတိယသမ္မတများနှင့် တာဝန်ရှိသူတို့က မီးပုံးပျံလွှတ်တင်ပူဇော်ပြိုင်ပွဲနှင့်
မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့်
စွမ်းဆောင်ရည်ဆုများရရှိခဲ့ကြသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီအပါအဝင်
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းတို့ကို ဂုဏ်ပြုဆုများ
ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်လာပြည်သူများ ကုသိုလ်ကောင်းမှုပြုလုပ်ကြပြီး
ပွဲတော်ကို ဆင်နွှဲနိုင်ရေးအတွက်လည်း တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့က
ဘုရားပရိဝုဏ်အတွင်း စနစ်တကျလိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသည့်အပြင်
ဘုရားဖူးလာပြည်သူများ ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်လာပါက အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း
ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများ ဖွင့်လှစ်ထားရှိသည်ကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများစိတ်အပန်းပြေစေရေးနှင့်
ဒေသထွက်ကုန်များ၊ စားသောက်ဖွယ်ရာများကို တစ်နေရာတည်းတွင် အဆင်ပြေချောမွေ့စွာ
ဝယ်ယူစားသောက်နိုင်ရန်အတွက် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်မြောက်ဘက် ဝတ္ထုကံမြေပေါ်ရှိ သတ်မှတ်နေရာများ၌
တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ထည့်သွင်းကျင်းပခဲ့ရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း
(MSME) ထုတ်ကုန်ဈေးဆိုင်ခန်းများ၊
တိုင်းရင်းသားရိုးရာအစားအစာဆိုင်များနှင့် ဒေသထွက်ကုန်ပစ္စည်းဆိုင်များအပါအဝင် ဈေးဆိုင်ခန်းပေါင်း
၅၂၀ ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။
တန်ဆောင်တိုင်ဈေးရောင်းပွဲတော်တွင် ဒေသအလိုက် MSME ထုတ်ကုန်ပြခန်းများ၊
တိုင်းရင်းသားရိုးရာအစားအစာပြခန်းများ၊ One Region One Product ထုတ်ကုန်ပစ္စည်းပြခန်းများ၊ စားသောက်ကုန်နှင့် ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊
နေပြည်တော်ကောင်စီနယ်မြေမှ MSME စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊
အိမ်တွင်း လက်မှုအနုပညာအရောင်းပြခန်းများ၊ ရိုးရာအဝတ်အထည်များနှင့်
မြန်မာ့ရိုးရာအစားအစာအရောင်းဆိုင်တို့၌ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ရာ ဘုရားဖူးလာပြည်သူများက
နှစ်ခြိုက်စွာ ရွေးချယ်ဝယ်ယူအားပေးနေကြသည့် ကြည်နူးဖွယ်မြင်ကွင်းများက ပွဲတော်ကြီး၏
စည်ကားသိုက်မြိုက်မှုနှင့် ပျော်ရွှင်ဖွယ်အငွေ့အသက်ကို ပိုမိုထင်ရှား
ပေါ်လွင်စေခဲ့သည်။
ဈေးရောင်းပွဲတော်နှင့်အတူ ပွဲတော်လာပြည်သူများအား
မြန်မာ့ရိုးရာဇာတ်သဘင်၏ အနုပညာရသများကို အပြည့်အဝခံစားကြည့်ရှုနိုင်စေရန်အတွက်
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညစဉ်မပြတ် မြိုင်ဆိုင်စွာသီဆိုကပြ
ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ဇာတ်သဘင်ဖျော်ဖြေပွဲ (အခမဲ့) ၏ နောက်ဆုံးနေ့အဖြစ် အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့က
ခေတ်မီစင်မြင့်အပြင်အဆင်များ၊ မီးအလင်းရောင်နှင့် အသံစနစ်များ၊ ဆိုင်းဝိုင်းကြီးနှင့်
အနောက်တိုင်းတူရိယာများ၏ မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်မှုများနှင့်
ခေတ်မီနည်းပညာရပ်များကို ဟန်ချက်ညီညီ တွဲဖက်အသုံးပြု၍ သဘင်ပညာရှင်များ၏
ဇာတ်ဝင်သီချင်း၊ လက်၊ ခြေ၊ ခေါင်း၊ ခါး အတိမ်းအစောင်းညီညွတ်မှုဖြင့် ကရသည့် ယိမ်းအက၊
လူနှင့်ရုပ်သေးအက၊ ဟာသလူရွှင်တော်များနှင့် အောင်ဇမ္ဗူဇာတ်တော်သားများအဖွဲ့၏
“မင်းသားရူး” ဟာသကပွဲ၊ အဆို၊ အငို၊ အပြောများဖြင့် ဇာတ်၏ အနှစ်သာရကို ရုပ်လုံးပေါ်အောင်
တင်ဆက်ရသည့် “လှည်းယဉ်ကြော့ကြော့” အော်ပရာနှင့် “မချစ်တတ်သူများမကြည့်ရ” ပြဇာတ်၊
ပရိသတ်အကြိုက် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေသည့် စတိတ်ရှိုးအစီအစဉ်၊
ဇာတ်မင်းသားအောင်ဇမ္ဗူ၏ အဆို၊ အပြော၊ အကပညာရပ်များဖြင့် အနုပညာစွမ်းရည်များကို
တင်ဆက်မည့် “အောင်လံယူ အောင်ဇမ္ဗူ” နှစ်ပါးသွားအစီအစဉ်၊ လူရွှင်တော်များက စိတ်နှလုံးရွှင်ပြုံးစေမည့်
ဟာသပြက်လုံးများနှင့် ဟာသတစ်ခန်းရပ်များကို ဇာတ်သဘင်အနုပညာရသ စုံလင်စွာဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ထိုသို့ အောင်ဇမ္ဗူဇာတ်သဘင်အဖွဲ့၏ ပရိသတ်အကြိုက် အစီအစဉ်ကောင်းများဖြင့်
အားပါးတရဖျော်ဖြေတင်ဆက်မှုများကို မြန်မာ့ဇာတ်သဘင်အနုသုခုမပညာကို
မြတ်နိုးတန်ဖိုးထားကြသည့် ပွဲတော်လာပြည်သူများက ပျော်ရွှင်ကြည်နူးစွာဖြင့်
ကွင်းပြည့်ကွင်းလျှံလာရောက်ကြည့်ရှုအားပေးကြပြီး ဇာတ်သဘင်၏ သုခုမအနုပညာရသများကို
အပြည့်အဝခံစားခဲ့ကြသည်။
ထို့အတူ ပွဲတော်လာပြည်သူများ ခေတ်ပေါ်တေးဂီတသံစဉ်များကို
စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ နားဆင်ခံစားနိုင်စေရန် ရည်ရွယ်ကျင်းပသည့် ခေတ်ပေါ်တေးဂီတ
ဖျော်ဖြေပွဲတွင်လည်း နိုင်ငံကျော်တေးသံရှင်များ ဖြစ်ကြသည့် မေသက်ထားဆွေ၊ ဝေလာရီ၊
မေလသံစဉ်၊ ဒီဖြိုး၊ သာဒီးလူ၊ ပုံရိပ်၊ Snare ၊ ဇော်ပိုင်၊ Jenny ၊
လိမ္မော်သီး၊ ယွန်းမြတ်သူ၊ ဖိုးကာ၊ ထက်ယံ၊ အောင်ထက်၊ Htet Inzali နှင့် အာဒံဦးတို့က Daily Gita Band နှင့် DJ များ၏ တီးခတ် မှုများနှင့်အတူ ပရိသတ်အကြိုက် လူကြိုက်များသည့် တေးသီချင်းများကို
အလှည့်ကျ သီဆိုဖျော်ဖြေခဲ့ကြရာ လာရောက်အားပေးကြသည့် ပရိသတ်များက တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုနှင့်
Band နှင့် DJ များ၏ မြူးကြွသော
စည်းချက်ညီညီတီးခတ်မှုတို့အပေါ် တက်ကြွစွာ အတူတကွသီဆိုပါဝင်ခံစားခဲ့ကြသဖြင့် အထူးစည်ကားခဲ့သည်။
ထို့ပြင် ဘုရားဖူးလာကလေးငယ်များအတွက် အစီအစဉ်ကောင်းတစ်ခုအဖြစ်
ထည့်သွင်းထားသည့် ကလေးကစားကွင်းများ၌လည်း ကလေးစီးရထားဝိုင်းနှင့် ချားဝိုင်း၊
ကလေးစီးလှုပ်စိနှင့် ကလေးစီးဒုံး၊ ပျော့အိ၊ ကလေးစီးကားစသည့် ကလေးကစားနည်းများ စုံစုံလင်လင်ထည့်သွင်းထားရာ
ကလေးငယ်များက မိဘအုပ်ထိန်းသူများနှင့်အတူ လာရောက်ကာ မိမိတို့နှစ်သက်ရာကစားနည်းများကို
ဆော့ကစားနေသည့် ချစ်စဖွယ်မြင်ကွင်းများကလည်း ပွဲတော်၏ မိသားစုအပန်းဖြေမှုအနှစ်သာရကို
ပိုမိုပြည့်စုံစေခဲ့ပြီး ရဟတ်၊ ပင်လယ်ဓားပြလှေနှင့် ပျော်ရွှင်ဖွယ်ရာ Game အစီအစဉ်များတွင် ပါဝင်ဆင်နွှဲကြသူများဖြင့်
ကြိတ်ကြိတ်တိုးစည်ကားခဲ့သည်။
ပွဲတော်သို့ လာရောက်ဆင်နွှဲကြသည့် ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန်နှင့်
ခရီးသွားလာရေးအခက်အခဲမရှိစေရန်အတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့်
တော်ဝင်ယာဉ်လိုင်းနှင့် လျှပ်စစ်မော်တော်ယာဉ် (EV) များကို နေပြည်တော်အတွင်း သတ်မှတ်လမ်းကြောင်းများအလိုက်
နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အခမဲ့စနစ်တကျအသွားအပြန်ပြေးဆွဲပေးခဲ့ပြီး
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၂၂ ရက်မှ ၂၄
ရက်အထိ သုံးရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။
ဟိန်းမင်းစိုး၊ ကျော်စွာဝင်း
ဓာတ်ပုံ-အေးပြည့်အောင်







No comments:
Post a Comment