Tuesday, November 3, 2026

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀) ဖွင့်လှစ်


 နေပြည်တော် နိုဝင်ဘာ ၂

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပသည်။

ဖွင့်ပွဲသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်းနှင့် ဦးကျော်ထင်၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစွမ်းရည်မြှင့်တင်ပေးရန်အတွက် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် အခြေခံသင်တန်း၊ ကာလတိုသင်တန်းများအပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းများကို ကိုးကြိမ်အထိဖွင့်လှစ် ခဲ့ပြီးဖြစ်ကြောင်း၊ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးအဆင့်အရာထမ်းသင်တန်းသား ၃၁၄ ဦး တက်ရောက်ခဲ့ကြပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသို့တက်ရောက်သည့် သင်တန်းသားများအနေဖြင့်လည်း ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နှင့် လက်တွေ့သင်ခန်းစာများကို သေချာစွာလေ့လာသင်ယူပြီး မိမိတို့ဌာန၊ အဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်များတွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရေးအတွက် ကြိုးစားလေ့လာသင်ယူသွားကြရန် တိုက်တွန်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၀)သို့ ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၁၇ ခုတို့မှ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၃၂ ဦး ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်ခြောက်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment