Saturday, November 28, 2026

(၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်းအဝေးကျင်းပ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်


 

နေပြည်တော် နိုဝင်ဘာ ၂၈

(၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။







ဦးစွာ CLMV အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် CLMV အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအား တစ်ဦးချင်းရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် CLMV အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် (၁၂)ကြိမ်မြောက် “CLMV ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်ကိုပုံဖော်ခြင်းအခန်းကဏ္ဍနှင့် မဟာဗျူဟာမြောက် ဦးတည်ချက်များ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် CLMV ထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ပြီး “CLMV နိုင်ငံများအကြား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အလားအလာများကို အကျိုးရှိစွာအသုံးချခြင်းနှင့် သာယာဝပြောသော အနာဂတ်တစ်ခုတည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့် CLMV ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးကိုကျင်းပပြုလုပ်ရာ ဦးစွာ CLMV အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအကြီးအကဲများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင်အဖွဲ့အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး CLMV အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလေမင်ဟုန်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဆလုံဆေးကိုမာဆစ်နှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကင်ဟွန်း၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှကိုယ်စားလှယ်များ၊ CLMV  အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြသည်။

ယင်းနောက် CLMV ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးကို စတင်ကျင်းပပြုလုပ်ရာ အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားပြီး အစည်းအဝေးအစီအစဉ်ကို အတည်ပြုသည်။

ထို့နောက် တက်ရောက်လာကြသည့် CLMV အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံအကြီးအကဲနှင့် အစိုးရအကြီးအကဲများက “CLMV ပူးပေါင်းဆောင်ရွက်မှု အဆင့်သစ်တွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးစားပေးအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ချိတ်ဆက်မှုမြှင့်တင်ခြင်းနှင့် အရင်းအမြစ်များကို ထိရောက်စွာစုစည်းအသုံးချခြင်း” ခေါင်းစဉ်ဖြင့် အက္ခရာစဉ်အလိုက် အလှည့်ကျဆွေးနွေးပြောကြားကြသည်။

ထိုသို့ ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က CLMV ပူးပေါင်းဆောင်ရွက်မှုသည် လွန်ခဲ့သည့်နှစ်ပေါင်း (၂၀)ကျော်ကတည်းက မိမိတို့(၄)နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှု အားကောင်းလာစေရေး၊ အတူတကွသာယာဝပြောရေးနှင့် အာဆီယံအတွင်း ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းရေးတို့အတွက် အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ခုအဖြစ် ရပ်တည်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကိုရရှိထားပြီးဖြစ်သည့် အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး ပြောင်းလဲနေသည့်ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများနှင့် ချိန်ဆကာ ပိုမိုထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ်ဖြစ်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

လက်ရှိ ကမ္ဘာ့စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိန်ခေါ်မှုများအပြင် နည်းပညာများ တစ်ရှိန်ထိုးတိုးတက်လာမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များသည် စိန်ခေါ်မှုများကို ယူဆောင်လာသကဲ့သို့ မိမိတို့လေးနိုင်ငံအကြား လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အလမ်းကောင်းများလည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တစ်နိုင်ငံချင်းစီတွင်ရှိသည့် အားနည်းချက်၊ အားသာချက်များကို အပြန်အလှန် ဖြည့်ဆည်းပေးနိုင်မည့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် တည် ဆောက်သွားကြရန်လိုအပ်ကြောင်း။

ပထမဦးစွာချိတ်ဆက်မှုမြှင့်တင်ရေးကို ဆွေးနွေးလိုကြောင်း၊ ချိတ်ဆက်မှုဆိုင်ရာတွင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းကိုသာ ဆိုလိုခြင်းမဟုတ်ကြောင်း၊ မိမိတို့ နိုင်ငံအသီးသီးတွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ အချင်းချင်း ပိုမိုချိတ်ဆက်နိုင်ရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လွယ်ကူလျင်မြန်စွာစီးဆင်းနိုင်ရေး၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ အဆင်ပြေချောမွေ့ရေး၊ ဈေးကွက်များ ပိုမိုလက်လှမ်းမီနိုင်ရေး၊ ဒီဂျစ်တယ်နည်းပညာနှင့် သတင်းအချက်အလက်များဖလှယ်နိုင်ရေးနှင့် ပြည်သူများအကြား ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးတို့လည်း ပါဝင်ကြောင်း။

မိမိတို့ CLMV (၄) နိုင်ငံသည် ပထဝီဝင်အနေအထားအရ နီးကပ်စွာတည်ရှိမှု၊ သဘာဝသယံဇာတပေါကြွယ်ဝမှုနှင့် လုပ်သားအင်အားများစွာရှိနေမှု စသည့် အားသာ ချက်များရှိနေကြောင်း၊ အဆိုပါအားသာချက်များနှင့်အတူ ဒေသတွင်းကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက်များ အားကောင်းလာစေရေး၊ အကျိုးဖြစ်ထွန်းသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်သွားနိုင်မည်ဆိုပါက CLMV ဒေသခွဲသည် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များကို ချိတ်ဆက်ပေးနိုင်သည့် အရေးပါသောစီးပွားရေးဗဟိုချက်မတစ်ခု ဖြစ်လာနိုင်ကြောင်း။

 ယင်းနှင့်ဆက်စပ်ပြီး ဗီယက်နမ်နိုင်ငံမှအဆိုပြုထားသည့် “CLMV နိုင်ငံများအကြား ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံအစီအစဉ်” ကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ အားပေးထောက်ခံသည်ကို ပြောကြားလိုကြောင်း၊ ဗီယက်နမ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံများအကြား ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံ အစီအစဉ်တွင် ကုန်းတွင်းဆိပ်ကမ်း ၄၅ ခု ပါဝင်ပြီး မြန်မာနိုင်ငံမှ ၈ ခု ပါရှိကြောင်း၊ ထို့အပြင်မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ထားဝယ်ရေနက် ဆိပ်ကမ်းသည်လည်း အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီး ဥရောပနိုင်ငံများသို့ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် မဟာဗျူဟာမြောက် အရေးပါလာမည့်နေရာ တစ်ခုဖြစ်ကြောင်း၊ မဟာမဲခေါင်ဒေသခွဲ တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic Corridor- SEC) သည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ချိတ် ဆက်နိုင်ကြောင်း၊ လာအိုနိုင်ငံအနေဖြင့်လည်း . မဟာမဲခေါင်ဒေသခွဲ တောင်-မြောက် စီးပွားရေးစင်္ကြံ (North-South Economic Corridor- NSEC) ကို အသုံးပြုပြီး တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic (Southern Economic Corridor- SEC) ကို ချိတ်ဆက်၍ ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း။

ထို့အပြင် ဗီယက်နမ်နိုင်ငံမှ အဆိုပြုထားသည့် “CLMV နိုင်ငံများအကြား ခေတ်မီကုန်းတွင်းဆိပ်ကမ်းစင်္ကြံ” အစီအစဉ်သည်လည်း အဆိုပါစီးပွားရေးစင်္ကြံ လမ်းကြောင်းများမှတစ်ဆင့် ထားဝယ်ရေနက်ဆိပ်ကမ်းကိုအသုံးပြုပြီး ကုန်သွယ်မှု ပြုလုပ်ခြင်းအားဖြင့် ဒေသတွင်းစီးပွားရေး ပိုမိုတိုးတက်လာမည်ဟုယုံကြည်ကြောင်း၊ ထပ်မံ၍ ဒေသတွင်းချိတ်ဆက်မှုလမ်းကြောင်းအနေဖြင့် မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်နေသည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး (India-Myanmar- Thailand Trilateral Highway- IMT) ကို မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံ (East-West Economic Corridor-EWEC)နှင့် ချိတ်ဆက်ပြီးလည်း ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများကို ဆက်သွယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း။

ထို့အပြင် သီလဝါအထူးစီးပွားရေးဇုန် စက်မှုဆိပ်ကမ်းကို ပြည်တွင်းအမြန်လမ်းကွန်ရက်၊ မဟာမဲခေါင်ဒေသခွဲ အရှေ့-အနောက် စီးပွားရေးစင်္ကြံတို့နှင့် ချိတ်ဆက်ပြီး CLMV နိုင်ငံများအကြား ကုန်သွယ်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး လမ်းမကြီးနှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများကို ချိတ်ဆက်အသုံးပြုခြင်းအားဖြင့် မိမိတို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများသည် ကြီးမားကျယ်ပြန့်သည့် အိန္ဒိယဈေးကွက်ကို တိုက်ရိုက်ဝင်ရောက်နိုင်သည့် အခွင့်အရေးတစ်ရပ်ကိုလည်း ရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေး ပိုမိုချောမွေ့လာပြီး ဒေသတွင်းထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် (Regional Supply Chain)တွင် CLMV နိုင်ငံများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာစေမည်ဖြစ်သည့်အတွက် အဆိုပါစင်္ကြံများ ဖွံ့ဖြိုးတိုးတက်ရေး မိမိတို့နိုင်ငံများအကြား အပြန်အလှန်ချိတ်ဆက်မှုများကို အဆင့်မြှင့်တင်ရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

ဒုတိယအချက်အနေဖြင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရင်းအမြစ်များကို ထိရောက်စွာ စုစည်းအသုံးချနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်ဖြစ်ကြောင်း၊ CLMV၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးအစီအစဉ်များသည် အဖွဲ့ဝင် (၄) နိုင်ငံအတွက်သာ ဦးတည်ခြင်းမဟုတ်ကြောင်း၊ ဒေသတွင်းပေါင်းစည်းမှု ပိုမိုအားကောင်းလာစေရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အားလုံးအတွက်မျှဝေခံစားနိုင်သည့် စီးပွားရေးသာယာဝပြောမှုကို ဖော်ဆောင်ရေးဆိုသည့် ပိုမိုကျယ်ပြန့်သည့် ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ထို့ကြောင့် ယနေ့အစည်းအဝေးတွင် မိမိတို့နှင့်အတူ တက်ရောက်လာကြသည့် အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များကိုလည်း CLMV ပူးပေါင်းဆောင်ရွက်မှုများတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် CLMV ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များကို ကူညီပံ့ပိုးပေးကြရန်
အလေးအနက်ဖိတ်ခေါ်အပ်ကြောင်း။

မြန်မာနိုင်ငံသည် CLMV ပူးပေါင်းဆောင်ရွက်မှုအောက်တွင် စိုက်ပျိုးရေး၊ စက်မှုနှင့် စွမ်းအင်ကဏ္ဍများ၌ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကဏ္ဍများသည် မိမိတို့ဒေသခွဲ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍများဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သမားရိုးကျစိုက်ပျိုးရေးမှတစ်ဆင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုစနစ်များဆီ တဖြည်းဖြည်းကူးပြောင်းနိုင်ရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များကို အရည်အသွေးမြှင့်တင်ခြင်းနှင့် ဈေးကွက်ချိတ်ဆက်မှုတိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွားနိုင်ရန်မျှော်လင့်ကြောင်း။ အလားတူ စက်မှုကဏ္ဍတွင်လည်း မိမိတို့နိုင်ငံများ၏ ကုန်ကြမ်းနှင့် သဘာဝအရင်းအမြစ်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် ဒေသတွင်းကုန်ထုတ်လုပ်မှု ကွင်းဆက်များတွင်ပိုမိုပါဝင်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

စွမ်းအင်ကဏ္ဍတွင်လည်း စွမ်းအင်အရင်းအမြစ်များကို ထိရောက်စွာအသုံးချရေး၊ စွမ်းအင်အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်သည့်နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးတို့ကို အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စွမ်းအင်ဖူလုံမှုသည် စက်မှုဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်ခြင်းကြောင့် ယခုကဏ္ဍတွင် CLMV အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများအကြား နည်းပညာနှင့် အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းကို တိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း။

တစ်ဖက်တွင်လည်း မိမိတို့လေးနိုင်ငံ၏ ကြွယ်ဝသည့်ယဉ်ကျေးမှုအမွေအနှစ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာအလားအလာများကို အကျိုးရှိရှိပေါင်းစပ်အသုံးချနိုင်မည်ဆိုပါက ပြည်သူအချင်းချင်း ပိုမိုနီးကပ်စွာချိတ်ဆက်နိုင်သကဲ့သို့ ဒေသတွင်း စီးပွားရေးအခွင့်အလမ်းများကိုလည်း ပိုမိုတိုးချဲ့ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဗီယက်နမ်နိုင်ငံမှ အဆိုပြုထားသည့် “CLMV နိုင်ငံများအကြား ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်အစီအစဉ်”ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုသည်ကို ပြောကြားလိုကြောင်း၊ ထိုအစီအစဉ်ကို ခရီးသွားလုပ်ငန်းမြှင့်တင်ရေးသက်သက်မဟုတ်ဘဲ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ရင်း ပြည်သူအချင်းချင်းနားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည့် အခွင့်အလမ်းတစ်ရပ်အဖြစ် ရှုမြင်သင့်ကြောင်း။

မိမိတို့ဒေသသည် သဘာဝဘေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို မကြာခဏဆိုသကဲ့သို့ ရင်ဆိုင်နေရသည်ကိုလည်း အားလုံးသိရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများအကြား နည်းပညာနှင့် အတွေ့အကြုံများဖလှယ်ပြီး ဒေသ တွင်းပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျမြှင့်တင်သွားကြရန် တိုက်တွန်းပြော ကြားလိုကြောင်း။

CLMV ပူးပေါင်းဆောင်ရွက်မှုကို အာဆီယံပေါင်းစည်းရေးဦးဆောင်ဦးရွက်ပြုမှုအစီအစဉ်(IAI)နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်သွားရန် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝထောက်ခံကြောင်း၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးတွင် CLMV သည် လက်တွေ့ကျကျ အားဖြည့်ပေးနေသကဲ့သို့၊ အာဆီယံ၏ခိုင်မာသည့်မဏ္ဍိုင်တစ်ခုအဖြစ်လည်း ဆက်လက်ရပ်တည်လျက်ရှိကြောင်း၊ ထို့ကြောင့် အာဆီယံ၏ ဖွံ့ဖြိုးမှုအစီအစဉ်များတွင် CLMV ကို ဦးစားပေးတစ်ရပ်အနေဖြင့် ဆက်လက်ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

မြန်မာနိုင်ငံအနေဖြင့် CLMV အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေးနှင့် မိမိတို့၏ဖွံ့ဖြိုးတိုးတက်ရေး ဘုံရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးအတွက် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဒေသတွင်းနှင့်နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက်ဆွေးနွေးပြောကြားသည်။

ထို့နောက် (၁၂)ကြိမ်မြောက် CLMV ထိပ်သီးအစည်းအဝေးပူးတွဲကြေညာချက်နှင့် နောက်ဆက်တွဲ(၂)ခုဖြစ်သည့် "CLMV နိုင်ငံများအကြား ခေတ်မီကုန်းတွင်းဆိပ်ကမ်း စင်္ကြံအစီအစဉ်”နှင့် "CLMV နိုင်ငံများအကြား ယဉ်ကျေးမှုအမွေအနှစ်ခရီးစဉ်အစီအစဉ်” တို့ကို အတည်ပြုချမှတ်ကြသည်။

ယင်းနောက် CLMV အလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က အပိတ်မိန့်ခွန်းပြောကြားပြီး  CLMV အလှည့်ကျဥက္ကဋ္ဌတာဝန်အား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်၍ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က CLMV အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်က CLMV အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းမှုကို လက်ခံသည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း မိန့်ခွန်းများပြောကြားကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။


No comments:

Post a Comment