Saturday, November 21, 2026

(၈) ကြိမ်မြောက် တရုတ်-အာဆီယံ ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်


 

နေပြည်တော် နိုဝင်ဘာ ၂၀

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင့်မြို့ရှိ China-ASEAN Legal Research Center ၏ ဖိတ်ကြားချက်အရ ယမန်နေ့က ကျင်းပသော (၈) ကြိမ်မြောက် တရုတ်-အာဆီယံဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ (China-ASEAN Legal Cooperation Forum) သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသို့ China Law Society ၏ လက်အောက်ရှိ Southwest University of Political Science and Law၊ China-ASEAN Legal Research Center မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ တရားဥပဒေဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တရုတ်နိုင်ငံမှ ဥပဒေပညာရှင်များ၊ နိုင်ငံခြားပညာတော်သင် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ချုံချင့်မြို့ HUALUXE Chongqing Science Hall ၌ကျင်းပရာ တရုတ်နိုင်ငံပြည်သူ့ပါတီ ဦးဆောင်မှုအဖွဲ့၏ အတွင်းရေးမှူးနှင့် China law Society ၏ အုပ်ချုပ်မှုဒုတိယဥက္ကဋ္ဌ Mr. Wang Hongxiang က အမှာစကားပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ဥပဒေသုတေသနလုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဥပဒေသုတေသနယူနစ်တစ်ခုကို ဖွဲ့စည်းထားကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံအကြား လက်တွဲညီညီ အကောင်အထည်ဖော်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းများကို မြန်မာနိုင်ငံအနေဖြင့် အောင်မြင်စွာ တိုက်ဖျက်လျက်ရှိကြောင်း၊ တရုတ် -အာဆီယံ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စွာ တည်ဆောက်ပြီး ဥပဒေရေးရာဆန်းစစ်မှု၊ ပြန်လည်သုံးသပ်မှု၊ လက်တွေ့အကောင်အထည်ဖော်မှုများ၊ ပညာတော်သင်များစေလွှတ်မှု၊ ဥပဒေရေးရာသင်တန်းများပို့ချမှုတို့ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် China Law Society မှ အုပ်ချုပ်မှု ဒုတိယဥက္ကဋ္ဌ Mr. Wang Hongxiang ဦးဆောင်သောအဖွဲ့နှင့် ယင်းနေ့ညနေပိုင်းတွင် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံပြီး တရုတ်-အာဆီယံ ဥပဒေရေးရာ သုတေသနစင်တာနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့အကြား ဥပဒေရေးရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ပညာတော်သင်များ စေလွှတ်ခြင်းနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်       

No comments:

Post a Comment