နေပြည်တော် နိုဝင်ဘာ ၂၀
နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ကျေးလက်ဒေသနေအမျိုးသမီးများပါမကျန် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနသည် ကျေးလက်ဒေသနေ အမျိုးသမီးများအားလုံး၏ ဘဝဖွံ့ဖြိုးရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အမျိုးသမီးများ ကျား၊ မ အခြေပြု အကြမ်းဖက်မှုမှ ကင်းဝေးစေရေးအတွက် “ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်”ကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၄၆ ရွာတွင် ကနဦးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဗဟိုအဆင့်သင်တန်းကို ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ယနေ့တွင် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်း၍ သက်ဆိုင်ရာကျေးရွာများ၌ ရွေးချယ်ထားသော ဆယ်အိမ်စုစေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းပေးသည့် ကျေးရွာအဆင့် သင်တန်းများကို ဗဟိုအဆင့်သင်တန်းဆင်း နည်းပြများက ဆက်လက်ပို့ချလျက်ရှိရာ အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းတောင်ကျေးရွာ ချမ်းမြေ့သာယာဘုန်းတော်ကြီးကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာခန်းမတို့၌ ဖွင့်လှစ်လျက်ရှိသည့် ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအဆင့် သင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသူ စေတနာ့ဝန်ထမ်းများအား စီမံချက်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေးကဏ္ဍ၊ ကူးစက်၊ မကူးစက်ရောဂါကာကွယ်ရေးကဏ္ဍတို့ကို အပြန်အလှန်လေ့ကျင့်ဆွေးနွေးကာ အာဟာရနှင့် မျိုးဆက်ပွား ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေးကဏ္ဍနှင့် သက်ကြီးပုဂ္ဂိုလ်နှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကိုပါ ထည့်သွင်းဆွေးနွေးသွားမည့် အခြေအနေများကို ပြောကြားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ စီမံချက်ပါ ကျေးရွာများတွင်လည်း အလားတူကျေးရွာအဆင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment