ရန်ကုန် နိုဝင်ဘာ ၂၄
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က
ကြီးမှူးကျင်းပသည့် တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်
စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၈) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ပြိုင်ပွဲ၌
ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များနှင့် ဘုရားဖူးလာပြည်သူများက
ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ
ဗုဒ္ဓရုပ်ပွားတော်များအား ကပ်လှူပူဇော်မည့် ရွှေကြာသင်္ကန်းတော်များကို ကိုင်ဆောင်ပြီး
လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ဆက်လက်၍ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်မြတ်၊
အာရုံခံတန်ဆောင်းမုခ်လေးမုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမရုပ်ပွားတော်မြတ်တို့ကို
ရွှေကြာသင်္ကန်းများ ကပ်လှူပူဇော်ကြပြီး အခမ်းအနားအစီအစဉ်များအတိုင်း ဆက်လက်ကျင်းပသည်။
ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည်
ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်နှင့် ဆူးလေစေတီတော်တို့တွင် ကျင်းပသည့်
မသိုးရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲကို တက်ရောက်ပြီး ဂေါပကအဖွဲ့ဝင်များ၊
ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့်အတူ ရွှေကြာသင်္ကန်းကပ်လှူပူဇော်သည်။
အလားတူ သင်္ဂါယနာသာသနာ့သမိုင်းဝင်
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ကြီး၏ (၂၆) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ကပ်လှူပူဇော်ခြင်း
အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စေတီတော်၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊
ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဗုဒ္ဓရုပ်ပွားတော်မြတ်များအား
သင်္ကန်းတော်များ ကပ်လှူပူဇော်ကြသည်။
ထို့ပြင် မဟာဝိဇယစေတီတော်၊
ဝရဒါဌာဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ
လောကချမ်းသာအဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ သမိုင်းဝင်မဟာဓမ္မရံသီအိမ်တော်ရာစေတီတော်၊
ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊
ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း
ယနေ့နံနက်ပိုင်းမှ စတင်ကာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များက
တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့) အခမ်းအနားကို ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ
ဘုရားစေတီများ၌ မသိုးရွှေကြာသင်္ကန်း၊ ကပ်လှူပူဇော်ပွဲများ၊
သာမညဖလအခါတော်နေ့ပူဇော်ပွဲများ၊ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုပူဇော်ပွဲများနှင့်
ရပ်ကွက်အလိုက်၊ လမ်းအလိုက်စုပေါင်း၍ မဟာဘုံကထိန်အလှူပွဲများကို
စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရား၊
စေတီများတွင် အလှူရှင်များက ဘုရားဖူးလာပြည်သူများအား စတုဒိသာများ
ကျွေးမွေးကြခြင်း၊ ရုံးများ၊ ပန်းခြံများ၊ ရပ်ကွက်၊ လမ်းနှင့်နေအိမ်များ၌ လျှပ်စစ်ရောင်စုံမီးအလှများ၊
ဆီမီးခွက်များ၊ ဖယောင်းတိုင်မီးများ ထွန်းညှိပူဇော်ခြင်း၊ လမ်းအလိုက် နိဗ္ဗာန်ဈေးပွဲတော်များ
ကျင်းပခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ
ဇော်မင်းလတ် (MNA)


No comments:
Post a Comment