သစ်တောမောင်
ခြောက်သွေ့ရာသီနှင့် အပူချိန်မြင့်မားမှု
မြန်မာနိုင်ငံ၏ ခြောက်သွေ့ရာသီသည် ယေဘုယျအားဖြင့် နိုဝင်ဘာလမှမေလအထိ ကြာမြင့်လေ့ရှိပြီး မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ လေထုစိုထိုင်းဆ ကျဆင်းခြင်း၊ မြေဆီလွှာ၊ မြက်ခင်း၊ သစ်ရွက်ခြောက်နှင့် သစ်တောအမှိုက်များ ခြောက်သွေ့လာခြင်းတို့ကြောင့် တောမီးလောင်ကျွမ်းခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်း အကြွင်းအကျန်များနှင့် မြေယာမီးလောင်မှုများ ဖြစ်ပေါ်နိုင်ခြေကို မြင့်မားစေပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် နှောင်းပိုင်းနှင့် ၂၀၂၇ ခုနှစ် အစောပိုင်းအတွင်း “အလွန်ပြင်းထန်သော အယ်လ်နီညို” ဖြစ်လာနိုင်သည်ဟု ထုတ်ပြန်ထား သည့်အတွက် ပုံမှန်နှစ်များထက် အပူချိန်ပိုမိုမြင့်မားလာနိုင်ပါသည်။
အယ်လ်နီညိုနှင့် မီးခိုးမြူငွေ့အန္တရာယ်
အယ်လ်နီညိုကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဖြစ်စဉ်သည် ကမ္ဘာ့လေထု လည်ပတ်မှုနှင့် မိုးရွာသွန်းမှုပုံစံများပြောင်းလဲခြင်း၊ မိုးနည်းခြင်း၊ အပူချိန်မြင့်ခြင်းနှင့် ခြောက်သွေ့ရာသီရှည်လျားခြင်း စသည့်အခြေအနေများဖြစ်ပေါ်စေပြီး မီးလောင်ကျွမ်းမှုများဖြစ်စေရန် ပိုမိုလွယ်ကူစေမည့်အခြေအနေများကို ဖန်တီးပေးနိုင်ပါသည်။ ဒေသအလိုက် လေတိုက်ခတ်မှုအခြေအနေများပေါင်းစပ်ပါက မီးအရှိန်မှာ ထိန်းချုပ်ရခက်ခဲစွာဖြင့် ပတ်ဝန်းကျင်သို့ လျင်မြန်စွာကူးစက်ပြန့်ပွားသွားနိုင်ပါသည်။
တောင်ယာများ မီးရှို့ခြင်း၊ ရွှေ့ပြောင်းတောင်ယာစနစ်များကျင့်သုံးခြင်း၊ ရိုးပြတ်များမီးရှို့ခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း၊ နှစ်ရှည်သီးနှံများစိုက်ပျိုးရန် မြေပြုပြင်ခြင်း၊ အမှိုက်များနှင့် စွန့်ပစ်ပစ္စည်းများကိုမီးရှို့ခြင်း၊ အမဲလိုက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင်အသုံးပြုခြင်းကြောင့် မီးလောင်ကျွမ်းခြင်း စသည်တို့သည် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်ပါသည်။
ထို့ပြင် ကျောက်မီးသွေးနှင့် ထင်းလောင်စာအသုံးပြုမှု များပြားလာခြင်း၊ စက်ရုံ၊ အလုပ်ရုံများနှင့် အိုဟောင်းနေသော မော်တော်ယာဉ်များမှ ထုတ်လွှတ်သော မီးခိုးနှင့်ဓာတ်ငွေ့အမျိုးမျိုး များပြားလာခြင်း စသည့်အကြောင်းရင်းများကြောင့်လည်း မီးခိုးမြူငွေ့များ လေထုအတွင်း တိုးပွားလာပြီး လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပါသည်။
မီးခိုးမြူငွေ့များနှင့် လေထုညစ်ညမ်းမှု
မီးခိုးမြူငွေ့များဆိုသည်မှာ အခိုးအငွေ့များ၊ ဖုန်မှုန့်များ၊ အမှုန်များ၊ ရေခိုးရေငွေ့များ၊ အငွေ့ပြန်စေနိုင်သည့်အရာများ လေထုအတွင်းတွင် ပေါင်းစပ်ဖြစ်ပေါ်လာခြင်းကို မီးခိုးမြူငွေ့ဟု ခေါ်ဆိုပါသည်။ မီးခိုးမြူငွေ့များတွင် အလွန်သေးငယ်သော အမှုန်အမွှားများ Particulate Matter (PM2.5 , PM10)၊ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင် အောက်ဆိုက်၊ အိုဇုန်းနှင့် အခြားအဆိပ်အတောက်ဖြစ်စေသည့် ဓာတ်ငွေ့များ ပါဝင်ပါသည်။ မီးလောင်ကျွမ်းမှုများမှ ထွက်ရှိလာသည့် မီးခိုး၊ အမှုန်အမွှားများ၊ အထူးသဖြင့် PM2.5 နှင့် လေထုညစ်ညမ်းစေသည့် အလွန်သေးငယ်သော အမှုန်အမွှားများသည် လေထုအတွင်း စုစည်းကျန်ရှိနိုင်သကဲ့သို့ လေတိုက်နှုန်းနှင့် လေတိုက်ရာအရပ်ပေါ်မူတည်၍ နိုင်ငံနယ်နိမိတ်များကိုဖြတ်ကျော်ကာ အိမ်နီးချင်းနိုင်ငံများသို့ ရွေ့လျားနိုင်ပါသည်။
မီးခိုးမြူငွေ့များသည် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပြီး ရက်ကာလကြာရှည် လာသည်နှင့်အမျှ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး၊ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်တို့အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် လေထုညစ်ညမ်းခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများပျက်စီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ၊ အပင်များသေကျေပျက်စီးခြင်း၊ မျိုးသုဉ်းပျောက်ကွယ်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ရေအရင်းအမြစ်များထိခိုက်ခြင်း စသည့်ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့အပေါ်တွင်လည်း ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် Fire Hotspot ဖြစ်ပေါ်မှုအခြေအနေ
အာဆီယံမိုးလေဝသ စောင့်ကြည့်လေ့လာရေးဗဟိုဌာန (ASEAN Specialized Meteorological Center - ASMC) မှ ရရှိသော Fire Hotspot ဖြစ်ပေါ်မှု အချက်အလက်များအရ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်ပျမ်းမျှ ဖြစ်ပေါ်ခဲ့သော Fire Hotspot အရေအတွက်သည် ၄၅၀၀၀ မှ ၅၀၀၀၀ ခန့် ဖြစ်ပေါ်လေ့ရှိကြောင်း တွေ့ရှိရပါသည်။
သာမန်ထက် ပူပြင်းခြောက်သွေ့သောနှစ်များဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တွင် Fire Hotspot ၅၆၄၁၉ ခု၊ ၂၀၂၃ ခုနှစ်တွင် ၅၆၅၀၄ ခုနှင့် ၂၀၂၄ ခုနှစ်တွင် ၅၁၀၉၁ ခု ဖြစ်ပေါ်ခဲ့ပြီး ပုံမှန်နှစ်များထက် ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။ Fire Hotspot များ ဖြစ်ပေါ်မှုသည် ဇန်နဝါရီလမှစ၍ မြင့်တက်လာပြီး ပျမ်းမျှအားဖြင့် မတ်လတွင် ၄၈ ရာခိုင်နှုန်းခန့်နှင့် ဧပြီလတွင် ၃၂ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါလများတွင် တစ်နှစ်လုံးဖြစ်ပေါ်မှု စုစုပေါင်း ၏ ရာခိုင်နှုန်း ၈၀ ခန့်ဖြစ်ပေါ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အဆိုပါကာလများတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ပုံမှန်ထက်ပိုမိုပြီး ကြီးကြပ်စောင့်ကြည့် ထိန်းချုပ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ်မှ ၂၀၂၆ ခုနှစ် အထိ European Space Agency (ESA) WorldCover 2021 ဖြင့် မြေအသုံးချမှုအမျိုးအစားအလိုက် Fire Hotspot ဖြစ်ပေါ်မှုကို ဆန်းစစ်ရာတွင် Fire Hotspot ဖြစ်ပေါ်မှုမှာ ပျမ်းမျှအားဖြင့် သစ်ပင်ဖုံးလွှမ်းမြေတွင် ၆၅ ရာခိုင်နှုန်း၊ မြက်ခင်းပြင် (Grassland) တွင် ၁၈ ရာခိုင်နှုန်း၊ စိုက်ပျိုးမြေ (Cropland) တွင် ၁၆ ရာခိုင်နှုန်းနှင့် ချုံနွယ်များ ပေါက်ရာမြေ (Shrubland) နှင့် အခြားမြေများတွင် ၁ ရာခိုင်နှုန်းစီ ဖြစ်ပေါ်ခဲ့ပါသည်။
နေရာဒေသအလိုက် ရာသီဥတု၊ ပေါက်ရောက်သည့် သစ်ပင်အမျိုးအစား၊ စိုက်ပျိုးသီးနှံ (ရိတ်သိမ်းချိန်၊ စိုက်ပျိုးသည့် သီးနှံအမျိုးအစား) နှင့် အသက်မွေးဝမ်းကျောင်း အလေ့အထ (တောင်ယာမီးရှို့ခြင်း၊ အမဲလိုက်ခြင်း၊ သစ်တောအတွင်း မီးမဆင်မခြင် အသုံးပြုခြင်း) စသည့်အချက်များအပေါ်မူတည်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် Fire Hotspot ဖြစ်ပေါ်မှုအခြေအနေမှာ ကွဲပြားနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် နှစ်စဉ် Fire Hotspot ဖြစ်ပေါ်မှု အများဆုံးဖြစ်ပေါ်ခဲ့သည်။ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပျမ်းမျှ Fire Hotspot ဖြစ်ပေါ်မှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော Fire Hotspot အရေအတွက်ဖြစ်သည့် ၅၁၀၉၁ ခုကို အခြေခံအဖြစ်သတ်မှတ်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရာခိုင်နှုန်း ၂၀၊ ၂၀၂၇ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ၂၅ ရာခိုင်နှုန်း၊ ၂၀၂၉ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၃၅ ရာခိုင်နှုန်း နှစ်အလိုက် လျှော့ချနိုင်ရေး ရည်မှန်းချက်ထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ Fire Hotspot အရေအတွက် ၄၄၃၂၁ ခု ဖြစ်ပေါ်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်က ကာလတူထက် ၁၂ ရာခိုင်နှုန်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ Fire Hotspot အရေအတွက် ၄၄၉၆၄ ခု ဖြစ်ပေါ် ခဲ့သဖြင့် ၂၀၂၄ ခုနှစ် ကာလတူထက် ၁၁ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပါသည်။
Fire Hotspot ဖြစ်ပေါ်မှုနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးကာကွယ်ရေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် Fire Hotspot ဖြစ်ပေါ်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု တားဆီးကာကွယ်ရေး၊ နှစ်အလိုက် လျှော့ချနိုင်ရေး ရည်မှန်းချက်များ ပြည့်မီရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်ပူးပေါင်းပြီး အောက်ဖော်ပြပါလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်-
(က) စောင့်ကြည့်စစ်ဆေးရေးနှင့် ကြိုတင်သတိပေး စနစ်များ မြှင့်တင်ခြင်း
- ဂြိုဟ်တုအချက်အလက်များကိုအသုံးပြု၍ မီးလောင်နိုင်ခြေ မြင့်မားသောနေရာများကို နေ့စဉ်စောင့်ကြည့်ခြင်း၊ Fire Hotspot များကို နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊ မြေပုံပေါ်တွင်ဖော်ပြပြီး ဦးစားပေးစောင့်ကြည့်ရမည့် နေရာများသတ်မှတ်ခြင်း၊
- Fire Hotspot ဖြစ်ပေါ်မှုအား ASMC Website မှ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်၍ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ ကွင်းဆင်းစစ်ဆေးပြီး အသိပညာပေးခြင်း၊ အသိပေးခြင်း၊ မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ Email ဖြင့် နေ့စဉ်ပေးပို့ အကြောင်းကြားခြင်း၊
- ASMC မှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်လာပါက အများ ပြည်သူ သိရှိနိုင်စေရေးအတွက် သတင်းစာများတွင် သတင်းထုတ်ပြန်ခြင်းနှင့် ဖုန်းအော်ပရေတာများမှတစ်ဆင့် SMS ပေးပို့ အသိပေးခြင်း၊
- လေထုအရည်အသွေးအညွှန်းကိန်း (AQI) နှင့် PM2.5 အခြေအနေအပေါ်မူတည်၍ နေ့စဉ်သတင်းစာများ၊ Website နှင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြိုတင်အသိပေးခြင်း၊၊
(ခ) သစ်တောမီးနှင့် မြေယာမီးရှို့မှုများကို ကြိုတင်ကာကွယ်ခြင်း
- သစ်တောများအတွင်း မီးတားလမ်းများ၊ မီးကာတန်းများ၊ ရေရရှိနိုင်သောနေရာများနှင့် မီးငြှိမ်းသတ်ရေးလမ်းကြောင်းများကို ကြိုတင်ဖောက်လုပ်ထားခြင်း၊
- သစ်တောများနှင့် နီးစပ်သော စိုက်ပျိုးမြေများတွင် ရိုးပြတ်များ မီးရှို့ခြင်းကြောင့် သစ်တောတွင်း မီးကူးစက်မှုမရှိစေရေးကြပ်မတ်ဆောင်ရွက်နိုင်ရန် ကျေးရွာများတွင် မီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိခြင်း၊
- ဒေသခံ ကင်းလှည့်အဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ခေတ်မီမီးငြှိမ်းသတ်ရေးကိရိယာများ ပံ့ပိုးပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သင်တန်းများဖွင့်လှစ်၍ အဆင်သင့်ပြင်ဆင်ထားရှိခြင်း၊
- မီးသတ်ယာဉ်၊ ရေသယ်ယာဉ်၊ ရေစုပ်စက်၊ ကျောပိုးရေဖျန်းစက်၊ မီးရိုက်တံနှင့် တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများကို ကြိုတင်အသင့်ပြင်ဆင်ထားခြင်း၊ မီးငြှိမ်းသတ်ရေးသင်တန်းများ ဖွင့်လှစ်သင်တန်းပေးခြင်း၊
- စိုက်ပျိုးရေးအကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးခြင်းမပြုစေဘဲ မြေဆွေးပြုလုပ်ခြင်း၊ မြေဖုံးပစ္စည်းအဖြစ် အသုံးပြုခြင်း၊ တိရစ္ဆာန်အစာနှင့် ဇီဝစွမ်းအင်အဖြစ် ပြန်လည်အသုံးချခြင်း၊ ဒေသခံပြည်သူများကို အသိပညာပေးခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် အားပေးကူညီပံ့ပိုးဆောင်ရွက်ခြင်း၊
- တောမီးကင်းလှည့်အဖွဲ့များ၊ ရပ်ရွာအခြေပြု မီးဘေးကာကွယ်ရေးအဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းအဖွဲ့များကို ဖွဲ့စည်းလေ့ကျင့်ပေးခြင်း၊၊
(ဂ) မီးခိုးမြူငွေ့ညစ်ညမ်းမှုကို စောင့်ကြည့် ထိန်းချုပ်ခြင်း
- PM2.5 ၊ PM10 ၊ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလ်ဖာဒိုင်အောက်ဆိုက်၊ အိုဇုန်းနှင့် အခြားအဆိပ်အတောက် ဖြစ်စေသည့် ဓာတ်ငွေ့များနှင့် အခြားလေထုညစ်ညမ်းပစ္စည်းများကို စောင့်ကြည့်တိုင်းတာခြင်း၊
- မြို့ကြီးများ၊ စက်မှုဇုန်များ၊ မီးလောင်မှုများသော ဒေသများနှင့် နယ်စပ်ဒေသများတွင် လေထုအရည်အသွေး တိုင်းတာရေးစခန်းများနှင့် လေအရည်အသွေး တိုင်းတာခြင်းလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်း၊၊
(ဃ) ဥပဒေအရအရေးယူဆောင်ရွက်ခြင်း
- အယ်လ်နီညိုကာလအတွင်း စိုက်ပျိုးမြေပြုပြင်ခြင်းအတွက် မီးရှို့မှုများ လျှော့ချနိုင်ရေး သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းနှင့် ဒေသအခြေအနေများနှင့်အညီ တားမြစ်/ ကန့်သတ်မှုများချမှတ်၍ ကြပ်မတ်ဆောင်ရွက်ခြင်း၊
- သစ်တောများအတွင်း မီးအသုံးမပြုရ ကာလသတ်မှတ်ခြင်း၊
- သစ်တောများအတွင်း မဆင်မခြင် မီးရှို့ခြင်းအား ဥပဒေအရ အရေးယူခြင်း၊
- လမ်းသွားရင်း ဆေးလိပ်မီး မဆင်မခြင်စွန့်ပစ်ခြင်းကို တားမြစ်ခြင်း၊
- လဟာပြင်အမှိုက် မီးရှို့ခြင်းကိုတားမြစ်ခြင်း။
(င) ပြည်သူ့ကျန်းမာရေးနှင့် အသိပညာပေး လုပ်ငန်းများ
- လေထုညစ်ညမ်းမှုမြင့်မားချိန်တွင် ထိခိုက်လွယ်အုပ်စုများအတွက် ကျန်းမာရေးအသိ ပညာပေးခြင်း၊ လိုအပ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့်ပူးပေါင်း၍ ကာကွယ် ရေးအစီအမံများ ဆောင်ရွက်ခြင်း၊
- တောမီး၏ ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးထိခိုက်မှုများကို အများပြည်သူသိရှိအောင် ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊
- မီးခိုးမြူငွေ့ထူထပ်သည့်အချိန်တွင် ပြင်ပလှုပ်ရှားမှုများ လျှော့ချခြင်း၊ သင့်လျော်သော အသက်ရှူလမ်းကြောင်း ကာကွယ်ရေးပစ္စည်းများကို အသုံးပြုခြင်းအပါအဝင် မီးရှို့ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို ရပ်ရွာအခြေပြု ပညာပေးအစီအစဉ်များဖြင့် အသိပညာပေးခြင်း၊၊
(စ) ဒေသတွင်း/ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း
- အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံသဘောတူညီချက် (ASEAN Agreement on Transboundary Haze Pollution- AATHP) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံနှင့် ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက် (Chiang Rai Plan of Action 2017) တို့နှင့်အညီ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၊ မဲခေါင်ဒေသခွဲနိုင်ငံများနှင့်ပူးပေါင်း၍ Fire Hotspot ဖြစ်ပေါ်မှုလျှော့ချရေးနှင့် နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
- CLEAR Sky Strategy (2024-2030) အကောင်အထည်ဖော်ရေး အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ မီးခိုးမြူငွေ့ကင်းစင်သော ကောင်းကင်ဖြစ်စေရေး ၃ နိုင်ငံ ပူးတွဲလုပ်ငန်း စီမံချက် (Joint Plan of Action - CLEAR Sky Strategy) ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်၍ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး (က) မီးလောင်ကျွမ်းမှု ထိန်းချုပ်ရေးနှင့် ငြှိမ်းသတ်ရေးစနစ်၊ (ခ) ကြိုတင်ခန့်မှန်းခြင်းနှင့် စောင့်ကြည့်လေ့လာခြင်းစနစ်၊ (ဂ) ရေရှည်တည်တံ့သော စိုက်ပျိုးရေးစီမံခန့်ခွဲမှုစနစ်နှင့် (ဃ) မူဝါဒ၊ ဥပဒေချမှတ်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Fire Hotspot နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ဖို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့
Fire Hotspot များနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများကို ထိရောက်စွာ တားဆီးကာကွယ်နိုင်ရန် “မီးလောင်ပြီးမှ မီးခိုးမြူငွေ့များကို စီမံခန့်ခွဲခြင်း” ထက် “မီးမလောင်စေရန် Fire Hotspot များ မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်း” ကို ပိုမိုအလေးထားကြရမည်ဖြစ်ပါသည်။ ခြောက်သွေ့မှုက လောင်စာကိုပိုမိုခြောက်သွေ့စေပြီး အပူချိန်မြင့်တက်မှုက မီးလောင်နိုင်ခြေကို တိုးမြင့်စေနိုင်ပါသည်။ မီးလောင်ခြင်းမှထွက်ရှိသည့် မီးခိုးနှင့် အလွန်သေးငယ်သော အမှုန်အမွှားများ၊ PM2.5 များသည် လေတိုက်ခတ်မှုနှင့်အတူ ရွေ့လျားသွားပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်စဉ်များ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် မီးမလောင်စေရန်၊ Fire Hotspot များမဖြစ်စေရန် ကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။
တောင်ယာမီးရှို့ခြင်းများ၊ တောမီးလောင်ကျွမ်းခြင်းများနှင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းနှင့် အမှိုက်မီးရှို့ခြင်းများ လျော့နည်းကျဆင်းစေရေးအတွက် Fire Hotspot နှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု အများဆုံးဖြစ်ပေါ်သည့်ကာလ၊ နေရာဒေသ၊ မြေအသုံးချမှုအမျိုးအစားဆိုင်ရာ အချက်အလက်များ၊ ရာသီဥတုအခြေအနေများကိုအခြေခံပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒေသခံပြည်သူများအား ပံ့ပိုးကူညီခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီ စဉ်ဆက်မပြတ် ထိန်းသိမ်းကြပ်မတ်ခြင်း၊ တောမီးအပါအဝင် မီးလောင်ကျွမ်းမှုများအတွက် ငြှိမ်းသတ်မည့် အစီအစဉ်နှင့် ကာကွယ်ရေးအစီအမံများ ကြိုတင်ပြင်ဆင်ခြင်း၊ ဒေသခံပြည်သူများ၊ ဆက်စပ်ဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများ လျော့နည်းကျဆင်းစေရန်အတွက် ထိရောက်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။

No comments:
Post a Comment