ပါမောက္ခ ဒေါက်တာမျိုးခိုင် (ကွန်ပျူတာတက္ကသိုလ်)
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းဆင်း ကျွန်တော်၏ဖခင်ကြီးက ကျွန်တော့်အားဆုံးမလေ့ရှိသော စကားတစ်ခွန်းရှိပါသည်။ “ပညာရေးဆိုတာ နံရံလေးဖက် ကာရံထားတဲ့ စာသင်ခန်းထဲမှာပဲရှိတဲ့အရာ မဟုတ်ပါ” ဟူသည့် ကမ္ဘာကျော်အဆိုအမိန့်တစ်ခုပင် ဖြစ်ပါသည်။
လူသားတစ်ဦး၏ အသိဉာဏ်ပွင့်လင်းမှုနှင့်သင်ယူခြင်းလုပ်ငန်းစဉ်သည် စာသင်ခန်းတစ်ခု၊ ကျောင်းဝင်းတစ်ခု၊ သတ်မှတ်ထားသည့် အချိန်ကာလတစ်ခုအတွင်း၌သာ တည်ရှိနေခြင်းမဟုတ်ကြောင်းကို အနက်ရှိုင်းဆုံးလှစ်ဟပြခြင်းဖြစ်ပါသည်။ ပညာရေးဆိုသည်မှာ ပတ်ဝန်းကျင်ရှိအရာရာကို စူးစမ်းလေ့လာခြင်း၊ ဘဝအတွေ့အကြုံများမှတစ်ဆင့် သင်ခန်းစာယူရင့်ကျက်လာခြင်းနှင့် နေ့စဉ်ကြုံတွေ့ရသည့် အခက်အခဲများကိုကိုယ်တိုင်ဖြေရှင်းရင်း အမှားနှင့်အမှန်ကိုဆင်ခြင်တုံတရားဖြင့် ခွဲခြားတတ်လာခြင်းပင်ဖြစ်ပါသည်။
ဤပညာရေးသဘောတရားသည် လူသားတို့၏ လူ့အဖွဲ့အစည်းတွင်သာတည်ရှိသည်မဟုတ်ဘဲ သဘာဝလောကကြီးအတွင်းရှိ ကျေးငှက်တိရစ္ဆာန်လေးများ၌ပင် အခြေခံဗီဇအဖြစ်တည်ရှိနေပါသည်။ မိခင်ငှက်မကြီးက သားငယ်သမီးငယ်ငှက်ကလေးများကို အတောင်ပံဖြန့်ကာ အပျံသင်ပေးခြင်း၊ တိရစ္ဆာန်မိခင်များက မိမိတို့၏သားကောင်ငယ်များကို လောက၌ရှင်သန်နိုင်ရန် အစာရှာဖွေနည်းအတတ်ပညာများ သင်ကြားပေးခြင်းတို့သည်လည်း သဘာဝတရားကြီးကပေးအပ်ထားသည့် အဖိုးတန်လှသော “ပညာရေး”ပင် ဖြစ်ပါသည်။
ကျောင်းသင်ခန်းစာများသည် ကျွန်ုပ်တို့ကို စာပေအခြေခံနှင့်လမ်းစများကို ချပြပေးနိုင်သည်မှာ မှန်သော်လည်း ထိုကျောင်းနံရံများ၏ ပြင်ပရှိ ကမ္ဘာလောကကြီးတစ်ခုလုံးသည်ကား အသိပညာ၊အတတ်ပညာများကို အကန့်အသတ်မရှိပေးစွမ်းနေသည့် အကြီးမားဆုံးသော “လောကစာသင် ကျောင်းကြီး” ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့ခေတ်ကဲ့သို့ ကမ္ဘာ့အဆင့်မီ ပညာရပ်များကို နေရာ မရွေး၊ အချိန်မရွေးလက်လှမ်းမီနိုင်သည့်အချိန်တွင် ဤစကားသည် ပိုမိုထင်ရှားလာပြီး လူသားတို့၏ သင်ယူလိုစိတ်ရှင်သန်နေသရွေ့ လောကဓာတ်တစ်ခုလုံးသည် ကျွန်ုပ်တို့အတွက် ဘယ်သောအခါမျှ ကုန်ဆုံးမသွားမည့် စာသင်ခန်းကြီးဖြစ်နေပါတော့သည်။
သမိုင်းဦးပညာရေးမှသည် Smart Education ဆီသို့
ပညာရေးဆိုသည်မှာ လူသားတို့၏ သမိုင်းစတင်ကတည်းက ဒွန်တွဲပါရှိလာခဲ့သည့် မြင့်မြတ်သော အမွေအနှစ်တစ်ခု ဖြစ်ပါသည်။ ရှေးဦးလူသားတို့သည် ကျောက်ဂူနံရံများပေါ်တွင်အရုပ်များဆွဲ၍လည်းကောင်း၊ နှုတ်ဆင့်ကမ်းပုံပြင်များပြော၍လည်းကောင်း မိမိတို့၏ အတွေ့အကြုံနှင့်အတတ် ပညာများကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းခဲ့ကြပါသည်။ ထိုမှတစ်ဆင့် ပေရွက်၊ ပုရပိုက်များ၊ ထို့နောက် စက္ကူနှင့် ဖတ်စာအုပ်များ ပေါ်ထွက်လာပြီးနောက် စာသင်ခန်းများသည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူသားများကို အလင်းပြပေးခဲ့သည့် အခြေခံအုတ်မြစ်ကြီးများ ဖြစ်လာခဲ့ပါသည်။
ယနေ့ခေတ်တွင်မူ ဤအစဉ်အလာကောင်းများကို အားဖြည့်ပေးမည့် “စမတ်ပညာရေးစနစ်” (သို့မဟုတ်) “Smart Education” ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါသည်။ ယင်းသည် ရိုးရာစာသင်ခန်းများ၏ တန်ဖိုးကို ဖျက်ဆီးပစ်ခြင်းမဟုတ်ဘဲ အင်တာနက်၊ အဆင့်မြင့်ဆော့ဖ်ဝဲများနှင့် ဉာဏ်ရည်တု နည်းပညာ(AI)တို့ကို ပေါင်းစပ်ကာ သင်ကြားရေးကို ပိုမိုရှင်သန်လတ်ဆတ်လာအောင် ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ စာသင်သားတို့၏ ပင်ကိုအရည်အသွေး ကို ရှာဖွေဖော်ထုတ်ပေးပြီး ခေတ်နှင့်အညီ အသိပညာ၊ အတတ်ပညာများကို အကန့်အသတ်မရှိရှာဖွေနိုင်စေရန် နံရံများကို ဖွင့်လှစ်ပေးလိုက်ခြင်းလည်း ဖြစ်ပါသည်။
ကမ္ဘာ့အခြားတစ်ဖက်မှ ထိပ်တန်းတက္ကသိုလ်ကြီးများ၏ သင်ခန်းစာများကို မိမိအိမ်ဧည့်ခန်းထဲမှနေ၍ စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် အလွယ်တကူလေ့လာသင်ယူနိုင်ခြင်းသည်ပင် ရိုးရာပညာရေးကိုနည်းပညာဖြင့် အဆင့်မြှင့်တင်လိုက်သည့် Smart Education ၏ အစွမ်းထက်လှသော သာဓကတစ်ခုပင် ဖြစ်ပါသည်။
ပညာရေးစနစ်များ၏ ခေတ်အဆက်ဆက် ဆင့်ကဲပြောင်းလဲလာမှု
ရိုးရာပညာရေးစနစ်မှသည် ယနေ့ခေတ်နည်းပညာအခြေပြု စမတ်ပညာရေးစနစ်ဆီသို့ ကူးပြောင်းလာရာတွင် အဆင့်ငါးဆင့်တိုင်တိုင် ဆင့်ကဲပြောင်းလဲခဲ့ရခြင်းဖြစ်ပါသည်။ ဆရာက နှုတ်တိုက်သင်ကြား၍ ကျောင်းသားမှ နှုတ်တိုက်သင်ယူရသော “ပထမမျိုးဆက်ပညာရေး” (Edu-cation 1.0)၊ စက္ကူ၊ စာအုပ်နှင့်ပုံနှိပ်စက်များထွန်းကားလာပြီး အပြန်အလှန်ဆွေးနွေးသင်ယူလာ နိုင်သည့် “ဒုတိယမျိုးဆက်ပညာရေး” (Education 2.0)၊ အင်တာနက်နှင့် ကွန်ပျူတာပေါ်ပေါက်လာပြီး အချက်အလက်များကို ကိုယ်တိုင်ရှာဖွေနိုင်လာသည့် “တတိယမျိုးဆက်ပညာရေး” (Education 3.0)နှင့် အွန်လိုင်းဒီဂျစ်တယ်ဆော့ဖ်ဝဲများ E-learning ဖြင့် သင်ယူလာနိုင်သည့် “စတုတ္ထ မျိုးဆက်ပညာရေး” (Education 4.0)တို့ ဖြစ်ကြပါသည်။
ယခုအခါတွင်မူ ဉာဏ်ရည်တုနည်းပညာ(AI)နှင့် လူသားတို့အတူတကွပူးပေါင်းဖန်တီးပြီး ကျောင်းသားတစ်ဦးချင်းစီ၏ ဉာဏ်ရည်ဉာဏ်သွေး နှင့် အပြုအမူအလိုက် အထူးပြုသင်ကြားပေးနိုင်သည့် “ပဉ္စမမျိုးဆက်ပညာရေး” (Education 5.0) ဟူသော ‘Smart Education’ ခေတ်သစ်ဆီသို့ ချင်းနင်းဝင်ရောက်လာခဲ့ပြီ ဖြစ်ပါသည်။
ပညာရေး၏ စစ်မှန်သော ရည်မှန်းချက်နှင့် AI ၏ ပံ့ပိုးပေးနိုင်မှု
ပညာရေး၏ အဓိကရည်မှန်းချက်မှာ စာမေးပွဲတွင် အမှတ်ကောင်းကောင်းရရုံမျှ မဟုတ်ပါ။ ကလေးတစ်ယောက်ချင်းစီ၏ တွေးခေါ်နိုင်စွမ်းကိုဖွင့်ပေးရန်၊ ၎င်းတို့၏ ပင်ကိုအရည်အချင်းနှင့် ဝါသနာကို ရှာဖွေဖော်ထုတ်ပေးရန်နှင့် လူ့အဖွဲ့အစည်းအတွက် အသုံးဝင်မည့် လူတော်လူကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးဖို့ ဖြစ်ပါသည်။ ဉာဏ်ရည်တုနည်းပညာ(AI)သည် အဆိုပါရည်မှန်းချက်များ အောင်မြင်လာစေရန်အတွက် ပံ့ပိုးပေးနိုင်ပါသည်။
ကလေးတစ်ဦးချင်းစီနှင့် ကိုက်ညီမည့် အထူးကြပ်မတ်သင်ယူမှုစနစ်
လူ့သဘာဝအရ ကလေးတစ်ဦးနှင့်တစ်ဦးသည် စာလိုက်နိုင်စွမ်းချင်း၊ ဉာဏ်ရည်ဉာဏ်သွေးချင်းနှင့် ဝါသနာပါပုံချင်း မတူညီနိုင်ကြပါ။ ရိုးရာအတန်း ပညာရေးတွင် ဆရာတစ်ယောက်သည် ကျောင်းသား ၄၀ လုံးကို တူညီသောပုံစံဖြင့်သာ စာသင်ပေးနိုင် သဖြင့် ဉာဏ်နှေးသောကလေးများ ကျန်ရစ်ခဲ့တတ် ပါသည်။ သို့သော် AI နည်းပညာသည် ကလေး တစ်ဦးချင်းစီ၏ ဝါသနာ၊ စာလုပ်ပုံ၊ အားနည်းချက်နှင့် အားသာချက်များကို အသေးစိတ်လေ့လာပြီး ထိုကလေးနှင့် အကိုက်ညီဆုံးဖြစ်မည့် သင်ခန်းစာ များနှင့်လေ့ကျင့်ခန်းများကို အလိုအလျောက်ပုံစံထုတ်ပေးနိုင်ပါသည်။ ဉာဏ်ကောင်းသောကလေးကို ရှေ့သို့အမြန်သွားစေပြီး ဉာဏ်နည်းနည်းနှေးသောကလေးကို စိတ်ရှည်လက်ရှည်ဖြင့် နားလည်အောင် တွဲခေါ် ကူညီပေးနိုင်သည့်စနစ် ဖြစ်ပါသည်။
၂၄ နာရီပတ်လုံး အနားမှာရှိနေမည့် ဉာဏ်ရည်တုကျူတာများ
ကျောင်းသားများသည် ကျောင်းပြင်ပရောက်ရှိနေချိန် သို့မဟုတ် ညဉ့်နက်သန်းခေါင် စာကြည့်ချိန် တွင် နားမလည်သည့် သင်ခန်းစာများ၊ ခက်ခဲလွန်းသည့် မေးခွန်းများ ရှိလာတတ်ပါသည်။ AI Chatbot များသည် ဤပြဿနာကို အကောင်းဆုံးဖြေရှင်းပေး နိုင်ပါသည်။ ကျောင်းသားက မိမိမသိသည်ကို ရိုက်နှိပ်မေးမြန်းလိုက်ရုံဖြင့် အဆိုပါ AI စနစ်သည် စိတ်ရှည်လက်ရှည်ဖြင့် ချက်ချင်းအဖြေပေးရုံမျှ မကဘဲ အဆင့်ဆင့်တွက်နည်းနှင့် နားလည်လွယ်သော ရှင်းလင်းချက်များကိုပါ အချိန်မရွေး၊ နေရာ မရွေးပံ့ပိုးပေးနိုင်ပါသည်။
ဆရာ ဆရာမများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးခြင်း
ဆရာ ဆရာမများ၏ နေ့စဉ်ဘဝတွင် အချိန်အကုန်ဆုံးနှင့် အပင်ပန်းဆုံးအလုပ်တစ်ခုမှာ ကျောင်းသားများ၏ စာမေးပွဲအဖြေလွှာများအား စစ်ဆေးခြင်း၊ အိမ်စာစာအုပ်များအား အမှတ်ပေး ခြင်းနှင့် အမှတ်စာရင်းဇယားများ ပြုလုပ်ခြင်း စသည့်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဖြစ်ပါသည်။ AI နည်းပညာသည် မှန်/မှား၊ ကွက်လပ်ဖြည့်ကဲ့သို့သော ဓမ္မဓိဋ္ဌာန်မေးခွန်းများ၊ သင်္ချာပုစ္ဆာများသာမက ကျောင်းသားများ ကိုယ်တိုင်ရေးသားထားသည့် စာစီစာကုံးများကိုပါ မိနစ်ပိုင်းအတွင်း တိကျမှန်ကန်စွာ စစ်ဆေးပေးနိုင်စွမ်းရှိပါသည်။ ဤသို့ဖြင့် ဆရာ ဆရာမများသည် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များတွင် အချိန်ကုန်သက်သာသွားပြီး ကျောင်းသားများအား စာသေချာသင်ပေးနိုင်ရန်နှင့် ၎င်းတို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပြုစုပျိုးထောင်ပေးရန်အတွက် အချိန်ပိုမိုရရှိသွားပါသည်။
ကျောင်းသားများ၏ အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးနိုင်ခြင်း
ကျောင်းသားတစ်ဦး၏ ကျောင်းခေါ်ချိန် မှတ်တမ်း၊ နေ့စဉ်အိမ်စာတင်မှုနှင့် စာမေးပွဲ ရလဒ်များအား AI က ကွန်ပျူတာအချက်အလက်များမှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။ ထိုသို့ခွဲခြမ်း စိတ်ဖြာပြီးနောက် “ဤကျောင်းသားသည် အောင်နိုင် သည်”၊ “စာမလိုက်နိုင်တော့သဖြင့် အတန်းကျ နိုင်ခြေရှိသည်” သို့မဟုတ် “ကျောင်းထွက်ရမည့် အန္တရာယ်ရှိသည်” စသည်ဖြင့် ကြိုတင်ခန့်မှန်း၍ အချက်ပေးနိုင်ပါသည်။ ဤစနစ်ကြောင့် ဆရာများနှင့်မိဘများအနေဖြင့် ကလေးကိုအချိန်မီ သတိပြုမိပြီး လိုအပ်သော အကူအညီများပေးနိုင်မည်ဖြစ်ပါသည်။
Smart Education မှ ပေးစွမ်းနိုင်သည့် ကောင်းကျိုးချမ်းသာများ
Smart Education ကို ပြောင်းလဲကျင့်သုံးခြင်းအားဖြင့် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းသည် အောက်ပါ ကောင်းကျိုးများကို လက်တွေ့ခံစားရမည်ဖြစ်ပါသည်-
ပညာရေးအခွင့်အလမ်း ညီမျှလာခြင်း။ ယခင်က ကမ္ဘာ့အဆင့်မီ ပညာရပ်များ၊ အရည်အသွေးမြင့် သင်တန်းများကို တက်ရောက်နိုင်ရန်အတွက် ငွေကြေးအမြောက်အမြားအကုန်အကျခံကာ မြို့ကြီးပြကြီးများသို့ သွားရောက်သင်ယူခဲ့ကြရပါသည်။ သို့သော် Smart Education သည် ထိုအတား အဆီးကို ကျော်လွှားလိုက်ပြီ ဖြစ်ပါသည်။ ယခုအခါ အင်တာနက်လိုင်းနှင့် ဖုန်း၊ ကွန်ပျူတာရှိရုံဖြင့် တောရောမြို့ပါမကျန် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို အလွယ်တကူသင်ယူနိုင်ခွင့် ရရှိစေပါသည်။ ဝေးလံခေါင်ဖျားသည့် ကျေးလက်ဒေသများမှ ကလေးငယ်တစ်ဦးသည်လည်း နည်းပညာအကူအညီဖြင့် မြို့ပြမှကလေးများနည်းတူ ပညာရှာမှီးနိုင်ခွင့် ရှိလာပါသည်။
စာသင်ရသည်ကို ပျော်ရွှင်စရာဖြစ်စေခြင်း။ စာမျက်နှာများပေါ်ရှိ စာသားများကိုသာ နာရီပေါင်းများစွာ ဖတ်ရှုလေ့လာနေရသည့် သင်ယူမှုပုံစံသည် ကလေး ငယ်များအတွက် ရံဖန်ရံခါ ငြီးငွေ့စရာဖြစ်လာနိုင်ပြီး စာပေလေ့လာမှုကို စိတ်ပျက်အားလျော့သွားစေ တတ်ပါသည်။ Smart Education စနစ်တွင်မူ Virtual Reality (VR)နှင့် Augmented Reality(AR)ကဲ့သို့သော နည်းပညာများကို သင်ထောက်ကူပစ္စည်းအဖြစ်အသုံးပြုကာ သမိုင်းသင်ခန်းစာသင်ပါက ရှေးဟောင်းမြို့ပြနိုင်ငံများဆီသို့ ကိုယ်တိုင်ရောက်သွားသကဲ့သို့ လည်းကောင်း၊ ပထဝီဝင် သင်ခန်းစာသင်ရပါက တော၊ တောင်၊ ရေ၊ မြေ၊ လကမ္ဘာတို့ပေါ်တို့သို့ ရောက်ရှိသွားသကဲ့သို့ လည်း ကောင်း ရုပ်ကြွဗီဒီယိုများဖြင့် သင်ကြားပေးနိုင်ပါသည်။ သိပ္ပံစမ်းသပ်ချက်များကိုလည်း အန္တရာယ်မရှိဘဲ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် လက်တွေ့ဓာတ်ခွဲစမ်းသပ်ကြည့်နိုင်သဖြင့် ကလေးများ စာသင်ရသည်ကို ပိုမိုစိတ်ဝင်စားပြီး ဉာဏ်ပွင့် လွယ်စေမည် ဖြစ်ပါသည်။
ဒီဂျစ်တယ်အချက်အလက်အခြေပြု ပညာရေးဆိုင်ရာ လေ့လာဆန်းစစ်မှုများ လွယ်ကူလာခြင်း။ စမတ်ပညာရေးစနစ်သည် ကျောင်းသားများ၏ သင်ကြားသင်ယူမှု မှတ်တမ်းအားလုံးကို ဒီဂျစ်တယ် အချက်အလက် (Digital Data) များအဖြစ် စနစ်တကျပြောင်းလဲပေးနိုင်စွမ်းရှိပါသည်။ ဤသို့အချက် အလက်များ စုစည်းမိလာသည့်အခါ ဉာဏ်ရည်တုနည်းပညာ၏ အကူအညီဖြင့် ကျောင်းသားတစ်ဦးချင်းစီ၏ တိုးတက်မှုအားသာချက် အားနည်းချက်များကို လေ့လာဆန်းစစ်နိုင်ရုံမျှမက ကျောင်းတစ်ကျောင်းချင်းအလိုက် သင်ကြားမှုအရည်အသွေး၊ စာသင်နှစ် တစ်နှစ်ချင်းအလိုက် သင်ရိုးညွှန်းတမ်းများ၏ ထိရောက်မှုမှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ပညာရေးမူဝါဒများ၏ အားသာချက်၊ အားနည်းချက်များကို ဘက်စုံကဏ္ဍစုံ မြန်ဆန်လွယ်ကူစွာ ကိန်းဂဏန်း အထောက်အထားများဖြင့် လေ့လာဆန်းစစ်ဆောင်ရွက်လာနိုင်ခြင်းသည် ဤစနစ်၏ အကြီးမားဆုံးသော ကောင်းကျိုးချမ်းသာပင် ဖြစ်ပါသည်။
သတိပြုရမည့် အန္တရာယ်နှင့် စိန်ခေါ်မှုများ
မည်မျှပင်ကောင်းမွန်ပြည့်စုံသည့် နည်းပညာဖြစ်ပါစေ အသွားနှစ်ဖက်ပါသည့်ဓားကဲ့သို့ပင် အားနည်းချက်နှင့်ဘေးထွက်ဆိုးကျိုးများ ရှိနေတတ်ပါသည်။ ထို့ကြောင့် မိဘများနှင့် ဆရာများ အနေဖြင့် အောက်ပါအချက်များအား အထူးသတိပြု ရန် လိုအပ်ပါသည်-
နည်းပညာကွာဟမှု ပြဿနာ။ လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းလွှမ်းခြုံနိုင်မှု အားနည်းသေးသည့် ဒေသများအပြင် ခေတ်မီနည်းပညာသုံး ဒီဂျစ်တယ်ပစ္စည်းများအား လက်လှမ်းမမီနိုင်သည့် ကလေးငယ်များသည် ဤစမတ်ပညာရေးစနစ်သစ်တွင် အခွင့်အလမ်းနည်းပါးကာ နောက်ကျကျန်ရစ်ခဲ့မည့် အန္တရာယ် ရှိနေပါသည်။
ကလေးများ၏ ကိုယ်တိုင်တွေးခေါ်မှု ကျဆင်းသွား နိုင်ခြင်း။ ကျောင်းမှပေးလိုက်သည့် အိမ်စာများ၊ မေးခွန်းများနှင့် စာစီစာကုံးများကို မိမိကိုယ်တိုင် ဦးနှောက်သုံးပြီး မစဉ်းစားတော့ဘဲ AI ကိုသာ ရေးခိုင်း၊ တွက်ခိုင်းပြီး အလွယ်တကူကူးချလာနိုင်ပါသည်။ ဤသို့ဖြင့် ကလေးများသည် ဉာဏ်ပညာ ဆိုင်ရာ ပျင်းရိမှုများဖြစ်လာပြီး မိမိကိုယ်တိုင်ဆင်ခြင်တုံတရားဖြင့် တွေးခေါ်နိုင်စွမ်းအားနည်း သွားနိုင်ပါသည်။
ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှု။ ကျောင်းသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ မှတ်ပုံတင်များ၊ နေ့စဉ် အပြုအမူများနှင့် စာမေးပွဲမှတ်တမ်းအားလုံးကို ကွန်ပျူတာစနစ်များထဲတွင် သိမ်းဆည်းထားရသဖြင့် ထိုအချက်အလက်များပေါက်ကြားခြင်း သို့မဟုတ် ဟက်ကာ (Hacker) များ၏ လက်ထဲသို့ ရောက်ရှိသွားပြီး အလွဲသုံးစားလုပ်ခံရခြင်း ဘေးအန္တရာယ်များ ရှိနေပါသည်။
လူမှုဆက်ဆံရေးနှင့် စာနာစိတ်လျော့နည်းလာမှု။ ကလေးငယ်များသည် လူသားအချင်းချင်း ထိတွေ့ဆက်ဆံခြင်းမရှိတော့ဘဲ ဖုန်းသို့မဟုတ် ကွန်ပျူတာမျက်နှာပြင်ရှေ့တွင်သာ တစ်နေကုန် အချိန်ကုန်ဆုံးနေမည်ဆိုပါက သူငယ်ချင်းအချင်းချင်း အသင်းအဖွဲ့ဖြင့် စုပေါင်းလုပ်ဆောင်နိုင်စွမ်း၊ အနစ်နာခံလိုစိတ်နှင့် လူမှုဆက်ဆံရေးစွမ်းရည်များ တဖြည်းဖြည်း လျော့နည်းကျဆင်းသွားနိုင်ပါသည်။
အနာဂတ်ပညာရေးတွင် ဆရာ ဆရာမများ၏ အခန်းကဏ္ဍ မည်သို့ပြောင်းလဲလာမည်နည်း
“နည်းပညာတွေက ဒီလောက်တောင် အစွမ်းထက်ပြီး အကုန်လုံးလုပ်ပေးနိုင်ရင် အနာဂတ်မှာ ဆရာ ဆရာမတွေ မလိုတော့ဘူးလား”ဆိုသည့် မေးခွန်းသည် ယနေ့ကမ္ဘာတွင် စိုးရိမ်တကြီး မေးလေ့ရှိသော မေးခွန်းတစ်ခု ဖြစ်လာပါသည်။
စင်စစ်အားဖြင့် AI နည်းပညာသည် ဆရာ ဆရာမများကို ဘယ်သောအခါမျှ အစားမထိုးနိုင်ပါ။ AI စနစ်တစ်ခုသည် အချက်အလက်များကို အမှားအယွင်းမရှိ တိကျစွာသင်ပေးနိုင်သော်လည်း ကလေးတစ်ယောက်ငိုနေသည့်အခါ နှစ်သိမ့်ပေးနိုင်မည့် ဆရာ ဆရာမတို့၏ လူသားချင်းစာနာမှု၊ ချစ်ခြင်း မေတ္တာ၊ အမှားအမှန်ကိုဆုံးမပေးနိုင်မည့် ကိုယ်ကျင့်တရားနှင့် နွေးထွေးမှုများကိုမူ ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပါ။
အနာဂတ် Smart Education တွင် ဆရာ ဆရာမများ၏ အခန်းကဏ္ဍသည် “ပို့ချသူ”ဟု ဆိုခြင်းထက် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် ဘဝလမ်းမှန် ရောက်အောင် လမ်းညွှန်ပေးသည့် “လူသားလမ်းပြ”များအဖြစ် ပိုမိုအရေးပါပြီး တန်ဖိုးတက်လာမည် ဖြစ်ပါသည်။
ထို့ကြောင့် ခေတ်သစ်ကမ္ဘာတွင် ဆရာ ဆရာမများအနေဖြင့် ဉာဏ်ရည်တုနည်းပညာ(AI)ကို စနစ်တကျလေ့လာဆန်းသစ်ပြီး မိမိတို့၏ ပညာရေး လုပ်ငန်းစဉ်များတွင် ထိရောက်စွာ ပေါင်းစပ်အသုံးချတတ်ရန် အလွန်ပင်လိုအပ်လှပါသည်။ နည်းပညာ၏ အစွမ်းထက်မှုနှင့် ဆရာ ဆရာမတို့၏ မေတ္တာ၊ စေတနာ၊ ကရုဏာနှင့် အတတ်ပညာများ ပေါင်းစပ်သွားသည့်အခါ ပိုမိုပြည့်စုံသော ပညာရေးစနစ်သစ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
အနှစ်ချုပ်အားဖြင့်ဆိုရသော် ပညာရေးအတွက် ဉာဏ်ရည်တုနည်းပညာနှင့် Smart Education ဆိုသည်မှာ ကျွန်ုပ်တို့ ငြင်းပယ်၍မရ၊ ရှောင်လွှဲ၍မရသည့် ခေတ်ရေစီးကြောင်းကြီးတစ်ခုဖြစ်ပါ သည်။ ဤနည်းပညာသည် ပညာရေးကို ပိုမိုထိရောက်မြန်ဆန်စေပြီး ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်သစ်ကလေးငယ်များကို အရည်အသွေးမြင့်မားသော လူသားအရင်းအမြစ်များ ဖြစ်လာအောင် မွေးထုတ်ပေးနိုင်ပါသည်။ သို့သော် ဤနည်းပညာကို အောင်မြင်စွာအသုံးချနိုင်ရန်အတွက် နိုင်ငံတော်၊ ကျောင်း၊ မိဘနှင့် လူထုတစ်ရပ်လုံးက ဝိုင်းဝန်းပြီး နည်းပညာကွာဟမှုကို လျှော့ချကြရမည် ဖြစ်သလို ကလေးများ လမ်းမှားမရောက်အောင်လည်း စနစ်တကျထိန်းကျောင်းပေးကြရမည် ဖြစ်ပါသည်။
လူသားတို့၏ နွေးထွေးသည့် လမ်းညွှန်ဆုံးမမှု များနှင့် AI နည်းပညာ၏ ထူးချွန်ထက်မြက်မှုတို့ကို အချိုးကျကျ ပေါင်းစပ်အသုံးပြုနိုင်မည်ဆိုပါက ကျွန်ုပ်တို့၏ သားသမီး၊ တပည့်၊ နိုင်ငံ့ရင်သွေး မောင်မယ်များသည် အသိပညာ၊ အတတ်ပညာအရာတွင်ရော ကိုယ်ကျင့်တရားအရာတွင်ပါ ထူးချွန်ပြည့်စုံသည့် (၂၁)ရာစုကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်မည့် လူတော်လူကောင်းများ နိုင်ငံသားကောင်းများဖြစ်လာကြမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။
ကိုးကား
- Artificial intelligence in Education, UNESCO, 2026.
- Generative artificial intelligence in fifth-generation education systems: A syste-matic review, Sanjay Chakraborty,Elsevier, 2026.
- Artificial intelligence-based personalized learning in education: a systematic literature review, Helia Farhood, et al., Discover Artificial Intelligence, Springer Nature, 2025.
No comments:
Post a Comment