Saturday, October 17, 2026

ကိုယ်ပိုင်မူဟန် စိုက်ထူပြန်သည့် ယဉ်ကျေးမှုအသိနှင့် အနုပညာအနှစ်

 

မိုးကေနိုင်

ကမ္ဘာပေါ်မှာဘယ်နိုင်ငံ၊ ဘယ်လူမျိုးမဆို မိမိတို့ကိုယ်ပိုင် အနုသုခုမယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ လူမှုအမူအကျင့်၊ ဝတ်စားဆင်ယင်မှု၊ မိခင်ဘာသာစကား၊ စာပေသမိုင်းကြောင်းတွေကို အလေးအနက်တန်ဖိုး ထားလေ့ရှိကြတယ်။ နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဘုံစံတန်ဖိုးတွေဖြစ်တဲ့အပြင် ဂုဏ်ယူစရာသမိုင်း အမွေအနှစ် တွေအဖြစ် မျိုးဂုဏ်မြင့်မားစေတဲ့အတွက် ဖြစ်ပါတယ်။ အလားတူမြန်မာနိုင်ငံမှာ မြန်မာလူမျိုးရယ်လို့ မော်ကြွားနိုင်တဲ့ ထို - ထိုလက္ခဏာရပ်တွေကို သမိုင်းစဉ်ဆက် ပိုင်ဆိုင်ထားတဲ့အတွက် ကြောင့်လည်း ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးရယ်လို့ အမြဲဂုဏ်ယူစရာဖြစ်ခဲ့ကြရတယ်။

မြန်မာတို့ရဲ့ ယဉ်ကျေးမှုတန်ဖိုးများ

မြန်မာတို့ရဲ့ထိုတန်ဖိုးတွေက သမိုင်း ကြောင်း အရှည်ကြီးရှိခဲ့ပြီး ယခုအချိန် အထိလည်း ခိုင်ခံ့တည်တံ့ဆဲပါ။ ဘိုးဘွား မိဘအဆက်ဆက်က ခြေရာလက်ရာမပျက်ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့တာကြောင့်ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာ တို့ရဲ့ ထိုတန်ဖိုးတွေဟာ ယခုအခါမှာ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းနေ ပြီလား။ ထင်မြင်စရာ အကြောင်းတရားတွေကလည်း ရှိလာနေပြီဖြစ်တယ်။ အချိန်မီချုပ်မှ အစုတ်သက်သာမယ့်အထဲမှာ ထိုအရေးကြီးတဲ့တန်ဖိုးတွေ အဓိက ပါဝင်နေပါတယ်။

ယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကား စတာတွေ ယုတ်လျော့ပျက်စီးရခြင်း အကြောင်းတရားများစွာမှာ အချို့သော အကြောင်းတရားများစွာကြောင့် ပျက်စီး လုနီး ဦးတည်နေတာ တွေ့ရတယ်။ မြန်မာနိုင်ငံဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင် ၊ ရှမ်း ဆိုတဲ့ လူမျိုး ပေါင်းစုံတို့စုဝေးရာ အသိုက်အဝန်းကြီး ဖြစ်ပြီး လူမျိုး၊ လူမျိုးစုအသီးသီးတို့ရဲ့ ယဉ်ကျေးမှုတွေ ပေါင်းစည်းနေထိုင်ရာ Multiculturalism အစုအဝေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိမိ ယဉ်ကျေးမှု၊ မိမိလူမျိုးသမိုင်းကြောင်း ပျက်စီးရာပျက်စီးကြောင်း အကြောင်း တရားတွေ မဖန်တီးမိဖို့၊ မြန်မာ့ယဉ်ကျေးမှု ဘာသာတရားမပျောက်ပျက် မပျက်စီးအောင် မိမိတို့မှာ အထူးတာဝန်ရှိပါ ကြောင်း ခံယူထားရမှာဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးမှာ ထိုမျှအရေးကြီးတဲ့ ယဉ်ကျေးမှုတန်ဖိုးကို ဘာကြောင့် ထိန်းသိမ်းစောင့် ရှောက်သင့် ပါသလဲ..ဆိုရင် ထိုနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာအသွင်အပြင်မှာ ထိုလူမျိုးရဲ့ တန်ဖိုး၊ ထိုနိုင်ငံသားတို့ရဲ့စရိုက်၊ အမှတ် သညာ၊ အသက်ဝိညာဉ်တွေက ကပ်ငြိ ယဉ်တွဲနေလို့ပါပဲ။ အထူးသဖြင့် မြန်မာ တိုင်းရင်းသားအားလုံးရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှုတွေဟာ ချစ်ခင်ရင်းနှီးမှု၊ ပျူငှာဖော်ရွေမှု၊ စေတနာသဒ္ဓါတရား၊ ရိုးသားမှု၊ ပျော်ရွှင်ကြည်နူးဖွယ်တွေနဲ့ ဆက်စပ်နေခြင်းကြောင့်လည်း ဖြစ်ပါတယ်။

မြန်မာ့ယဉ်ကျေးမှုမှာ မူပိုင်အလှ၊ ကိုယ်ပိုင်ဟန်ပန်၊ မြင့်မားတဲ့အတွေးအခေါ်နဲ့ အသိပညာ၊ စိတ်နေသဘောထား၊ လူနေမှုပုံစံ၊ ဘာသာစကားအဆုံးအမ များစွာမှာ ထူးခြားမှုတစ်သီကြီးနဲ့ အလှ ကိုယ်စီရှိနေတယ်။ အစဉ်အလာ ကောင်းခဲ့တဲ့ လူ့အဖွဲ့အစည်းတွေကို မတူကွဲပြား ခြားနားတဲ့ ယဉ်ကျေးမှုတွေနဲ့ ပေါင်းစပ် တည်ဆောက်ထား နိုင်ခြင်းကြောင့်လည်း ဖြစ်တန်ရာတယ်။ တစ်ဦးနဲ့တစ်ဦး ခံစားချက်ချင်းနီးစပ်ဖို့က ယဉ်ကျေးမှုချင်း ဂဟေဆက်နိုင်မှသာ ပိုပြီးထိရောက်မှု ရှိမှာမဟုတ်လား။ ဒါကြောင့် လူ့အဖွဲ့ အစည်းတစ်ခုဟာ ယဉ်ကျေးမှုနဲ့ ကင်းကွာ ပြီး မဖြစ်နိုင်သလို ယဉ်ကျေးမှုမဲ့တဲ့ လူမျိုး မှာ သမိုင်းလည်းမရှိနိုင်ဘူးဆိုတာ သိထား ရမယ့်အချက်ပဲ။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးအသီးသီးရဲ့ အဆို ၊ အက၊ အရေး၊ အတီး၊ စာပေ၊ ပန်းချီ စတဲ့ အနုသုခုမပညာတွေဟာ ရှေးကျပေမယ့် အဆင့်မြင့်မားလွန်း တာတွေ့ရပြီး ခေတ်အဆက်ဆက် တန်ဖိုးထားခံ ရခြင်းဟာ ဘာသာတရားရဲ့ လွှမ်းမိုးမှုနဲ့အတူ ကုသိုလ်အရေးအရာ တွေနဲ့လည်း တွဲစပ်နေခြင်းကြောင့် ဆိုတာ မမေ့သင့်ဘူး။ အကျိုးဆက်က ဝတ်စားဆင်ယင်မှုကအစ ရမ်းကားမှုမရှိ၊ ဟော့သွမ်းမှုမရှိ၊ ယဉ်ယဉ်ကျေးကျေးနဲ့ နူးညံ့သိမ်မွေ့လှတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအလှတရားတွေကို ပိုင်ဆိုင် ခွင့် ရလိုက်တာပါပဲ။

ပျိုးထောင်ရမယ့် အနုပညာချစ်စိတ်

ဒါပေမဲ့ ဒီလိုတန်ဖိုးထားထွန်းကား ခဲ့တဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ကြားက ဆုတ်ယုတ်မသွားအောင်၊ မြင့်သည်ထက်မြင့်နေအောင် ယခုအခါမှာတော့ မနည်း ကြိုးပမ်း ထိန်းသိမ်းကာကွယ်စောင့်ရှောက် နေရပါပြီ။ သိတဲ့အတိုင်း ယဉ်ကျေးမှု ပျောက်ရင် လူမျိုးပါပျောက်ကွယ်တယ် ဆိုတဲ့ သဘောတရားကို လျစ်လျူမရှူမိဖို့ လိုနေပါတယ်။ မြန်မြန်ဆန်ဆန် ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ယဉ်ကျေး မှုနဲ့ပတ်သက်ရင် ယနေ့လူငယ်တွေ အတွေးအခေါ်ကအစ လွဲလို့မဖြစ်ပါ။

ယဉ်ကျေးမှု အနုပညာအစိတ်အပိုင်း တစ်ခုစီနဲ့ပတ်သက်ပြီး အသိအတတ် ပညာရပ်တွေ နားလည်တတ်မြောက် ထားသင့်ပါတယ်။ အနုပညာအခြေခံနဲ့ အနုပညာချစ်မြတ်နိုးစိတ်ကို စာသင် ကျောင်းမှာကတည်းက ပျိုးထောင်ပေး ထားသင့်တယ်။ ကလေးသူငယ်အရွယ် ကစပြီး အနုပညာတစ်ခုခုမှာ ဝါသနာပါ နေအောင်၊ မြန်မာ့ရိုးရာအနုပညာကို မြတ်နိုးခင်မင် တွယ်တာစိတ်ဖြစ်နေ အောင် ပညာပေးနှိုးဆော်ထားသင့်ပါ တယ်။

မိမိယဉ်ကျေးမှုသမိုင်းကြောင်းက အစ သိနားလည်ထားဖို့ လိုအပ်သလို ကမ္ဘာ့နိုင်ငံတွေနဲ့ လူမျိုးအသီးသီးက ကော သူတို့ယဉ်ကျေးမှုကို ဘယ်လိုတန်ဖိုး ထားကြသလဲ၊ ဘယ်လိုထိန်းသိမ်း ကာကွယ် စောင့်ရှောက်နေကြသလဲ၊ တိုင်းတစ်ပါးယဉ်ကျေးမှု ဘယ်လိုဝင်လာ လာ မိမိယဉ်ကျေးမှုကို မပပျောက်အောင်၊ အရိုးပေါ်အရွက်မဖုံး ဘယ်လိုအတုယူ ပေါင်းစပ်ဖန်တီးနေကြသလဲ၊ သင်ခန်းစာ ယူဖို့ကောင်းတဲ့ ခွဲခြမ်းစိတ်ဖြာအသိတွေ ကို ဖတ်မှတ်မြင်သိခြင်းကတစ်ဆင့် လိုက်နာသင့်ကြပါတယ်။ တိုင်းတစ်ပါး ယဉ်ကျေးမှု ဝါးမျိုမခံရအောင်နိုးနိုး ကြားကြား သတိရှိသင့်ကြောင်းတွေ့ရပါ မယ်။

ဖန်တီးမှုအသစ်တွေနဲ့ ကိုယ်ပိုင်မူဟန်ဖြစ်ဖို့

နိုင်ငံသားအားလုံးဟာ မိမိတို့စာပေ၊ မိခင်ဘာသာစကား၊ ကိုယ်ပိုင်အနုပညာ ကို တိုင်းတစ်ပါးတို့နဲ့တွေ့ရင် ဂုဏ်ယူစွာနဲ့ ထုတ်ဖော်ပြသနိုင်စွမ်းရှိရပါမယ်။ အတိတ်ကာလက အနုပညာရှင်ကြီးတွေ ဟာ မြန်မာ့အနု ပညာကို ကမ္ဘာအနှံ့ ဖြန့်ကြက်နိုင်စွမ်းရှိခဲ့တဲ့အတွက် ကမ္ဘာ့ အလယ်မှာ ဂုဏ်ယူစရာ ဝင့်ကြွားစရာ ဖြစ်ခဲ့ဖူးတယ်။ ယခုအချိန်မှာတော့ တိုင်းတစ်ပါးယဉ်ကျေးမှုကသာ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ထိုး ဖောက်နေတဲ့ အနေအထားဖြစ်နေတယ်။ အထူးသဖြင့် ယဉ်ကျေးမှုကိုယ်ခံအား နည်းတဲ့ လူငယ်တွေမှာ ပိုပြီးတိုက်စား ခံရတဲ့ အနေအထားရောက်နေတယ်။

ယဉ်ကျေးမှုချင်း ရောပြွမ်းပေါင်းစပ် ရာကနေ ဝါးမျိုခံရမယ့်အနေအထားအထိ စိုးရိမ်စရာဖြစ်လာတယ်။ မိမိတို့ရဲ့လူမှု စနစ်၊ ဘာသာတရား၊ မင်္ဂလာတရားတွေနဲ့ကိုက်ညီမှု ရှိ၊ မရှိ ကွဲကွဲပြားပြား ခွဲခြားနိုင်စွမ်းရှိ သင့်တယ်လို့ ယူဆပါတယ်၊ အထူးသဖြင့် လူငယ်တွေအတွက်ပါ၊၊ ယဉ်ကျေးမှုနဲ့ပတ်သက်ရင် အလေးအနက် ထား သတိပြုရမယ့် လိုအပ်ချက်များစွာနဲ့ ဆက်လက်ပြုပြင်ရမယ့်အချက်များစွာ ရှိနေကြောင်း လက်ခံရမှာဖြစ်ပါတယ်။

တိုင်းရင်းသားတို့ရဲ့ အနုပညာ အမြဲတမ်းပွဲထုတ်ပေးနေ

ပိုပြီးကောင်းလာမယ်၊ တီထွင် ဖန်တီးဆန်းသစ်မှုရှိပြီး ခေတ်မီတဲ့ ယဉ်ကျေးမှုဖြစ်မယ်၊ တိုးတက်မှုဆီ ရှေးရှု မယ်ဆိုရင်တော့ ပေါင်းစပ်သင့်ပေါင်းစပ်ရမယ်၊ ဖလှယ်သင့်ဖလှယ်ရပါမယ်။ ပေါင်းစပ်တယ်ဆိုတာ ပုံတူကူးချခြင်းကို မဆိုလို၊ သူ့ယဉ်ကျေးမှုဆီက မိမိတို့ ရိုးရာနဲ့လိုက်ဖက်တာကိုယူမယ်၊ အသစ် တီထွင်ဖန်တီးပြီး မိမိကိုယ်ပိုင်ဟန် ဖြစ်အောင်လုပ်တာပါပဲ။ ဒါပေမဲ့ အမျိုးသားရေးကြန်အင် ထိခိုက်တဲ့အထိ တော့ ခွင့်မပြုသင့်ဘူး။ တကယ်တော့ ဂုဏ်ထူးဝိသေသအထူးရှိတဲ့ မြန်မာ့ ယဉ်ကျေးမှုဟာ ဂုဏ်ယူစရာအပြည့်ရှိပြီး သား ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေ ကိုယ်တိုင်က မြန်မာ့အနုပညာကို လေးလေးစားစား တန်ဖိုးထားပြီးသားပါ။ မိမိတို့ကိုယ်တိုင် ကသာ မိမိတို့အနုပညာကို တန်ဖိုးထား ဂုဏ်ယူတတ်ဖို့ လိုအပ်နေတာ။ သူတို့က အနုပညာကို ပညာမျက်စိနဲ့ တန်ဖိုး ဖြတ်တတ်ကြတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ အနုသုခုမတို့ဟာ နိုင်ငံရဲ့ မျိုးချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ပညာရေချိန်၊ နိုင်ငံရေး၊ စီးပွားရေးကိုယ်ခံစွမ်းအားတွေ နဲ့လည်း ဆက်စပ်နေပါတယ်။ မျိုးချစ် စိတ်ကင်းမဲ့ ခြင်းဟာ ယဉ်ကျေးမှုအလှ အပတွေရဲ့တန်ဖိုးကို ယုတ်လျော့သွားစေ သလို နိုင်ငံသားတို့ရဲ့ဇာတိမာန်ကို ရိုက်ချိုး ချင်ရင် ယဉ်ကျေးမှုကို ဦးစွာဖျက်ဆီးလေ့ ရှိကြတယ်ဆိုတာ နားလည်ထားဖို့လိုပါ တယ်။

ဒါကြောင့်လည်း အမျိုးသားအဆင့် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲကြီးတွေကို နှစ်စဉ် အလေးအနက် ထားကျင်းပပေးနေတာ ဖြစ်ပါတယ်။ နိုင်ငံတည်ငြိမ်အေးချမ်းရေးမှာ အထောက် အကူပြုတဲ့ ကဏ္ဍတစ်ရပ်အဖြစ်လည်း အသိအမှတ်ပြုထားပါတယ်။

ခေတ်အဆက်ဆက် တတ်နိုင်သမျှ ဒီလိုမှ မဆောင်ရွက်ဘူးဆိုရင် အနာဂတ် မြန်မာ့ယဉ်ကျေးမှု အလားအလာနဲ့ အမျိုးသားရေးစရိုက်ဟာ စိုးရိမ်ဖွယ်ရာ အနေအထား ဆိုက်ရောက်သွားမှာဖြစ်ပါ တယ်။ ဒါကြောင့်လည်း မြန်မာ့ရိုးရာ အက၊ ဂီတ ၊ စာပေပညာတွေ မပျောက် အောင် စဉ်ဆက်မပြတ်ထိန်းသိမ်းနေရ ခြင်း ဖြစ်ပါတယ်။ ဒီလိုပြိုင်ပွဲကြီးတွေကမှ လေးစားအားကျဖွယ် သမ္ဘာရင့်ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ လူငယ်မျိုးဆက် သစ်တွေ အကြား လက်ဆင့်ကမ်း ချိတ်ဆက်ပေးနိုင်မှာ အနုပညာသွေးသစ် လောင်းနိုင်မှာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက် အနုပညာရှင် ဆရာကြီး ဆရာမကြီးအများစုဟာ အမျိုးသားရေး အနုပညာရှင်တွေအဖြစ် ထင်ရှားကျော်ကြားခဲ့ကြပြီး သူတို့ရဲ့ ထက်သန်တဲ့မျိုးချစ်စိတ်က လေးစား အားကျ အတုယူဖွယ်ရာဖြစ်ခဲ့ပါတယ်။ ရှေးခေတ်ပညာရှင်ကြီးတွေရဲ့ အနုသုခုမ အရည်အသွေးက ဇာတိသွေး ဇာတိမာန် ကို နှိုးဆွပေးနိုင်စွမ်းရှိခဲ့ပြီး အမျိုးသားရေး နဲ့ညီညွတ်မှု စိတ်ဓာတ်တွေ ထက်သန်စေ တာလည်း တွေ့ရတယ်။

ဒါကြောင့်လည်း ယခုနှစ်ပြိုင်ပွဲမှာ တိုင်းရင်းသားတွေရဲ့ ရိုးရာတူရိယာ ပစ္စည်းတွေကိုပေါင်းစပ်ပြီးမှ တိုင်းရင်း သားဘာသာစကားနဲ့ရေးစပ်ထားတဲ့ ဂီတ အနုသုခုမနဲ့ တိုင်းရင်းသားအကပြိုင်ပွဲတွေကို တွေ့မြင် လာရခြင်းဖြစ်ပါတယ်။ တိုင်းရင်းသား အားလုံးရဲ့ အနုပညာနဲ့ ဓလေ့ထုံးတမ်း တွေကို ယခုလိုဂုဏ်ယူစွာ ပွဲထုတ်ပေးနေခြင်းဟာ ယခုအချိန်မှာ အထူးလိုအပ်နေတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို လေးစား တန်ဖိုးထားခြင်းတစ်မျိုးအဖြစ် ယူဆ နိုင်ပါတယ်။

အမှန်တော့ မြတ်နိုးဖွယ်ရာ ရတနာ အမွေအနှစ်ဖြစ်တဲ့ မြန်မာ့ရိုးရာယဉ်ကျေး မှု အစုစုကို မပျောက်ပျက်၊ မဆုံးရှုံးအောင် သမိုင်းအစဉ်အဆက် ထိန်းသိမ်းကာကွယ် ရမယ့်တာဝန်ဟာ အားလုံးမှာရှိပါတယ်။ တည်တံ့အောင်လုပ်ရမယ့်အပြင် ဖွံ့ဖြိုး အောင်လည်း လုပ်ရမှာဖြစ်တယ်။ မြန်မာ လူမျိုးတို့ရဲ့ ဘဝနဲ့ ဂုဏ်သိက္ခာကို မြန်မာတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုအလှတရား တွေနဲ့သာ တည်ဆောက်ရမှာဖြစ်ပြီး ယဉ်ကျေးမှု အုတ်မြစ် ခိုင်ခိုင်မာမာ ရှိမှလည်း အမျိုးသားရေးအားမာန်က အားကောင်းလာမှာဖြစ်တယ်၊ ဒီလိုလက်ခံ ထားရမှာ ဖြစ်ပါတယ်။

အရိုင်းကနေအယဉ်၊ အကြမ်းကနေ အနု အလှည့်အပြောင်းဟာ ယဉ်ကျေးမှု အခြေခံပါမှ ဖြစ်နိုင်ပါတယ်။ အရိုင်း မဆန်၊ ပညာပေးဆန်တဲ့ အနုသုခုမပညာ ကသာ ဒေါသကနေ မေတ္တာတရားကို ဖြစ်ထွန်းစေမယ်လို့လည်း ယုံကြည်ထား ပါတယ်။ ထိုယုံကြည်ချက်ကတစ်ဆင့် လှပအေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဖွံ့ဖြိုးတိုး တက်မှုကိုရရှိနိုင်ဖို့ ကောင်းမွန်တဲ့ ယဉ်ကျေးမှုအခြေခံကောင်းတွေကို စဉ်ဆက်မပြတ် ဆက်လက်ပျိုးထောင်သွား ကြရမယ်လို့ ခံယူလိုက်မိပါကြောင်း။ ။

No comments:

Post a Comment