စောနိုင်(အသုံးချဘောဂဗေဒ)
စကြဝဠာထဲတွင် နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံဝန်းကျင် ဖြစ်တည်လာခဲ့သော ကမ္ဘာကြီးက သက်တမ်းကြာမြင့်လာမှုနှင့်အတူ ၎င်းကို မှီခို၍ရှင်သန်နေထိုင်ကြသည့် လူသားဦးရေကလည်း တဖြည်းဖြည်း တိုးတက်များပြားလာနေသည်။
ကုလသမဂ္ဂအဖွဲ့ကြီး၏ လူဦးရေစာရင်းများအရ ၂၀၂၅-၂၀၂၆
ခန့်မှန်းချက်မှာ ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း ၈၀၀၀ ကျော်အထိ ရောက်ရှိနေခဲ့ပြီ။ တိုးတက်များပြားလာသော
လူသားတို့သည် ရှင်သန် ရပ်တည်နိုင်ရေး အတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် လည်းကောင်း
လုပ်ဆောင်ကြသည့် တီထွင်ကြံဆမှုများ ကြောင့် သဘာဝသယံဇာတများကို အဆက်မပြတ် အသုံးပြုလျက်ရှိကြသဖြင့်
ကမ္ဘာကြီး၏ သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်များအပေါ် ထိခိုက်မှု များ ပိုမိုလျင်မြန်စွာဖြစ်လာနေသည်ဟု
ပညာရှင်များ၊ သုတေသီများ က သတိပေးမှုများရှိခဲ့သည်။
ခံနိုင်ရည်ကျဆင်းလာသောကမ္ဘာ
ယနေ့အချိန်တွင် ကမ္ဘာကြီး၏ ခံနိုင်ရည်အား
လျော့နည်းကျဆင်း လာပြီလော။ လူသားတို့ လက်ရှိကြုံတွေ့ နေရသော သဘာဝ ဘေးအန္တရာယ်အမျိုးမျိုး၊
ပြင်းထန်သော ရာသီဥတုအပြောင်းအလဲ များက ကမ္ဘာကြီးသည် မူလအခြေအနေနှင့် မတူတော့ကြောင်း၊
ယိုယွင်းပျက်စီးလာနေပြီဖြစ်ကြောင်း လက်တွေ့ကျကျ သက်သေ ပြသကဲ့သို့ ရှိနေသည်။
ရာသီဥတုမူမမှန်ခြင်း၊ ရေ၊ မြေ၊ လေ သဘာဝအခြေအနေ
အပြောင်းအလဲပြင်းထန်မှုတို့၏ အကျိုးဆက် များအဖြစ် ပြင်းထန်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို
ဖြစ်လာစေသည်။ စံချိန်တင် အပူလှိုင်းဖြတ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ မိုးရွာသွန်းမှုပြင်းထန်ခြင်း၊
မုန်တိုင်းများဖြစ်ပေါ်ခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ခြင်း၊ ကာလကြာရှည် မိုးခေါင်ခြင်း၊
တောမီးများ မကြာခဏ လောင်ကျွမ်းခြင်း စသည်ဖြင့် အခြေအနေဆိုးများက အကြိမ်ရေစိပ်လာပြီး
တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ပို၍ပြင်းထန်လာ၏။ ဂေဟစနစ်ပျက်စီးခြင်း၊ လူသားတို့ အသက် ရှင်သန်မှုကို
သိသာစွာထိခိုက်လာခြင်း၊ လူသားတို့ ဖန်တီးတည်ဆောက် ထားသော ပစ္စည်းဥစ္စာများနှင့် အခြေခံအဆောက်အအုံများ
ထိခိုက် ဆုံးရှုံးမှုများပြားလာခြင်း စသည်ဖြင့် ဆိုးကျိုးသက်ရောက်မှုအမျိုးမျိုး ကိုလည်း
ပို၍ပင် မျက်မြင်ထင်ရှား ကြုံတွေ့ ခံစားနေကြရပြီဖြစ်သည်။
အားလုံးဝိုင်းဝန်းဆောင်ရွက်မှသာ
ကမ္ဘာကြီး၏ဝန်းကျင် စကြဝဠာအတွင်း အပြောင်းအလဲများနှင့်
ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေ အပြောင်းအလဲများက ကမ္ဘာကို မှီခိုနေထိုင်ရသည့် လူသားအပါအဝင်
သတ္တဝါမျိုးစုံ၏ ရှင်သန်နေထိုင်မှု၊ ဂေဟစနစ်တည်ရှိမှုများအပေါ် စိုးရိမ်စရာဖြစ်လောက်အောင်
ထိခိုက်မှု များရှိလာသဖြင့် ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင်များက ဆွေးနွေး တိုင်ပင်
လုပ်ဆောင်မှုများရှိနေသော်လည်း စိတ်ချလုံခြုံရသောအခြေ အနေမျိုးမရရှိ သေးပေ။ ထို့ကြောင့်
သဘာဝတရား အပြောင်းအလဲ များ၏ ဆိုးကျိုးသက်ရောက်မှုများကို ကာကွယ်ဟန့်တားနိုင်ရေး ဆက်လက်၍
ကြိုးစားအားထုတ်နေကြစဉ်မှာပင် အခြားတစ်ဖက်၌ အပြောင်းအလဲများနှင့် လိုက်လျောညီထွေစွာ
အသက်ရှင်နေထိုင်နိုင်ရေး နည်းလမ်းသစ်များကိုပါ ရှာဖွေလုပ်ဆောင်နေကြရသည်။
စတန်းဖို့ဒ်တက္ကသိုလ် သုတေသနအဖွဲ့က ဦးဆောင်ပြုလုပ်သည့်
လေ့လာမှုတစ်ခု၌ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံရနိုင်ခြေရှိသူ ဦးရေသည် တစ်နှစ်ပြီးတစ်နှစ်
ပုံမှန်များပြားလာနေပြီး ဘေးအန္တရာယ် ဖြစ်ပွားသည့်အကြိမ်ရေသည်လည်း ပိုမိုများလာနေသည်ဟု
ဖော်ပြ ထားသည်။ မုန်တိုင်းများက ချို့တဲ့နွမ်းပါး သောဒေသများရှိ လူများစွာ တို့၏ ကျန်းမာရေးနှင့်
အသက်မွေးဝမ်းကျောင်းအခြေအနေများကို ခြိမ်းခြောက် လျက်ရှိနေသည်။ အဆိုပါသုတေသန၏ လေ့လာသုံးသပ်
ချက်အပိုင်း၌ သဘာဝဘေးအန္တရာယ် သက်ရောက်မှုများလျော့ပါး သက်သာစေရေး မဟာဗျူဟာများရေးဆွဲရာ၌
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီများ၊ ဖွံ့ဖြိုးရေးဘဏ်များနှင့် အခြားဆက်စပ် သည့်အဖွဲ့အစည်းများ
ပါဝင်ကူညီနိုင်ရေးအတွက် လိုက်နာသင့်သည့် အကြံပြုချက်များ ပါဝင်နေသည်။
သုတေသနများ၏အရေးပါမှု ဂရုပြုစေလို
“ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့
လူဦးရေအခြေအနေ၊ စာရင်း ဇယားတွေကို နားလည်သိရှိမှုဟာ အဆင့်ဆင့်ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်အခြေအနေကို
နားလည်သဘောပေါက်ဖို့ အားထုတ်တဲ့ အခါ တကယ်အရေးပါတဲ့အချက်တွေဖြစ်ပါတယ်”ဟု
လေ့လာမှုတွင် ပါဝင်သည့် စတန်းဖို့ဒ်ဆေးကျောင်းမှ ပါရဂူဘွဲ့လွန်ပညာ သုတေသီဖြစ် သူ
Renzhi Jing က ဆိုသည်။ ထို့ပြင် အန္တရာယ်လျော့ပါးသက်သာ စေရေးအတွက် လည်းကောင်း၊ ပညာရေးနှင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကဲ့သို့ လူမှုရေးရည်မှန်းချက်များ အောင်မြင် စေရန်အတွက်
လည်းကောင်း ထိုအချက်သည် အထူးအရေးကြီးသည့်ကိစ္စဖြစ်သည်ဟု ၎င်းက ဆက်လက်သုံးသပ်ပြောကြားထားသည်။
အပူပိုင်းဒေသ ဆိုင်ကလုန်းမုန်တိုင်းများသည်
လေပြင်း တိုက်ခတ်မှုနှင့် မိုးသည်းထန်စွာရွာသွန်းစေသည့် တိမ်များ၊ မိုးကြိုး မုန်တိုင်းများ၏
ပုံမှန်လည်ပတ်စနစ်များဖြစ်ကြပြီး ဒေသအလိုက် ဖြစ်ပေါ်တတ်သည့် အခြေအနေ မျိုးဟုဆိုသည်။
စတန်းဖို့ဒ်တက္ကသိုလ် သုတေသနအဖွဲ့၊ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီး ယားရှိ အကျိုးအမြတ်မယူသော
မူဝါဒဆိုင်ရာနှင့် သုတေသနအဖွဲ့အစည်း RAND Corporation နှင့် အခြားသောအဖွဲ့အစည်းများမှ
သုတေသီ တို့သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကာလများအတွင်း မုန်တိုင်း ဒဏ်ခံလူဦးရေ၏
ကမ္ဘာလုံးဆိုင်ရာအခြေအနေအကျဉ်းချုပ်ကို ပုံဖော် နိုင်ရန်အတွက် သုတေသနပြုလုပ်ခဲ့ကြရာ
ပိုမိုနီးစပ်သည့်ရလဒ်ရရှိရေး အတွက် လူဦးရေအခြေအနေနှင့် အပူပိုင်းဒေသ မုန်တိုင်းဖြစ်ပွားသည့်
နယ်မြေတို့ကို ဆက်စပ်နိုင်သည့် ခန့်မှန်းတွက်ချက်ရေး မော်ဒယ်သစ် Quad-by-Quad
parametric wind model ကို အသုံးပြုခဲ့ကြသည်။
လေ့လာတွေ့ရှိချက်များအရ (ခန့်မှန်းခြေအားဖြင့်)
နှစ်စဉ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသည့် လူပေါင်းသန်း ၅၆၀ ခန့်ရှိပြီး ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက်မှာလည်း
တိုးမြင့်လာသည်ကို တွေ့ရှိရသည်။ ထိခိုက်ခံရသူများ၏ အသက်အရွယ်ကို လေ့လာရာတွင် ကလေးသူငယ်အရေအတွက်
ပိုမိုများပြားနေသည်ကို သတိပြုနိုင်သည်။ နောက်ပိုင်းဖြစ်ပွားမှုများတွင် အသက် ၆၀ ကျော်အရွယ်
အရေအတွက်ပါ တဖြည်းဖြည်းတိုး လာသည်ဟု ဖော်ပြထားသည်။ မုန်တိုင်းကိုကြုံတွေ့ရသည့် တူညီသောဒေသတစ်ခုတည်းမှာပင်
ဆင်းရဲနွမ်းပါးသူများက အခြားသူများထက် လူမှုစီးပွားအရ ပို၍ ထိခိုက်မှုများရှိနေသည်ဟုလည်း
သုံးသပ်ထားသည်။
ထို့ကြောင့် ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုများကြောင့်
ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်များသည် အဆိုပါဒေသ၏ လူမှုစီးပွားမညီမျှမှုများကို ပိုမိုဆိုးရွားလာစေပြီး
လူ့အဖွဲ့အစည်း အတွင်းရှိ ထိခိုက်လွယ်သော အုပ်စုများဆီသို့ ကြီးမားသော ဘေးအန္တရာယ် ဦးတည်သွားသည်။
သက်ဆိုင်ရာအစိုးရများက အဆိုပါအုပ်စုများ အတွက် ထိထိရောက်ရောက် ကူညီလုပ်ဆောင်နိုင်ရန်
စနစ်တကျအစီအမံများဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည် ဟု လေ့လာမှုက မီးမောင်းထိုးပြထားသည်။
မလွဲသေချာသည်မှာ
မည်သည့်ပညာရှင်၊ သုတေသီတို့၏ ရှုမြင်သုံးသပ်ချက်တို့ကို
စောင့်နေစရာမလိုဘဲ သိနိုင်သည်မှာ ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်များဖြစ်ပွားလာပါက အဆိုးရွားဆုံးထိခိုက်ပြီး
အပြင်းထန် ဆုံးခံရသူများမှာ ဆင်းရဲနွမ်းပါး သည့်အုပ်စုများသာဖြစ်သည်ဟူသော အချက်ဖြစ်သည်။
ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အကျိုးဆက် ဖြစ်ပေါ်လာသည့် စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာအခက်အခဲများ၊
ဝန်ထုပ်ဝန်ပိုးများသည်လည်း အဆိုပါဆင်း ရဲနွမ်းပါးသည့် လူအုပ်စုများ ဆီသို့သာ ဦးတည်သွားတတ်သည်ကိုလည်း
သတိပြုမိနိုင်သည်။
ကြိုတင်ပြင်ဆင် အချိတ်အဆက်မိမိ လျင်လျင်မြန်မြန်
စတန်းဖို့ဒ်ဆေးကျောင်း (Standford School
of Medicine)မှ ကျန်းမာရေးမူဝါဒဆိုင်ရာ တွဲဖက်ပါမောက္ခနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ
စတန်းဖို့ဒ်ဝုဒ် အင်စတီကျု (Standford Woods Institute for the Environment)မှ အကြီးတန်းသုတေသီ
Eran Bendavid က အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းဒဏ်အပါအဝင် မည်သည့်သဘာဝဘေးအန္တရာယ်
မဆိုဖြစ်ပေါ်လာပါက ပါဝင်လုပ်ဆောင်ရမည့်ဌာနများ၊ အဖွဲ့အစည်း များ၏ အချိတ်အဆက်မိမိ၊ အလျင်အမြန်
လုပ်ဆောင်နိုင်မှုကသာ ထိထိရောက်ရောက် အထောက်အကူပြု နိုင်လိမ့်မည် ဟု အကြံပြုထားသည်။
ထို့ကြောင့် ဒေသန္တရ အစိုးရအဖွဲ့များ၊
ဌာနများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အ ဖွဲ့အစည်းများ၊ ပရဟိတ အသင်းအဖွဲ့များအနေဖြင့်
ဘေးအန္တရာယ်မဖြစ်ခင်၊ မကြုံတွေ့မီ ကတည်းက သတင်းအချက်အလက်ကိစ္စမှစ၍ လုပ်ငန်းဆောင်ရွက်မှု
အစီအစဉ်အဆုံး ကြိုတင်ချိတ်ဆက်၊ ပြင်ဆင်ဆောင် ရွက်ထားရန် လိုအပ်သည်။
သဘာဝဘေးအန္တရာယ် ပေါ်ပေါက်လာခဲ့ပါမူ ကြိုတင်၍
ဇာတ်တိုက်ပြင်ဆင်ထားသည့်အစီအမံအတိုင်း တုံ့ဆိုင်းမှုမရှိဘဲ လုပ်ဆောင်ရမည်။ သတင်းအချက်အလက်ဖလှယ်မှု
အချိတ်အဆက် မိလျက်၊ ပစ္စည်းကိရိယာ ပြည့်ပြည့်စုံစုံဖြင့် ဖြစ်ပွားနေသည့်နေရာသို့ အလျင်အမြန်ရောက်ရှိလျက်
ကူညီပေးနိုင်မှုသည်သာ ထိခိုက်မှုများ လျော့ပါးသက်သာ၍ လူ့အသက်ဘေးအန္တရာယ်များကို ထိထိ
ရောက်ရောက် ကယ်ဆယ်နိုင်ပေလိမ့်မည်။ ။
Ref: Global population profile of
tropical cyclone exposure from 2002 to 2019
No comments:
Post a Comment