နေပြည်တော် အောက်တိုဘာ ၂၀
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်းနှင့် အစားခန့် ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဗီယက်နမ်နိုင်ငံသို့ လေ့လာရေး ခရီးသွားရောက်ကြမည်ဖြစ်ရာ အဆိုပါ လေ့လာရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။
အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၏ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးလိုက်လံအားပေးပြီး ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါ ထူးချွန်လူငယ်များပါဝင်သည့် လေ့လာရေးအဖွဲ့တွင် စစ်မှုထမ်းဆဲ/စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံးရရှိသော ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး လူရည်ချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူ ခုနစ်ဦး၊ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်သော စစ်သည်နှစ်ဦး၊ ကျောင်းအုပ်ကြီးတစ်ဦး၊ အုပ်ချုပ်မှု တာဝန်ခံလေးဦး စုစုပေါင်း ၃၀ တို့ပါဝင်ကြပြီး ဗီယက်နမ်နိုင်ငံ၌ အောက်တိုဘာ ၂၆ ရက်အထိ လေ့လာရေးခရီးစဉ်ကာလအတွင်း ဗီယက်နမ်နိုင်ငံရှိ FPT Software Center နှင့် viettel Academy၊ ဗီယက်နမ် Data Base စီမံခန့်ခွဲရေးကုမ္ပဏီ၏ Data Center၊ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး တက္ကသိုလ် (Quoc Tu Giam) ရှိ စာပေဗိမာန် (Temple Of literature)၊ ဗီယက်နမ်နိုင်ငံ၏ သက်တမ်းအရင့်ဆုံး ဘုရားကျောင်းများထဲမှ တစ်ဆူဖြစ်သည့် West Lake ရှိ ဗုဒ္ဓဘာသာဝင်တို့၏ Tran Quoc ဘုရားကျောင်း၊ ရှေးဟောင်းမြို့တော်(Hoa Lu)မြို့၊ ကမ္ဘာ့အမွေ အနှစ်နေရာများဖြစ်သည့် Trang An (ထရန်အန်)၊ Holong Bay နှင့် အခြားအထင်ကရနေရာများသို့ သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
တပ်မတော်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သား၊ သမီးများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးနှင့် စစ်သည်အစားခန့် အရပ်သားအမှုထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်ပေးအပ်ခဲ့ပြီး ဆုရရှိသူများအနက်မှ ထူးချွန်စစ်သည်နှင့် ဘက်စုံထူးချွန် လူငယ်များအား ၂၀၂၃ ခုနှစ်မှစ၍ ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များ စီစဉ်စေလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment