Wednesday, October 21, 2026

အယ်လ်နီညိုနှင့် ကျန်းမာ​ရေးအသိ၊ သတိ

မြင့်​မောင်စိုး

အခုရက်ပိုင်းအတွင်း ကိုယ့်ပတ်ဝန်းကျင်မှာ အပူချိန်မြင့်တက်မှု​ကြောင့် ဖျားနာကြ​တာကအစ၊ ​သေဆုံးတဲ့သတင်း​တွေလည်း ကြားသိရ​တော့ အ​တော်လေးစိတ်မ​ကောင်း ဖြစ်မိပါတယ်။ အကြောင်းက​တော့ ပြင်းထန်တဲ့အယ်လ်နီညိုရာသီဥတုရဲ့ ရိုက်ခတ်မှုအစလို့ ဆိုရမလားမသိပါဘူး။ အယ်လ်နီညို ရာသီဥတုက​တော့ စတင်​နေပါပြီ။ အဲဒီ​တော့ အယ်လ်နီညို ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်တာလဲ ကျွန်​တော်တို့ အားလုံးသိဖို့လိုပါတယ်။ အယ်လ်နီညိုကို သိထားမှ ဘယ်လို​နေ၊ ဘယ်လိုသွား၊ ဘယ်လိုစားဆိုတာ သိမှာကိုး။

အယ်လ်နီညိုဖြစ်စဉ်

တကယ်​တော့ အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အ​ရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်ပုံမှန်ထက်မြင့်တက်လာတဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ဝန်းရာသီဥတုပုံစံ​တွေ​ပြောင်းလဲနိုင်ပြီး တချို့​ဒေသတွေမှာ အပူချိန်လွန်ကဲခြင်း၊ မိုး​ခေါင်ခြင်းနဲ့ တချို့​ဒေသ​တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်း​တွေဖြစ်​ပေါ်နိုင်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။ ဒီလိုပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုဟာ ယခု ၂၀၂၆ ခုနှစ် ​အောက်တိုဘာလမှ ၂၀၂၇ ခုနှစ် ​ဖေဖော်ဝါရီလအထိ ဖြစ်​ပေါ်လိမ့်မယ်လို့ သိရပါတယ်။

အဲဒါ​ကြောင့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ ယခုအချိန်မှစပြီးဖြစ်​ပေါ်​နေပြီ၊ အယ်လ်နီညိုကြောင့် ဖြစ်​​ပေါ်လာမယ့်အပူချိန်မြင့်တက်မှု​ကြောင့် ကျန်းမာ​ရေးထိခိုက်မှု​တွေ မဖြစ်ရ​လေ​အောင် အသိ၊ သတိနဲ့​နေထိုင်သွားလာကြရမှာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက​​ရော ပညာရှင်​တွေကပါ တိုက်တွန်း​ပြောကြားလျက်ရှိပါတယ်။ တစ်ခုကောင်းတာက ဒီနှစ် အယ်လ်နီညိုအမြင့်ဆုံးအခြေအနေကို ရောက်ရှိမယ်လို့ ဆိုထားတဲ့ အချိန်ဟာ မြန်မာနိုင်ငံရဲ့​ဆောင်းရာသီကာလပါ။ ဒါ​ကြောင့် ပညာရှင်တချို့က ​ဆောင်းတွင်းနွေရာသီလို့​တောင် တင်စား​ပြောဆို​နေကြပါတယ်။ ​ဆောင်းတွင်းကာလဖြစ်​ပေမယ့် ပုံမှန်ထက်ပူပြင်းနိုင်တာမို့ ပူပြင်းမှုပြင်းထန်တဲ့ မြန်မာပြည်အထက်ပိုင်းက မြို့ရွာ​တွေ ပိုမိုသတိထားသင့်ပါတယ်။

အလွန်အား​ကောင်း​သော အယ်လ်နီညို

အ​မေရိကန်အမျိုးသားသမုဒ္ဒရာနဲ့ ​ လေထုဆိုင်ရာစီမံခန့်ခွဲ​ရေးအဖွဲ့ (NOAA) ရဲ့ အဆိုအရ အယ်လ်နီညိုဟာ နှစ်နှစ်မှသုံးနှစ်အတွင်း တစ်ကြိမ်ဖြစ်​ပေါ်​လေ့ရှိတယ်ဆို​​ပေမယ့် ဖြစ်ပွားချိန်ကာလက​တော့ မတူပါဘူး။ အယ်လ်နီညိုကို NOAA ရဲ့ အဆိုအရ သုံးမျိုးသုံးစား​ လေ့လာ​တွေ့ရှိရပါတယ်။ အယ်လ်နီညိုဖြစ်ပွား​သောကာလ၊ အား​ကောင်း​သောဖြစ်စဉ်၊ အလွန်အား​ကောင်း​​သောဖြစ်စဉ်ဆိုပြီး ဖြစ်ပါတယ်။ ယခုနှစ်ဖြစ်ပွား​တဲ့ အယ်လ်နီညိုကတော့ အလွန်အား​ကောင်း​သောဖြစ်စဉ်ပါ။ ဒါ့​ကြောင့် စူပါအယ်လ်နီညိုလို့​တောင်​ ပြောဆိုနေကြပါတယ်။

အပူလျှပ်ခြင်း

ကျန်းမာ​ရေးပညာရှင်​တွေရဲ့ အဆိုအရ ဒီလိုအယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာ​ရေးအ​ခြေအ​နေ နှစ်မျိုးရှိပါတယ်။ Heat Stroke လို့​ခေါ်တဲ့ အပူလျှပ်ခြင်းနဲ့ Heat Exhaustion (အပူချိန်များပြီး အားနည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ အပူလျှပ်တယ်ဆိုတာ အပူချိန်မြင့်တက်မှု​ကြောင့် ​ချွေးမထွက်​တော့ဘဲ ခန္ဓာကိုယ်မှာ ပူစပ်ပူ​လောင်ကြီးဖြစ်ပြီး ​ နေထိုင်မ​ကောင်းဖြစ်တာပါ။ တစ်နည်းအားဖြင့် အပူလွန်ကဲမှု​ကြောင့် နာဖျားခြင်းဖြစ်ပါတယ်။

အပူလွန်ကဲမှု​ကြောင့် ခန္ဓာကိုယ်မှာ အပူအ​အေးထိန်းညှိတဲ့စနစ် ထိခိုက်ပျက်စီးသွားတာလို့ ကျန်းမာ​ရေးပညာရှင်တွေက ဆိုပါတယ်။ အ​ရေးအကြီးဆုံးတစ်ချက်က အဲဒီလို အပူလျှပ်ပြီဆိုရင် ပါရာစီတမော​ဆေးပြားကို မ​သောက်သင့်ဘူးလို့ ဆရာဝန်တွေက​ ပြောဆိုထားတာ သတိပြုမိပါတယ်။ အပူချိန်လွန်ကဲမှု​ကြောင့် အချိန်ကြာမြင့်စွာ ပန်ကာဖွင့်​နေထိုင်တာ​တွေလည်း ချွေးမထွက်​တော့ဘဲ အပူလျှပ်ခြင်းကိုဖြစ်​စေနိုင်တာ​ကြောင့်သတိပြုစရာပါ။​ နေပူထဲကပြန်လာပြီး ပန်ကာ​အောက်မှာ အချိန်ကြာမြင့်စွာ​နေမယ်ဆိုရင် အပူလျှပ်ဖို့​သေချာပါတယ်။ ပန်ကာ​လေကို ခဏတာချွေးမ​ခြောက်မီ အ​အေးခံတာကပြဿနာမရှိနိုင်​ပေမယ့် ကြာရှည်စွာအ​အေးခံပါက အပူလျှပ်တာဖြစ်နိုင်ပါတယ်။ တကယ်လို့ အပူလျှပ်ပြီဆိုရင်​အေးပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ​ နေထိုင်သင့်​ကြောင်း၊​ နေထိုင်လို့မှ မသက်သာရင် နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွား​ရောက်ပြီး ကုသမှုခံယူသင့်​ကြောင်း ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

နေပူထဲအလုပ် လုပ်သူ​တွေသတိထား

Heat Exhaustion လို့ ​ခေါ်တဲ့အပူချိန်များပြီး အားနည်းခြင်းဆိုတာက​တော့ အများစုက ​နေပူထဲ အလုပ်လုပ်တဲ့သူ​တွေမှာ ဖြစ်တတ်ပါတယ်။ တစ်ခါက အီရတ်စစ်​​မြေပြင်မှာ အလွန်ပူပြင်းတာကြောင့် တပ်ဖွဲ့ဝင်​တွေ Heat Exhaustion ဖြစ်တဲ့ဒဏ်​တွေကို ပြင်းပြင်းထန်ထန်ခံစားရတယ်လို့ မှတ်သားဖူးပါတယ်။ ဒါက​တော့ သာဓကတစ်ခုပါ။ ဆိုလိုတာက​တော့ အခုအချိန်မှာ ​ နေပူစပ်ခါးထဲမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရသူ​တွေ သတိထားစရာ​ကောင်းတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်​​တော့ အပူလျှပ်တာပဲဖြစ်ဖြစ်၊ အပူ​ကြောင့်အားနည်းတာလို့ဆိုဆို နှစ်ခုစလုံးက အပူ​ချိန်ပြင်းထန်မှုကြောင့် ဖြစ်ရတာဖြစ်လို့ ​နေ့လယ်​နေ့ခင်း​ နေပူထဲသွားလာမှုကို သတိပြုရမှာဖြစ်ပါတယ်။

​ရှေ့​ပြေးလက္ခဏာ

အပူလျှပ်ခြင်းမဖြစ်မီ ​ ရှေ့​ပြေးလက္ခဏာတွေအဖြစ် ​ချွေးထွက်လွန်ခြင်း၊ ​ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ကာ ပျို့အန်လိုစိတ်ဖြစ်ခြင်း၊ နှလုံးတုန်ကြွက်တက်ခြင်း စတာ​တွေဖြစ်တတ်ကြောင်း ဆရာဝန်တွေက သတိ​​ပေး​ပြောဆိုထားပါတယ်။ ဒါက ​ရှေ့ပြေးလက္ခဏာ​တွေအဖြစ်​ ပြောတာပါ။

အသက်အန္တရာယ်ရှိနိုင်တဲ့အဆင့် ရှိပါ​သေးတယ်။ အဲဒါ​တွေက​တော့ ခန္ဓာကိုယ်မှ ​ ချွေးလုံးဝ မထွက်​တော့ခြင်း၊ အသားအ​ရေပူစပ်ပြီး နီရဲ​ခြောက်​သွေ့လာခြင်း၊ စကားများ ဗလုံးဗ​ထွေးပြောခြင်း၊ စိတ်ရှုပ်​ထွေးခြင်း၊ သတိလစ်​မေ့​မြောခြင်း စတာတွေဖြစ်တတ်တယ်လို့ သိရပါတယ်။ ဒီလိုအဆင့်က​တော့ အသက်အန္တရာယ်ရှိတဲ့အဆင့်မို့ ​ဆေးရုံဆေးခန်းကို အမြန်ဆုံးပို့ရမှာပါ။ ​ဆေးရုံ​ဆေးခန်းမ​ရောက်မီ လူနာသက်သာ​စေဖို့ ​နေပူထဲမှအရိပ်ထဲကို ချက်ချင်း​ရွှေ့ခြင်း၊ တင်းကျပ်ပူ​လောင်​​နေ​တဲ့ အဝတ်တွေဝတ်ထားရင်လဲလှယ်​ပေးခြင်း၊ ရိုးရိုး​ရေနဲ့ ရေဖတ်တိုက်​ပေးခြင်းတွေကို​ ရှေးဦး​​ဆောင်ရွက်​​ပေးနိုင်​ကြောင်း သိရပါတယ်။

ကြိုတင်ကာကွယ်

အ​ကောင်းဆုံးက​တော့မဖြစ်ခင် ကြိုတင်ကာကွယ်တာ အ​ကောင်းဆုံးပါ။ မဖြစ်မ​နေ ​နေပူထဲ ထွက်ရတဲ့အခါ ထီး၊ ဦးထုပ်၊​ နေကာမျက်မှန်တို့ကို အသုံးပြုခြင်း၊ ​ရေကိုလုံ​လောက်စွာ မကြာခဏ ​သောက်သုံးခြင်း၊ အရည်ရွှမ်း​သော သစ်သီးများကိုစားသုံးခြင်း စတာတွေကအပူလျှပ်ခြင်းကို ကာကွယ်​ပေးနိုင်ပါတယ်။ ရှောင်ကြဉ်သင့်တာကတော့ အလွန်ပူစပ်လွန်း​တဲ့ အစားအသောက်တွေ စားသုံးခြင်းမှ​ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ​ နေ့လယ် နေ့ခင်း အရက်၊ ဘီယာ​သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အထူးသတိပြု

အခုလို အယ်လ်နီညိုကာလမှာ အထူးသတိပြု သင့်တဲ့သူ​တွေက​တော့ နှလုံးနဲ့ သွေးတိုး​ရောဂါ ရှိသူများ၊ နာတာရှည်အဆုတ်​ရောဂါနဲ့ ပန်းနာရင်ကျပ်ရှိသူများ၊ ကျောက်ကပ်နဲ့ ဆီးချို​​ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုနဲ့ က​လေးသူငယ်များဖြစ်ကြပါတယ်။ ဒီလို​ရောဂါအခံရှိသူ​တွေဟာ ပြင်းထန်အပူဒဏ်ကို ခံစားရပြီဆိုရင် ​ရောဂါအ​ခြေအ​နေပိုမို ဆိုးရွားနိုင်တာ​ကြောင့် အထူးသတိပြုသင့်တယ်လို့ ဆရာဝန်တွေက သတိ​ပေးထားပါတယ်။

ဒါ​ကြောင့် ယခုနှစ်ဖြစ်ပွားတဲ့ အယ်လ်နီညိုဟာ ပုံမှန်ဖြစ်​လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ အလွန်အား​ကောင်းတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ အယ်လ်နီညို​ကြောင့် ကျန်းမာရေးထိခိုက်မှုဖြစ်စဉ်တွေ မဖြစ်ပွားရ​လေ​အောင် အပူရှိန်မြင့်မားစွာဖြစ်​ပေါ်တဲ့ နေ့လယ်နေ့ခင်းအချိန်တွေကို အထူးသတိပြုသွားလာနေထိုင်ကြခြင်းဖြင့် အယ်လ်နီညိုကို ​ အောင်မြင်စွာဖြတ်​ကျော်နိုင်ကြပါ​စေ။ ။

No comments:

Post a Comment