Thursday, October 15, 2026

ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ . . .

 

အောင်ကျော်မိုး(ငြိမ်းချမ်းရေး)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ချုပ်ဆိုခဲ့သည်မှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် (၁၁) နှစ်မြောက်တိုင်တိုင်ရှိပြီဖြစ်ပါသည်။ NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” From Peace, Social Cohesion to Development ဆောင်ပုဒ်နှင့်အညီ အနှစ်သာရရှိရှိ ကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ဆိုးမွေအဖြစ် ပြည်တွင်းပဋိပက္ခများ ယှဉ်တွဲပါလာသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေသဖြင့် ခေတ်အဆက်ဆက်အစိုးရများအနေဖြင့် ငြိမ်းချမ်းရေးရရှိအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ထိုသို့ကြိုးပမ်းဆောင်ရွက်မှုများတွင် ဒီမိုကရေစီပထမအစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)သည် အထင်ကရစာချုပ်တစ်ခုအဖြစ် ယနေ့ထက်တိုင်တည်ရှိနေပါသည်။

NCA စာချုပ်ဖော်ဆောင်မှုအစမှာ ဒီမိုကရေစီ ပထမအစိုးရကာလ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှအစပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါသည်။ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် ကြားကာလတွင် အစိုးရနှင့် EAO အဖွဲ့ ၁၅ ဖွဲ့သည် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် EAO အဖွဲ့များ၏ အဓိကညှိနှိုင်းဆွေးနွေးရေးအဖွဲ့အဖြစ် EAO ၁၆ ဖွဲ့ ပါဝင်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ Nationwide Ceasefire Coordination Team-NCCT ကို ဖွဲ့စည်းခဲ့ပြီး NCA(မူကြမ်း)ကို ရေးဆွဲနိုင်ခဲ့ပါသည်။ အစိုးရမှ Myanmar Peace Center- MPC နှင့် NCCT အဖွဲ့ တို့သည် ၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၅ ခုနှစ် မတ်လ အထိ NCA(မူကြမ်း) ရရှိရေးအတွက် ခုနစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခန်း (၇)ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါ သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို နှစ်ဖက်သဘောတူညီမှုရရှိခဲ့ပါသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရနှင့် EAO အဖွဲ့ (၈)ဖွဲ့နှင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် EAO အဖွဲ့နှစ်ဖွဲ့စုစုပေါင်း အဖွဲ့(၁၀)ဖွဲ့အထိ အကောင်အထည်ဖော် လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်ခဲ့သည့်နေ့မှစတင်ကာ NCA စာချုပ်ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပြီး ထိုကာလအတွင်း အစည်းအဝေးများ၊ တွေ့ဆုံညှိနှိုင်းမှုများ စုစုပေါင်းအကြိမ်ရေ ၅၀ဝ၀ ကျော်အထိ ပြုလုပ် ခဲ့ကြရပါသည်။

NCA သည် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်သက်သက်မျှသာမဟုတ်ဘဲ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသည့် လုပ်ငန်းမူဘောင်တစ်ခုလည်းဖြစ်ပါသည်။ NCA စာချုပ်သည် လွယ်လွယ်ကူကူ ဖြစ်လာခဲ့ခြင်းမဟုတ်ဘဲ နှစ်ပေါင်း များစွာ ဖြစ်တည်လာခဲ့သည့် သံသယများ၊ အမုန်းတရားများ၊ အာဃာတတရားများကို ရိုးသားဖြူစင်မှု၊ စိတ်ရှည်သည်းခံမှု၊ နားလည်ပွင့်လင်းမှု၊ အပြန်အလှန်လေးစားမှုတို့နှင့် အချိန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ထိုသို့ခိုင်မာသည့် စာချုပ်တစ်ခု၏ တန်ဖိုးအနှစ်သာရကို ပိုမိုပီပြင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါသည်။ NCA စာချုပ်သည် ငြိမ်းချမ်းရေး၏ မုခ်ဦးတံခါးဝတစ်ချပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်သွားမည်မဟုတ်ပါ။

NCA ၏ အနှစ်သာရသည် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ထားပြီး လွတ်လပ်မှု၊ တန်းတူညီမျှရှိမှုနှင့် တရားမျှတမှုတို့ကိုအခြေခံ၍ ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အာမခံချက်အပြည့်အဝရှိသော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံကာ ပြည်ထောင်စုကြီးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက် ရန်ပင်ဖြစ်ပါသည်။ NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန်ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လာစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူအားလုံးကလည်း နှိုးဆော်တိုက်တွန်းမှု၊ စည်းရုံးသိမ်းသွင်းမှုများကို တတ်စွမ်းနိုင်သမျှ ပံ့ပိုးလုပ်ဆောင်ခြင်းဖြင့် သမိုင်းမှတ်တမ်းကောင်းတစ်ခု စိုက်ထူသွားရမည်ဖြစ်ပါသည်။

လက်ရှိနိုင်ငံတော်အစိုးရအနေဖြင့် ရက် ၁၀၀ စီမံချက်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ သတ်မှတ်ကြေညာခဲ့ပြီး ဦးစားပေးဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်များအား အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ငြိမ်းချမ်းရေးကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်စေရန်အတွက် ဧပြီလ ၁၁ ရက်နေ့တွင် ယခင် ဖွဲ့စည်းထားသည့် National Solidarity and Peace- making Central Committee - NSPCC ၊ National Solidarity and Peace-making Working Committee - NSPWC နှင့် National Solidarity and Peace-making Negotiation Committee- NSPNC ကော်မတီသုံးရပ်ကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

ကော်မတီများဖွဲ့စည်းမှုနှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေး ဆောင်ရွက်နိုင်ရန်အတွက် တရားဝင်ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရသစ်၏လမ်းစဉ်မှာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များကိုပါ တွေ့ဆုံဆွေးနွေးရန် တံခါးအမြဲဖွင့်လှစ်ထားရှိခဲ့ပါသည်။

အဆိုပါဖိတ်ခေါ်ချက်များနှင့်အတူ NSPNC အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် စုစုပေါင်း ၅၃ ကြိမ်တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးကိုရှေးရှုသည့် လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဆွေးနွေးညှိနှိုင်းကာ ပကတိမြေပြင်အခြေအနေလိုအပ်ချက်များနှင့် ကိုက်ညီသည့် ညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်တွင် နှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားရာ၌ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း တစိုက်မတ်မတ် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးနိုင်ငံရေး လမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြွက်ကြားခဲ့ပါသည်။

ထိုကဲ့သို့ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းပြောကြားချက်များကို ကြည့်ရှုခြင်းအားဖြင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအသိုက် အဝန်းတည်ဆောက်ရန် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလားသူ အဖွဲ့အစည်းများအား ကြိုတင်ကန့်သတ်ချက်များမထားဘဲ တွေ့ဆုံဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ အခမ်းအနားများ၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ ဖိုရမ်များကျင်းပပြုလုပ်၍ အကျိုးရလဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ပြုလုပ်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်မှုများထဲတွင် လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ကို ၁၃-၁-၂၀၂၆ ရက်မှ ၁၅-၁-၂၀၂၆ ရက်အထိ ခမ်းနားစွာကျင်းပပြုလုပ်ခဲ့ရာ ဖိုရမ်အပြီးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်လိုမှုနှင့် လုပ်ငန်းစီမံကိန်းများ ဆက်လက် ဆောင်ရွက်လိုသည့်ဆန္ဒများကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါသည်။

ဖိုရမ်မှ အကြံပြုချက် ၃၀ ရရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အွန်လိုင်းပေါ်တွင် ပညာသင်ကြားနိုင်သည့် “ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်း”တစ်ရပ် ထူထောင်သင့်သည်ဟူသည့် အကြံပြုချက်အား အကောင်အထည်ဖော်နိုင်ရန်အတွက် လူငယ်များ ဘေးကင်းလုံခြုံစွာပါဝင်နိုင်ပြီး ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည့် “လူငယ်ငြိမ်းချမ်းရေးကွန်ရက် ဒီဂျစ်တယ် ပလက်ဖောင်း” (Youth Peace Network Digital Platform) တစ်ရပ်ကို ရေးဆွဲတည်ဆောက်လျက်ရှိပါသည်။

ဒီဂျစ်တယ်ပလက်ဖောင်းအား တည်ထောင်ခြင်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရှိရာဒေသများတွင် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်သည့် ဒီဂျစ်တယ်အန္တရာယ်များနှင့် သတင်းတု၊ သတင်းမှားများကို ထိရောက်စွာ တားဆီးတိုက်ဖျက်ကာ လူမှုသဟဇာတတိုးတက်ရေးကို အထောက်အကူပေးနိုင်မည်ဖြစ်ပါသည်။

ထိုပလက်ဖောင်းသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသရှိ လူငယ်များအကြား နိုင်ငံတော်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအပေါ် ယုံကြည်မှုနှင့် အားကိုးမှုများကို ခိုင်မာစွာဖြစ်ထွန်းလာစေပြီး နိုင်ငံတော်၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များကိုများစွာ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုတို့သည် သီးခြားစီတည်ရှိနေခြင်း မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲ ပြုနေသည့် ဒေါက်တိုင်များသာဖြစ်ပါသည်။ စစ်မှန် သောငြိမ်းချမ်းရေးသည် သေနတ်သံများ တိတ်ဆိတ်သွားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအဆင့်မျှ သာမဟုတ်ဘဲ လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနှင့် တန်းတူညီမျှမှု တို့ကို အခြေခံသည့် လူမှုသဟဇာတဖြစ်မှုရှိမှသာ လျှင် ရေရှည်ခိုင်မာစွာ အမြစ်တွယ်နိုင်မည် ဖြစ်ပါသည်။ လူမှုသဟဇာတဖြစ်မှု လျော့နည်းသည့် လူ့အဖွဲ့အစည်းတစ်ခုတွင် မတူကွဲပြားမှုများမှတစ်ဆင့် ပဋိပက္ခများ ပြန်လည်စိမ့်ဝင်လာနိုင်သကဲ့သို့ ငြိမ်းချမ်းရေးကင်းမဲ့နေသည့် ပတ်ဝန်းကျင်တွင်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်နှင့် လူမှု စီးပွားဘဝများ စနစ်တကျ တိုးတက်လာရေးအတွက် စီမံဆောင်ရွက်ရန်မှာ လွန်စွာမှခက်ခဲလှပါသည်။

လူမှုသဟဇာတဖြစ်မှုသည် ငြိမ်းချမ်းရေး ဖြစ်စဉ်၏ ပင်မစွမ်းအားပင်ဖြစ်ပေသည်။ မတူ ကွဲပြားသည့် တိုင်းရင်းသားလူမျိုးများ၊ ဘာသာ စကားများ၊ ကိုးကွယ်ယုံကြည်မှုများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ စုစည်းတည်ရှိနေသည့် မိမိတို့ ပြည်ထောင်စုနိုင်ငံတော်အတွင်း၌ ပဋိပက္ခ၏ အဓိကဇာစ်မြစ်ဖြစ်သော သံသယများကို ကျော်လွှား နိုင်ရန်အတွက် လူမှုသဟဇာတဖြစ်မှုကို တည်ဆောက် ခြင်းမှလွဲ၍ အခြားမရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။

တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်ခွင့်လွှတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဘုံရည်မှန်းချက်များအပေါ် အတူတကွ ရပ်တည်ခြင်းတို့က လူမှုအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုကို ခိုင်မာစေမည်ဖြစ်ပါသည်။ လူမှုသဟဇာတဖြစ်မှု အားကောင်းလာသည်နှင့်အမျှ ငြိမ်းချမ်းရေးဖြစ်စဉ်သည်လည်း ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ရှေရှည်တည်တံ့သော ငြိမ်းချမ်းရေးအဖြစ်သို့ ကူးပြောင်းမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် လူမှုသဟဇာတဖြစ်မှုတို့၏ အသီးအပွင့်ကို တိုက်ရိုက်ခံစားရရှိစေနိုင်သည့်အရာမှာ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု အကောင်အထည်ပေါ်လာမှသာ ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးလုပ်ငန်းများကို အဟန့်အတားမရှိ ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဆိုသည်မှာ သတ်မှတ်ပြဋ္ဌာန်း ထားသည့်အရာမဟုတ်ပါ။ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု များမှတစ်ဆင့် ရရှိပေါက်ဖွားလာသည့်အရာဖြစ်ပါသည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးက မိမိတို့၏လိုလားချက်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေးကို အားပေးဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်တွင် အတူ တကွ လက်တွဲလျှောက်လှမ်းကြရေးတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ကြရန် မဖြစ်မနေ လိုအပ်ပါသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးနိုင်ရန် ကိုယ်စီတာဝန်ရှိကြပေသည်။

NCA လက်မှတ်ရေးထိုးပြီးနောက်တွင် NCA နှစ်ပတ်လည်နေ့များအား ဂုဏ်ယူစွာဖြင့် ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် NCA (၁၁) နှစ်မြောက် တိုင်ပြီဖြစ်ပါသည်။ သို့ဖြစ်လေရာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား၌ “ငြိမ်းချမ်းရေး၊ လူမှုသဟဇာတဖြစ်ရေးမှ ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ (From Peace, Social Cohesion to Development)” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတွင် NSPNC အကြံပေးအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အသိ ပညာရှင်၊ အတတ်ပညာရှင်များနှင့် ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပါဝင်တက်ရောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုပတ်ဝန်းကျင်ပိုမိုကျယ်ပြန့်လာစေရေးအတွက် နည်းလမ်းများအား ဝိုင်းဝန်းဆွေးနွေးဖော်ထုတ်ကြမည်ဖြစ်ပါသည်။

ထို့ပြင် ပဋိပက္ခဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုသဟဇာတဖြစ်စေရေးအတွက် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ဒေသတွင်းစီးပွားရေး၊ အသက်မွေးဝမ်းကျောင်းနှင့် လူသားချင်းစာနာမှုအကူအညီများ ထိရောက်စွာ ပံ့ပိုးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးနိုင်မည့်အခင်းအကျင်းများကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“NCA အတွေ့အကြုံများကို အခြေခံ၍ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် လူမှုသဟဇာတဖြစ်ထွန်းရေးမှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်နည်းလမ်းများ ဖော်ထုတ်ခြင်း” Theme ဖြင့် “NCA မှ အတွေ့အကြုံ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်၍ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နည်းလမ်း များဖော်ထုတ်ရန်၊ သက်ဆိုင်သူများအကြားနိုင်ငံရေးဆိုင်ရာ ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန်၊ ပဋိပက္ခဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုသဟဇာတဖြစ်ရေးအတွက် သက်ဆိုင်ရာအစုအဖွဲ့ များအကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများကို ထိရောက်စွာချိတ်ဆက်ပံ့ပိုး ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဖြေရှင်းသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင်မြင်စေရန်” စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် အောက်တိုဘာလ ၁၅ ရက် မွန်းလွဲပိုင်းမှ ၁၆ ရက် နေ့အထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို များစွာအထောက် အပံ့ပြုနိုင်မည့် ထိရောက်သည့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှတစ်ဆင့်သာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အနေဖြင့် အနာဂတ်နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်ကို တည်ဆောက်နိုင်ရန်အတွက် ငြိမ်းချမ်းရေး၏တန်ဖိုး ကိုအလေးထားကာ အတူတကွ ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသား ဖော်ပြအပ်ပါသည်။ ။

No comments:

Post a Comment