Thursday, October 15, 2026

၂ဝ၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲ အားကစားနည်းများအလိုက် ဗိုလ်လုပွဲများနှင့် ဆုပေးပွဲများ ဆက်လက်ကျင်းပ


 

နေပြည်တော် အောက်တိုဘာ ၁၄

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသောအားကစားကွင်းများနှင့် အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြပြီး အားကစားနည်းများအလိုက် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားများကို ကျင်းပပြုလုပ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) တိုက်ကွမ်ဒိုပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(A)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဝိတ်တန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝိတ်တန်းအလိုက် ရွှေတံဆိပ် ဆု၊ ငွေတံဆိပ်ဆုနှင့် ကြေးတံဆိပ်ဆုရရှိသူများ၊ အကောင်းဆုံးနည်းပြဆုနှင့် အကောင်းဆုံးဒိုင်လူကြီး ဆုရရှိသူများ၊ အတန်းလိုက်အကောင်းဆုံးကစားသမားဆု၊ အတိုက်ဝိတ်တန်းအလိုက် ဖလားရရှိသည့် အသင်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက်ဆုဖလားများကို ပေးအပ်ကြသည်။

ထို့နောက် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၀ ခု၊ ငွေတံဆိပ် ကိုးခုနှင့် ကြေးတံဆိပ် လေးခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းအား တပ်မတော်ကာကွယ်


ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဆုဖလားနှင့် ဆင့်ပွားဖလားကို ပေးအပ်ချီးမြှင့်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(B)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား/အမျိုးသမီးနေရာအလိုက် အကောင်းဆုံး ဆု၊ အကောင်းဆုံးဘော်လီဘောအားကစားသမားဆု၊ စတုတ္ထဆု၊ တတိယဆုရရှိသည့်အသင်းများအား တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ ပေးအပ်ကြသည်။

ယင်းနောက် အမျိုးသား/အမျိူးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းအား တပ်မတော်ဘော်လီဘောကော်မတီဥက္ကဋ္ဌက ငွေသားဆုနှင့် တစ်ဦးချင်းဆုများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ရန်ကုန်တိုင်းစစ်ဌာနချုပ်အသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်သည်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒိုင်း (၃၃)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော် အားကစားရုံ(C)၌ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေး သည်။

ဦးစွာ ကီလိုတန်းအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အားကစားနည်းများအလိုက် တစ်ဦးချင်းဆုရရှိသူများနှင့် အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဒိုင်းဆုရရှိသည့် အသင်းများအား မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ကြသည်။

ယင်းနောက် မြန်မာ့သိုင်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၉ ခု၊ ငွေတံဆိပ် ရှစ်ခုနှင့် ကြေးတံဆိပ် ခုနစ်ခုဖြင့် စွယ်စုံတံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းအား တပ်မတော်ကာကွယ် ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးက စွယ်စုံတံခွန်စိုက် ဒိုင်းဆုကြီးနှင့် ဆင့်ပွားဒိုင်းကို ပေးအပ်ချီးမြှင့်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းရှိ စံပယ်(၆)အားကစားရုံ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နှင့် ရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက အခြေခံအထိ(၆)ချက်ပြိုင်ပွဲ၊ (၄)ပေါက်တန်း ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု၊ အသင်းလိုက်ဆုနှင့် တက်သစ်စအကောင်းဆုံး အားကစားသမားဆု၊ အကောင်းဆုံးအားကစားသမားဆု၊ အတိုးတက်ဆုံးအသင်းဆု၊ ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုဆုများကို မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်နာယကနှင့် တာဝန်ရှိသူများကလည်းကောင်း၊ အခြေခံအထိ (၆)ချက်ပြိုင်ပွဲတွင် ပထမဆုရ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)အသင်းနှင့် (၄)ပေါက်တန်းအဆင့် ပထမဆုရကာကွယ်ရေးဦးစီး ချုပ်ရုံး(ရေ)အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူတစ်ဦးကလည်းကောင်း ဒိုင်းဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် ညနေပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ဝှေ့အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ကီလိုတန်းအလိုက် လူသစ်တန်းနှင့် အလွတ်တန်းအဆင့် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစားကြပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အလွတ်တန်းအဆင့်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ၊ (က) အဆင့်ကစားသမားများ၊ (က) အဆင့်နှင့် အလွတ်တန်းအဆင့် အကောင်းဆုံးလက်ဝှေ့ ကစားသမားဆုရရှိသူများ၊ လူသစ်တန်းဒိုင်းဆု၊ (က)အဆင့်ဒိုင်းဆုနှင့်အလွတ်တန်းအဆင့် ဒိုင်းဆု ရရှိသောအသင်းများအား တပ်မတော်အရာရှိကြီးများက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် အသင်းလိုက် ဆုဖလားများ ပေးအပ်ကြသည်။

ယင်းနောက် လက်ဝှေ့အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ်လေးခုနှင့် ကြေး တံဆိပ်ခြောက်ခုဖြင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကိုယ်စား) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment