Tuesday, October 20, 2026

လူငယ်နှင့် အနာဂတ်နိုင်ငံတော်

 ဒေါက်တာသန်းထွန်း ၆၉ ဆေး၂

လူငယ်နှင့် အနာဂတ်ကိုပြောလျှင် လူငယ်ဟူသည် အသက်အရွယ်အားဖြင့် ဆယ်ကျော်သက်မှ သုံးဆယ်ခန့်အထိရှိသူများဖြစ်၍ နိုင်ငံ၏အင်အားနှင့် စွမ်းအားအရင်းအမြစ်ဖြစ်သည်။

ဤနေရာ၌ အနာဂတ်ဟူသည် လူငယ်တစ်ဦးချင်း၏ အလုပ်အကိုင်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝအောင်မြင်မှုသာမက ၎င်းတို့လက်ထက်၌ တည်ဆောက်မည့် နိုင်ငံတော်၏စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့ကိုပါဆိုလိုသည်။

ထို့ကြောင့် “လူငယ်တို့၏ အနာဂတ်” ဟု ပြောဆိုခြင်းမှာ တစ်နိုင်ငံလုံး၏ မနက်ဖြန်ကို ပြောဆိုခြင်းပင်ဖြစ်သည်။

ကမ္ဘာကြီးသည် လျင်မြန်စွာ ပြေင်းလဲနေသောကြောင့် စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ် (Lifelong Learning) သည် နည်းပညာနှင့်အတူ ကမ္ဘာကိုရင်ပေါင်တန်းအမီလိုက်နိုင်ရန် လူငယ်များကိုပြုစုပျိုးထောင်နိုင်ရန် လိုပေသည်။

လူငယ်တို့သည် တိုင်းပြည်အတွက်အရေးကြီးပါသည်။ လူငယ်ကို မျိုးစေ့ကောင်းကဲ့သို့ ပြုစုပျိုးထောင်နိုင်လျှင် နိုင်ငံသည် ရာစုတစ်ခုလုံး အသီးအပွင့်ခံစားနိုင်၍ လျစ်လျူရှုလျှင် ထိုဆုံးရှုံးမှုကို မျိုးဆက်များစွာ ထမ်းရသည်။

ဤတာဝန်သည် တစ်ဦးတည်း၌မရှိဘဲ အစိုးရ၊ မိသားစု၊ ကျောင်းနှင့် လူ့အဖွဲ့အစည်းတို့၌ တာဝန်ရှိသည်။ သို့သော် နိုင်ငံက မူဝါဒချမှတ်၍ ပညာရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ငြိမ်းချမ်းသောပတ်ဝန်းကျင်ကိုဖန်တီးပေးရန် တာဝန်သည် အစိုးရတွင် အရှိဆုံးဖြစ်သည်။

လူငယ်​များကို ကမ္ဘာ့နိုင်ငံများက အဘယ်ကြောင့် အလေးထားကြသနည်းဆိုလျှင် လူသားအရင်းအမြစ်သည် သဘာဝသယံဇာတထက် ပိုမိုတန်ဖိုးရှိခြင်းကြောင့်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် စစ်အပြီး ဆင်းရဲမွဲတေသောနိုင်ငံမှ ပညာရေးကို အဓိကထား ရင်းနှီးမြှုပ်နှံခြင်းကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်း စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာသည်။ စင်ကာပူသည် သဘာဝသယံဇာတမရှိသော်လည်း လူ့စွမ်းအားအရင်းအမြစ်ကိုအခြေခံ၍ ကမ္ဘာ့ဌာနချုပ်ဖွဲ့ရာ နိုင်ငံဖြစ်လာသည်။

ဖင်လန်နိုင်ငံသည် ဆရာအရည်အသွေးနှင့် အခမဲ့ပညာရေးကို အားပေးခဲ့၍ ပညာရေးအဆင့်မီနိုင်ငံအဖြစ် ကမ္ဘာက အသိအမှတ်ပြုခံရသည်။

မြန်မာနိုင်ငံသည် လူငယ်တို့၏အနာဂတ်ကို မည်သို့ပြင်ဆင်ပေး မည်နည်းဆိုသည့်မေးခွန်းနှင့်ပတ်သက်၍ အဖြေများစွာ ဖြေရမည်ဖြစ်ပါသည်။ ပထမဦးစွာ ငြိမ်းချမ်းသော၊ လုံခြုံသောပတ်ဝန်းကျင်ကို တည်ဆောက်ရန်လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းများပိတ်၍ မိသားစုများပြိုကွဲနေလျှင် မည်သည့်စီမံကိန်းမျှ အကျိုးမသက် ရောက်နိုင်သောကြောင့်ဖြစ်သည်။

ထို့နောက် နိုင်ငံတော်က အရည်အသွေးရှိ အခြေခံပညာ၊ လက်တွေ့အသုံးဝင်သော ကျွမ်းကျင်မှုသင်တန်း၊ ဘာသာစကားနှင့် ဒီဂျစ်တယ်ပညာ၊ လူငယ်စီးပွားရေးလုပ်ငန်းများအတွက် အရင်းအနှီးနှင့် ပံ့ပိုးမှုတို့ကို စနစ်တကျထောက်ပံ့ပေးရမည်ဖြစ်သည်။

လူငယ်တို့သည် မိမိတို့၏အနာဂတ်ကို မည်သို့ဖန်တီး​ကြမည် နည်းဆိုလျှင် လူငယ်တို့သည် မိမိတို့၏အခြေအနေကို ရိုးသားစွာအကဲဖြတ်၍ ရည်မှန်းချက်ရှင်းလင်းစွာ ချမှတ်ရမည်။ စာဖတ်ခြင်း၊ ကျွမ်းကျင်မှုသင်ယူခြင်း၊ ဘာသာစကားနှင့် နည်းပညာကို လေ့လာခြင်းတို့ဖြင့် မိမိကိုယ်ကိုအဆင့်မြှင့်တင်ရမည်။

ထို့ပြင် စည်းကမ်း၊ ရိုးသားမှု၊ အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်းတို့ကိုထားရှိ၍ အခက်အခဲကြားမှ ဆက်လက်ကြိုးစားသော၊ လေ့လာသော စဉ်ဆက်မပြတ်သင်ယူမည့်စိတ်ဓာတ်ကို မွေးမြူရမည်ဖြစ်သည်။

အစိုးရအပြင် မိဘနှင့် မိသားစုသည် ပထမဆုံးထောက်ခံသူများဖြစ်၍ ဆရာများနှင့် ကျောင်းအဖွဲ့အစည်းတို့သည် လမ်းညွှန်သူများဖြစ်သည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းတို့သည်လည်း ပညာသင်ဆုများ၊ အလုပ်သင်ကာလများ၊ ကျွမ်းကျင်မှုသင်တန်းများဖြင့် ကူညီနိုင်သည်။

နိုင်ငံတော်၊ မိဘ၊ ဆရာ ဆရာမများ၊ လူမှုအဖွဲ့အစည်းများက ၎င်းတို့ကိုအလေးမထားလျှင် ဆိုးရွားသည့်ရလဒ်များနှင့်သာ ကြုံတွေ့ရမည်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူငယ်တို့ကို လျစ်လျူရှုလျှင် အလုပ်လက်မဲ့ပြဿနာ၊ ပြည်ပသို့ ပညာတတ်များ စုပြုံထွက်ခွာမှု (brain drain)၊ လူမှုရေးမငြိမ်သက်မှုတို့က ပြည်တွင်း၌ ပေါ်ပေါက်လာတတ်သည်။

ဂရိနှင့် စပိန်နိုင်ငံတို့၌ ၂၀၁၀ ပြည့်နှစ်များအစောပိုင်းက စီးပွားရေးအကျပ်အတည်းကြောင့် လူငယ်အလုပ်လက်မဲ့နှုန်း ၅၀ ရာခိုင်နှုန်း ကျော်အထိတက်ခဲ့၍ ပညာတတ်လူငယ်များစွာ ပြည်ပသို့ထွက်ခွာခဲ့ရသည်။

တူနီးရှား စသည့်အာရပ်ကမ္ဘာနိုင်ငံများ၌လည်း လူငယ်များ၏ မျှော်လင့်ချက်ပျက်မှုနှင့် အလုပ်လက်မဲ့ပြဿနာသည် လူထုအုံကြွမှုများ၏ အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်။

လူငယ်တို့၏အနာဂတ်ကို အလေးထားလျှင် နိုင်ငံတော်မှရရှိမည့်အကျိုးများမှာ များပြားလှ၏။ အလေးထားလျှင် စီးပွားရေးတိုးတက်၍ ဆင်းရဲမွဲတေမှုလျော့ကျကာ ဆန်းသစ်တီထွင်မှုများ တိုးပွားလာသည်။ လူငယ်တို့ကြောင့် နိုင်ငံ၏ အခွန်ထမ်းသူများ၊ ခေါင်းဆောင်များ၊ ဆရာဝန်၊ ပညာရှင်၊ ကျွမ်းကျင်လုပ်သားများ ဖြစ်လာ၍ လူ့အဖွဲ့အစည်းတည်ငြိမ်လာမည်ဖြစ်ပါသည်။

ထို့ပြင် ပညာနှင့် တန်ဖိုးထားမှုတို့ကို မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းနိုင်၍ နိုင်ငံတော်၏ရေရှည်တည်ငြိမ်မှုကို အာမခံနိုင်သည်။

နောက်ထပ်အရေးကြီးသည်မှာ လူငယ်များအား ကမ္ဘာကို ရင်ပေါင်တန်းအမီလိုက်နိုင်ရန် ပြည်ပနိုင်ငံအသီးသီးအကြောင်း ဖော်ပြသည့် နိုင်ငံခြားမှလာ​သော ဘာသာရပ်ပေါင်းစုံစာအုပ်များ ကိုရွေးချယ်​ပေးပြီး ဖတ်ရှုရန်လမ်းညွှန်ခြင်းသည် အလွန်အရေးကြီး၏။

အရည်အသွေးကောင်းသော သိပ္ပံ၊ သမိုင်း၊ စီးပွားရေး၊ စာပေ အမြောက်အမြားကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုပေးရန်နှင့် ကျောင်းနှင့် အများပြည်သူစာကြည့်တိုက်များ၌ အလွယ်ရရှိနိုင်စေရန် လည်း လိုအပ်ပါသည်။

ထို့ပြင် မိမိတို့ယဉ်ကျေးမှုကိုမမေ့ဘဲ အမြင်ကျယ်စွာ ဝေဖန်ဆန်းစစ်၍ ဖတ်ရှု​လေ့လာတတ်သောစိတ်ဓာတ်ကို လူငယ်တို့အား သင်ကြားပေးသင့်သည်။

နိုင်ငံခြားနည်းလမ်းအချို့ကိုဖော်ပြရလျှင် ဂျာမနီ၏ အလုပ်သင်ပညာရေးစနစ် (dual vocational training) သည် ကျောင်းနှင့် စက်ရုံကိုပေါင်းစပ်၍ လူငယ်များကို အလုပ်အကိုင်သို့ တိုက်ရိုက် ရောက်စေသည်။

စင်ကာပူ၏ SkillsFuture စီမံကိန်းသည် နိုင်ငံသားအားလုံးကို တစ်သက်တာကျွမ်းကျင်မှုသင်ကြားရန် ထောက်ပံ့ပေးသည်။

ဥရောပနိုင်ငံများ၏ လူငယ်ကောင်စီများနှင့် ဆက်ခံမှုအစီအစဉ်များသည် လူငယ်တို့အား နိုင်ငံတော်က မူဝါဒချမှတ်ရာ၌ လက်တွေ့အကောင်အထည်ဖော်ရန်အတွက် အတုခိုးသင့်ပါသည်။

လူငယ်တို့အတွက် အဓိကတာဝန်ကို ပညာရေးဝန်ကြီးဌာနက ယူရမည်ဖြစ်၍ အလုပ်သမားဝန်ကြီးဌာနသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုသင်တန်းများကို တာဝန်ယူရပါမည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် အားနည်းသောလူငယ်များကို ကူညီရမည်ဖြစ်၍ အားကစားနှင့် လူငယ်ရေးရာဌာနတို့သည် လူငယ်များလှုပ်ရှားမှု ကိစ္စအဝဝကို ဦးဆောင်ရမည်​ဖြစ်သည်။

သို့ရာတွင် ဌာနများသည် တစ်ဦးချင်းလုပ်ဆောင်မည့်အစား ပေါင်းစပ်ညှိနှိုင်းသော နိုင်ငံတော်အဆင့် အမျိုးသားလူငယ်မူဝါဒ တစ်ရပ်ချမှတ်နိုင်ရန် လုပ်ကိုင်သင့်သည်တို့ကို လုပ်ကိုင်စေရမည်။

ဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် ဖိုရမ်များကိုပြုလုပ်စေကာ ဟောပြောသူက တစ်ဖက်သတ်ဟောပြောခြင်းမဟုတ်ဘဲ လူငယ်တို့ ကိုယ်တိုင်မေးခွန်းမေးခွင့်၊ အကြံပြုခွင့်ရှိသော အပြန်အလှန် ဆွေးနွေးခြင်း (Discussion)ပုံစံဖြင့် စီစဉ်သင့်သည်။

ကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်နှင့် အွန်လိုင်းနေရာများ၌ ပုံမှန်ကျင်းပ၍ အောင်မြင်သော လူငယ်လုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ပြည်ပရောက်မြန်မာများကို ဧည့်သည်ပြောဆိုသူများအဖြစ် ဖိတ်ကြား၍ ဆောင်ရွက်သင့်ပါသည်။

ထို့ပြင် ပွဲ၏ရလဒ်များကို မှတ်တမ်းတင်၍ လက်တွေ့လုပ်ငန်းစီမံကိန်းများအဖြစ် ဆက်လက်အကောင်အထည်ဖော်မှသာ ယင်းပွဲများသည် အဓိပ္ပာယ်ရှိ အကျိုးသက်​ရောက်မည်​ဖြစ်ပါသည်။

လူငယ်တို့၏အနာဂတ်ကို အကောင်အထည်ဖော်ရာ၌ မည်သည်တို့ကိုသင်ပေး၍ မည်သို့ လေ့ကျင့်ပေးသင့်သနည်းဆိုသည့်ကဏ္ဍတွင်မူ-

ပထမဦးစွာ စာတတ်ဂဏန်းတတ်မှု၊ ဘာသာစကား၊ သိပ္ပံနှင့် နည်းပညာတို့ကို အခြေခံအဖြစ် သင်ကြားပေးရမည်။ ထို့နောက် ဝေဖန်ဆန်းစစ်တွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆက်သွယ်ပြောဆို နိုင်စွမ်းနှင့် အဖွဲ့လိုက်လုပ်ကိုင်နိုင်စွမ်းတို့ကိုလည်း တန်းတူအလေးထားရမည်။

ယင်းအပြင် ဘဏ္ဍာရေးဆိုင်ရာ ဗဟုသုတ၊ စီးပွားရေးလုပ်ငန်း စတင်တည်ထောင်နည်း၊ ဒီဂျစ်တယ်ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်စည်းကမ်းတို့ကို ထည့်သွင်းသင့်သည်။ လေ့ကျင့်ပေးရာ၌ စာတွင်သာ မကန့်သတ်ဘဲ အလုပ်သင်ကာလ၊ စီမံကိန်းအခြေပြုသင်ယူမှု၊ စေတနာ့ ဝန်ထမ်းလုပ်ငန်းနှင့် ကျွမ်းကျင်သူ လမ်းညွှန်ပေးမှု (mentorship) တို့ဖြင့် လက်တွေ့ပေါင်းစပ်သင်ကြားပေးမှသာ ရလဒ်ကောင်းရမည် ဖြစ်သည်။

အမေရိကန်၌ လူငယ်များကိစ္စနှင့်ပတ်သက်၍ များစွာအတုယူစရာရှိသည်။ ထင်ရှားသောအားသာချက်မှာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်သူ ယဉ်ကျေးမှုကိုဦးစားပေးသဖြင့် ကျောင်းသားများကို ကိုယ်တိုင်စမ်းသပ်ရန်၊ မေးခွန်းထုတ်ရန်၊ မအောင်မြင်လျှင်လည်း ပြန်လည်ကြိုးစားရန်အားပေးသည်။ တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းတို့ချိတ်ဆက်ထားသဖြင့် သုတေသနမှ လုပ်ငန်းသို့ကူးပြောင်းရန် လွယ်ကူသည်။

ကောလိပ်ဘွဲ့ဆိုင်ရာ ပညာသင်ဆုများ၊ အလုပ်သင်အစီအစဉ်များနှင့် စေတနာ့ဝန်ထမ်းယဉ်ကျေးမှုလည်း အတုယူစရာဖြစ်၏။

သို့ရာတွင် ပညာသင်စရိတ်ကြီးမြင့်၍ ကျောင်းသားကြွေးမြီများပိမှုနှင့် ပညာရေးအရည်အသွေးမညီမျှမှုတို့မှာ ကာကွယ်ရမည့် အားနည်းချက်များလည်းရှိနေ၍ ယင်းတို့ကိုမူ အတုယူခြင်းမှ ရှောင်ကြဉ်ရပါမည်။

တရုတ်နိုင်ငံသည် လူငယ်တို့၏အနာဂတ်ကို မည်သို့ဖန်တီးပေးပုံမှာ တရုတ်နိုင်ငံသည် ပညာရေးနှင့် နည်းပညာကို နိုင်ငံ၏ ဦးစားပေးမူဝါဒအဖြစ် ချမှတ်၍ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ (STEM) ပညာရပ်များ၌ ကြီးမားစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။

ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရေးကျောင်းများကို တိုးချဲ့၍ တက္ကသိုလ်ဝင်ခွင့်ရသူအရေအတွက်လည်း ဆယ်စုနှစ်များအတွင်း အလွန် တိုးတက်လာသည်။ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် စီမံကိန်းတည်ထောင်ရန် နည်းပညာဥယျာဉ်များ (tech parks)၊ ပံ့ပိုးမှုအစီအစဉ်များနှင့် ဒေသန္တရအစိုးရ အားပေးမှုတို့လည်းရှိသည်။

 

သို့သော် ဝင်ခွင့်ယှဉ်ပြိုင်မှု အလွန်ပြင်းထန်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် ဘွဲ့ရလူငယ်များ၏ အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းတို့မှာလည်း ထိုနိုင်ငံ၏ လက်ရှိစိန်ခေါ်မှုများဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် အားသာချက်ကိုသာမက အားနည်းချက်ကိုပါ သင်ခန်းစာယူသင့်ပါသည်။

ထို့ကြောင့် နိုင်ငံတော်က ကြိုတင်ပြင်ဆင်သင့်သည်ကို ပြင်ဆင်သင့်ပါသည်။

လူငယ်များနှင့် အနာဂတ်အတွက် အရေးကြီးသည့်အချက်များမှာ-

၁။        ပညာရေးနှင့် ဆက်လက်သင်ယူခြင်း။

၂။         ကျောင်းပညာတင်မကဘဲ ဘဝပတ်လုံး လေ့လာသင်ယူတတ်သောအကျင့်ရှိရန်။

၃။        လက်တွေ့စွမ်းရည်ဆည်းပူးခြင်း ဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ)၊ ကွန်ပျူတာ၊ ဒီဂျစ်တယ်နှင့် AI ကိရိယာများ အသုံးပြုတတ်ရန်။

၄။        ဉာဏ်ရည်ဖြင့် စဉ်းစားတတ်ခြင်း - သတင်းအချက်အလက်များကို မှန်၊ မမှန် စစ်ဆေးပြီး ကိုယ်တိုင်ဆုံးဖြတ်နိုင်ရန်။

၅။        ကျန်းမာရေး - ကာယ၊ စိတ်ကျန်းမာရေးကို ဂရုစိုက်ပြီး အိပ်ရေးဝစွာအိပ်ရန်၊ အကျင့်ဆိုးများရှောင်ရန်။

၆။        ငွေကြေးစီမံခန့်ခွဲမှု - စုဆောင်းခြင်း၊ ဘတ်ဂျက်ချခြင်းနှင့် မလိုအပ်သောအကြွေးကို ရှောင်ခြင်း။

၇။        စည်းကမ်းနှင့် တာဝန်ယူမှု - အချိန်ကိုက်ခြင်း၊ ကတိတည်ခြင်းနှင့် ကိုယ့်လုပ်ရပ်အတွက် တာဝန်ခံခြင်း။

၈။        ကိုယ်ကျင့်တရားနှင့် ရိုးသားမှု - သစ္စာရှိခြင်း၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်း။

၉။        ဆက်သွယ်ရေးနှင့် အဖွဲ့လိုက်လုပ်ဆောင်နိုင်မှု - လေးစားစွာပြောဆိုခြင်း၊ နားထောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။

၁၀။      ပြောင်းလဲမှုကို လိုက်လျောညီထွေနေတတ်ခြင်း - အခက်အခဲများကို ရင်ဆိုင်ရာတွင် ခံနိုင်ရည်ရှိပြီး အရှုံးမှ သင်ခန်းစာယူတတ်ရခြင်း။

၁၁။      ရည်မှန်းချက်နှင့်အစီအစဉ်ရှိခြင်း - ရေတို၊ ရေရှည်ပန်းတိုင်များသတ်မှတ်ပြီး တစ်ဆင့်ချင်း အကောင်အထည်ဖော်ခြင်း။

 ၁၂။     လူမှုအသိုင်းအဝိုင်းအတွက် ပါဝင်ကူညီခြင်း - မိသားစု၊ ရပ်ရွာနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုခြင်းတို့ဖြစ်ပါသည်။

အထက်ပါ​ဖော်ပြမှုများသည် ကမ္ဘာကြီးသည် လျင်မြန်စွာပြောင်းလဲနေသောကြောင့် စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ် (Lifelong Learning) သည် နည်းပညာနှင့် ကမ္ဘာကြီးကို အမီလိုက်ရန် လိုသည်ကို ထပ်မံဖော်ပြရလိုက်ပါသည်။ ။

No comments:

Post a Comment