ကမ္ဘာ့အရိုးပွရောဂါနေ့ လူထုအသိပညာပေးဟောပြောပွဲ(၂၀၂၆)ကို အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် သူနာပြုတက္ကသိုလ်ခန်းမ၌ ကျင်းပရာ အရိုးပွရောဂါနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ဟောပြောပွဲပါဝင်တက်ရောက်သည့် မြန်မာနိုင်ငံဟော်မုန်းရောဂါပညာရှင်များအဖွဲ့ဒုတိယဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ သိန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။
မေး။ ။ ကမ္ဘာ့အရိုးပွရောဂါနေ့ နှစ်စဉ်ကျင်းပရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။ ။ ကမ္ဘာ့အရိုးပွရောဂါနေ့ကို နှစ်စဉ် အောက်တိုဘာလ ၂၀ ရက်မှာ ကျင်းပတာဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ အရိုးပွရောဂါအကြောင်း ပြည်သူလူထု ပိုမိုသိရှိနားလည်လာစေဖို့၊ အရိုးပွရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ အရိုးကျိုးနိုင်ခြေရှိသူတွေကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Build – Protect – Strengthen Your Bones for Life” ဖြစ်ပါတယ်။ တစ်သက်တာလုံး အရိုးကျန်းမာသန်စွမ်းနေဖို့ ငယ်ရွယ်စဉ်ကတည်းက အရိုးကိုတည်ဆောက်ရမယ်၊ အရွယ်ရောက်လာတဲ့အခါ ထိန်းသိမ်းကာကွယ်ရမယ်၊ အသက်ကြီးလာတဲ့အခါမှာလည်း အရိုးကျိုးနိုင်ခြေလျော့နည်းအောင် ဆောင်ရွက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
မေး။ ။ အရိုးပွရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေ ပြည်သူတွေအနေနဲ့ သိရှိလိုက်နာနိုင်ဖို့ ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ အရိုးပွရောဂါဆိုတာ အရိုးရဲ့သိပ်သည်းဆနဲ့ ကြံ့ခိုင်မှုလျော့နည်းလာပြီး အရိုးကျိုးလွယ်လာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါရဲ့ အရေးကြီးတဲ့အချက်ကတော့ အများအားဖြင့် အရိုးမကျိုးမချင်း သိသာတဲ့လက္ခဏာမရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် အရိုးပွရောဂါကို Silent Disease လို့လည်းခေါ်ကြပါတယ်။ အထူးသဖြင့် တင်ပါးဆုံရိုး၊ ကျောရိုးနဲ့ လက်ကောက်ဝတ်ရိုးတွေ ကျိုးနိုင်ပါတယ်။ တင်ပါးဆုံရိုးကျိုးတဲ့အခါမှာ ခွဲစိတ်ကုသရတာ၊ အိပ်ရာထဲမှာကြာရှည်နေရတာ၊ မိမိဘာသာလှုပ်ရှားသွားလာနိုင်မှု လျော့နည်းသွားတာတွေအပြင် အသက်အန္တရာယ်အထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရိုးမကျိုးခင်ကတည်းက ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။
မေး။ ။ အရိုးပွရောဂါနဲ့ အရိုးကျိုးနိုင်ခြေက ဘယ်လိုအခြေအနေမှာ အဖြစ်များတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ အဓိကအားဖြင့် အသက်ကြီးလာသူတွေ၊ အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးတွေမှာ အရိုးပွရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် အသက်မကြီးသေးပေမယ့် အရင်က ထိခိုက်မှုအနည်းငယ်နဲ့ အရိုးကျိုးဖူးသူတွေ၊ မိဘမှာတင်ပါးဆုံရိုးကျိုးဖူးတဲ့ ရာဇဝင်ရှိသူတွေ၊ ကိုယ်အလေးချိန်အလွန်နည်းသူတွေ၊ စတီးရွိုက်ဆေးတွေကို ကြာရှည်သုံးစွဲနေရသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ အရက်အလွန်အကျွံ သောက်သူတွေ၊ အချို့သောဟော်မုန်းရောဂါနဲ့ နာတာရှည် ရောဂါရှိသူတွေမှာလည်း အရိုးကျိုးနိုင်ခြေပိုမိုမြင့်မားပါတယ်။
မေး။ ။ ဒီနေ့အစီအစဉ်မှာ ပြည်သူတွေကို ဆောင်ရွက်ပေးမယ့် အရိုးကျိုးနိုင်ခြေစစ်ဆေးခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောကြားပေးပါ။
ဖြေ။ ။ အရိုးကျိုးနိုင်ခြေ စစ်ဆေးအကဲဖြတ်ခြင်းဆိုတာ လူတစ်ယောက်မှာ နောင်လာမယ့် နှစ်တွေထဲ အရိုးကျိုးနိုင်ခြေ ဘယ်လောက်ရှိနိုင်သလဲဆိုတာကို သိရှိနိုင်ဖို့ အန္တရာယ်အချက်တွေကို စုစည်းပြီး အကဲဖြတ်ပေးတာဖြစ်ပါတယ်။ ဒီလိုအကဲဖြတ်ရာမှာ အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ယခင်အရိုးကျိုးဖူးတဲ့ရာဇဝင်၊ မိသားစုရာဇဝင်၊ သောက်သုံးနေတဲ့ဆေးဝါးတွေနဲ့ အခြားအန္တရာယ်အချက်တွေကို ထည့်သွင်းစဉ်းစားပါတယ်။ လိုအပ်တဲ့သူတွေကို အရိုးသိပ်သည်းဆစစ်ဆေးဖို့နဲ့ ဆရာဝန်နဲ့ဆက်လက်တိုင်ပင်ကုသဖို့ အကြံပြုပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်က အရိုးကျိုးပြီးမှကုသတာထက် အရိုးမကျိုးခင်ကတည်းက အန္တရာယ်ရှိသူတွေကို ရှာဖွေဖော်ထုတ်ပြီး ကြိုတင်ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီလိုစစ်ဆေးလိုက်တဲ့အတွက် ပထမအချက်အနေနဲ့ အရိုးကျိုးနိုင်ခြေမြင့်မားသူတွေကို စောစီးစွာ သိရှိနိုင်ပါတယ်။ ဒုတိယအချက်ကတော့ အန္တရာယ်ရှိသူတွေကို အရိုးကျန်းမာရေးထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ၊ လိုအပ်တဲ့စစ်ဆေးမှုတွေနဲ့ ကုသမှုတွေအတွက် အကြံဉာဏ်ပေးနိုင်ပါတယ်။ တတိယအချက်ကတော့ အနာဂတ်မှာ အရိုးကျိုးမှုဖြစ်နိုင်ခြေကိုလျှော့ချနိုင်ဖို့ သင့်တော်တဲ့ ကာကွယ်ကုသမှုတွေ စတင်ဆောင်ရွက်နိုင်ပါတယ်။ အရိုးကျိုးနိုင်ခြေအကဲဖြတ်ခြင်းဟာ အန္တရာယ် ကို ခန့်မှန်းပေးတာဖြစ်ပြီး အရိုးပွရောဂါကို တိုက်ရိုက်အတည်ပြုတဲ့ စစ်ဆေးမှုတော့မဟုတ်ပါဘူး။
အသက်ကြီးလာတာနဲ့အမျှ အရိုးကျိုးနိုင်ခြေမြင့်တက်လာပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်နဲ့အထက် အမျိုးသမီးတွေနဲ့ အသက် ၇၀ နှစ်နဲ့အထက် အမျိုးသားတွေမှာ အရိုးကျန်းမာရေးကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်အရွယ်တစ်ခုတည်းနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ တစ်ဦးချင်းရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေအပေါ်မူတည်ပြီး စစ်ဆေးသင့်ပါတယ်။
မေး။ ။ အရိုးပွ ရောဂါကို ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း သိပါရစေ။
ဖြေ။ ။ အရိုးပွရောဂါနဲ့အရိုးကျိုးနိုင်ခြေကို လျှော့ချနိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့် ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီလုံလောက်စွာရရှိအောင် ဆောင်ရွက်ရပါမယ်။ လမ်းလျှောက်ခြင်း၊ ကိုယ်အလေးချိန်ခံလေ့ကျင့်ခန်းတွေနဲ့ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်း တွေကို မိမိရဲ့ကျန်းမာရေးအခြေအနေနဲ့အညီ ပုံမှန်ပြုလုပ်ရပါမယ်။ ဆေးလိပ်သောက်ခြင်းနဲ့ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။ အသက်ကြီးသူတွေမှာ လဲကျမှုမဖြစ်အောင် နေအိမ်ပတ်ဝန်းကျင်ကို လုံခြုံအောင်ပြင်ဆင်ရပါမယ်။ အရိုးကျိုးနိုင်ခြေမြင့်မားသူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သင့်လျော်တဲ့ ဆေးဝါးကုသမှုခံယူရပါမယ်။
အဓိကပြောချင်တာက အရိုးကျိုးပြီးမှကုသတာထက် အရိုးမကျိုးခင် ကြိုတင်ကာကွယ်ခြင်းက ပိုမိုအရေးကြီးပါတယ်။ အရိုးပွရောဂါဟာလက္ခဏာမပြဘဲဖြစ်နေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် မိမိမှာအရိုးကျိုးနိုင်ခြေရှိ/မရှိ သိရှိအောင်ဆောင်ရွက်ကြဖို့၊ အရိုးကျန်းမာရေးကို ငယ်စဉ်ကတည်းက ဂရုစိုက်ကြဖို့နဲ့လိုအပ်ရင် ဆရာဝန်တွေရဲ့ အကြံဉာဏ်ကိုရယူကြဖို့ တိုက်တွန်းချင်ပါတယ်။ အရိုးကျန်းမာမှ ဘဝလှပမယ်။ အရိုးမကျိုးခင် ကြိုတင်ကာကွယ်ကြပါလို့ ပြောချင်ပါတယ်။
မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
တွေ့ဆုံမေးမြန်း-မင်းသစ်၊ ဓာတ်ပုံ-သီဟ

No comments:
Post a Comment