နေပြည်တော် အောက်တိုဘာ ၂၀
ကျေးလက်နေအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ပါဝင်သည့် ကျေးရွာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်ရေး၊ ကူးစက်/မကူးစက်ရောဂါများ ကာကွယ်ရေး၊ အာဟာရနှင့် မျိုးဆက်ပွားကျန်းမာရေး၊ ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရရှိရေး၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး စသည့်ကဏ္ဍ (၆) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် ဗဟိုအဆင့် သင်တန်းဖွင့်ပွဲမှ သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Hotel Amara ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်က အမျိုးသမီးရေးရာဝန်ကြီးဌာနအနေဖြင့် ကျေးလက်ဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ရေးဆွဲထားရှိပြီးဖြစ်ပြီး ပထမအဆင့် စီမံချက်အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ ၄၅ ရွာ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၂၀ ရက်နှင့် ၂၁ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြကာ သင်တန်းပြီးစီးပါက သက်ဆိုင်ရာ ကျေးရွာများတွင် ရွေးချယ်ထားသော ဆယ်အိမ်စု စေတနာ့ဝန်ထမ်းအမျိုးသမီးများကို သင်တန်းများ ဆက်လက်ပို့ချပေးသွားမည် ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment