Wednesday, October 21, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပသည့် အာရှဒေသယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့ (Alliance for Cultural Heritage in Asia-ACHA) စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း တက်ရောက်


​နေပြည်တော် အောက်တိုဘာ ၂၀

အာရှဒေသယဉ်ကျေးမှုအမွေအနှစ် မဟာမိတ်အဖွဲ့ (Alliance for Cultural Heritage in Asia-ACHA) စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်ကကျင်းပခဲ့ရာ ယဉ်ကျေးမှု၊ ​ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း ပါဝင်တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ဟန်ကျိုးမြို့ Liangzhu Narada Resort ရှိ အစည်းအဝေးခန်းမ၌ တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲရေးဌာန အကြီးအကဲ Mr. Qiao Yunfei နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ACHA ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်ကြွယ်ဝသော နိုင်ငံများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်များကိုသာမက ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များကိုပါ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အထူးအလေးပေးဆောင်ရွက်နေသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်သော “သနပ် ခါးယဉ်ကျေးမှုဓလေ့” အား ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေး အဆိုပြုတင်ပြထားရာ ယခုနှစ်ဒီဇင်ဘာလတွင် အဆုံးအဖြတ်ပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့အတူ Mr. Qiao Yunfei က တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တူညီသော ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သည့် ရှေးဟောင်းပေစာမှတ်တမ်းများအား ကာကွယ်ထိန်းသိမ်းခြင်းအစီအစဉ်နှင့် သဘာဝဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ၊ ကျရောက်ပြီး ကာလများအတွက် စီမံခန့်ခွဲမှုလက်တွေ့သင်ကြားပေးခြင်း အစီအစဉ်များသည် ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များအတွက် အထူးပင်အကျိုးရှိသော ကိစ္စရပ်များဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ဟန်ကျိုးမြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လျန်ကျူးရှေးဟောင်းမြို့နှင့် လျန်ကျူးပြတိုက်တို့ကို သွားရောက်လေ့လာခဲ့သည်။

အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် Inter Continental Hangzhou Liangzhu ရှိ Jade Cong Ballroom ၌ ကျင်းပသည့် အာရှဒေသယဉ်ကျေးမှုအမွေအနှစ်မဟာမိတ်အဖွဲ့ (ACHA) စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးဖွင့်ပွဲသို့ ပါဝင်တက်ရောက်သည်။

ဆက်လက်၍ Liangzhu 5000+ Art and Creative Park တွင် “တရုတ်ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အစိတ်အပိုင်းများကို အတုယူဆန်းသစ်ထားသည့် ဒီဇိုင်းဖန်တီးမှုဖြင့် အမွေအနှစ်များကို ပြန်လည်ရှင်သန်စေခြင်းနှင့် ယဉ်ကျေးမှုဖလှယ်မှုဖြင့် လူ့ယဉ်ကျေးမှုများကို ချိတ်ဆက်ခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပသည့် ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှု အထူးပြပွဲနှင့် ဈေးရောင်းပွဲတော်ကို သွားရောက်လေ့လာခဲ့သည်။

ညနေပိုင်းတွင် Liangzhu Narada Resort ရှိ Narada Hall ၌ ကျင်းပသည့် အာရှဒေသယဉ်ကျေးမှု အမွေအနှစ်မဟာမိတ်အဖွဲ့ စတုတ္ထအကြိမ်မြောက် ကောင်စီအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ယဉ်ကျေးမှုဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ်နှင့် သံအမတ်များက သက်ဆိုင်ရာနိုင်ငံများကိုယ်စား အမှာစကားပြောကြားကြပြီး “အန္တရာယ်ကျရောက်နေသော ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး” ခေါင်းစဉ်ဖြင့်ဆွေးနွေးကာ မြန်မာနိုင်ငံ၊ အီရန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် International Alliance for the Protection of Heritage(ALIPH) အဖွဲ့အစည်းတို့က တစ်နိုင်ငံချင်းအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment