Wednesday, October 21, 2026

စာပေဗိမာန်တည်ထောင်ခြင်း နှစ် (၈၀) ပြည့် ဂုဏ်ပြုအကြို စာတမ်းဖတ်ပွဲကျင်းပ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်


​ရန်ကုန် အောက်တိုဘာ ၂၀

စာပေဗိမာန်တည်ထောင်ခြင်း နှစ် (၈၀) ပြည့်ဂုဏ်ပြုအကြို စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး၊ မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

စဉ်ဆက်မပြတ်ထုတ်ဝေ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စာပေသစ္စာတရားကို အခြေခံလျက် စွမ်းအားထက်မြက်သည့် ပြည်သူ့အကျိုးပြု စာကောင်းပေမွန်များကို စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိခြင်းနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာစိုက်ထုတ်ကာ မဆုတ်မနစ် ဆောင်ရွက်ပေးလျက်ရှိသော “စာပေဗိမာန်” သည် လာမည့် ၂၀၂၇ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ဂုဏ်ယူဖွယ်ရာ သက်တမ်း (၈၀) ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ စာပေဗိမာန်သည် လမ်းညွှန်မှုနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် စာကောင်းပေမွန်များကို အရှိန်အဟုန်မပျက် ပြန်လည်ထုတ်ဝေလျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် စာပေပညာရှင် ဆရာကြီးဦးခင်စိုး (စိုးစိုး-ပန်းတောင်း) က “ကျွန်တော့်ဘဝထဲက စာပေဗိမာန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာပေပညာရှင် ဆရာကြီး ဦးမောင်လှိုင် (မောင်ဆွေငယ်) က “မြန်မာစာပေသမိုင်း၊ စာနယ်ဇင်းသမိုင်းနှင့် စာပေဗိမာန်” ခေါင်းစဉ် ဖြင့်လည်းကောင်း စာတမ်းများကို အသီးသီးဖတ်ကြားတင်ပြခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ဖတ်ကြားခဲ့သည့် စာတမ်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာတမ်းဖတ်ကြားခဲ့ကြသည့် စာပေပညာရှင် ဆရာကြီး နှစ်ဦးနှင့် သဘာပတိတို့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ဦးစွာ ရုပ်ရှင်ဆင်ဆာအဖွဲ့ဥက္ကဋ္ဌက ရုပ်ရှင်ဆင်ဆာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။

အလေးထားစိစစ်ဆောင်ရွက်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ တွေ့ဆုံဆွေးနွေးရခြင်းသည် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသည့် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို ပြဋ္ဌာန်းထားသည့် ရုပ်ရှင်ဥပဒေနှင့်အညီပြသနိုင်ရန် ဆောင်ရွက်ပေးနေသည့် ဆင်ဆာအဖွဲ့ဝင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ရုပ်ရှင်အနုပညာဖန်တီးမှုများသည် စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆဖန်တီးရသော ပညာရပ်ဖြစ်၍ အချို့အနုပညာဖန်တီးမှုများသည် လွန်ကဲသောဖန်တီးမှုမျိုးဖြစ်ပါက ပြည်သူများအတွက် အဆိပ်အတောက်ဖြစ်နိုင်သော အနုပညာဖန်တီးမှု ဖြစ်သွားနိုင်ပါကြောင်း၊ ဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများကို ပြည်သူများထံ အဆိပ်အတောက်ကင်းကင်းဖြင့် ရောက်ရှိနိုင်ရန်အတွက် မူလဖန်တီးထုတ်လုပ်သော အနုပညာရှင်များက သတိဝီရိယကြီးစွာ ဖန်တီးရန် လိုအပ်သလို ဆင်ဆာအဖွဲ့ဝင်များအနေဖြင့်လည်း စိစစ်အကဲဖြတ်ပေးရန်လိုအပ်ပါကြောင်း၊ ဆင်ဆာအဖွဲ့ဝင်များသည် ဇာတ်ကားများကို စစ်ဆေးရာတွင် ရုပ်ရှင်ဥပဒေပြဋ္ဌာန်းချက်ပါ အချက်များအပေါ်အခြေခံ၍ ချမှတ်ထားသော မူဝါဒနှင့်အညီ စစ်ဆေးဆောင်ရွက်ပေးနိုင်ရန်နှင့် မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များကိုလည်း အလေးထားစိစစ်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်

No comments:

Post a Comment