မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် AFC Challenge League 2026 - 2027 အုပ်စု (E) အဖွင့်ပွဲစဉ်အဖြစ် ယနေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းနှင့် တရုတ်(တိုင်ပေ)ကလပ် နယူးတိုင်ပေဟန်ယွမ်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
အဆိုပါပွဲစဉ်တွင် အိမ်ကွင်းပရိသတ်များ၏အားပေးမှုနှင့်အတူ အဖွင့်ပွဲစဉ်၌ နိုင်ပွဲရယူရန်မျှော်လင့်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်း၌ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်းပွဲချိန် ၅၂ မိနစ်တွင် တရုတ်(တိုင်ပေ)ကလပ် နယူးတိုင်ပေဟန်ယွမ်အသင်းမှ Lin Hai-Cheng က ထောင့်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။ ထို့နောက် ရှမ်းယူနိုက်တက်အသင်းသည် လူစားလဲမှုများပြုလုပ်ကာ တိုက်စစ်မြှင့်ကစားခဲ့ရာ ပွဲချိန် ၆၄ မိနစ်တွင် လူစားဝင်ကစားသမား သက်ဝေမိုးက အရေးပါသည့်ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။
ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်း ဂိုးပေါက်ခြိမ်းခြောက်မှုများနှင့် အပိုင်အခွင့်အရေးများ ထပ်မံရရှိခဲ့သော်လည်း အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိဘဲ ပြိုင်ပွဲပြီးဆုံးချိန်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် အမှတ်ခွဲယူခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု(E)ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၁ ရက်တွင် ဘရူနိုင်းကလပ် ကာဆူကာအသင်းနှင့် ဒုတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-SUFC

No comments:
Post a Comment