Monday, October 19, 2026

ပရီမီယာလိဂ်ပွဲစဉ် (၇) တွင် အက်စ်တွန်ဗီလာ၊ မန်စီးတီး၊ လီဗာပူးနှင့် ချယ်ဆီးအသင်းတို့ နိုင်ပွဲရ

 


ပရီမီယာလိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) မှ နယူးကာဆယ်နှင့် အက်စ်တွန်ဗီလာအသင်းပွဲစဉ်ကို စိန့်ဂျိမ်းပတ်ခ်ကွင်း၌ အောက်တိုဘာ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ အက်စ်တွန်ဗီလာအသင်းက မန်ဇမ်ဘီ၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

အသက် ၂၁ နှစ်အရွယ် မန်ဇမ်ဘီသည် ဂျာမန်ကလပ်ဖရိုင်းဘတ်အသင်းမှ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် အက်စ်တွန်ဗီလာအသင်းသို့ ရောက်ရှိလာပြီးနောက် အသင်းအတွက် သွင်းဂိုး သုံးဂိုးရှိလာပြီဖြစ်သည်။ အဆိုပါနိုင်ပွဲသည် အက်စ်တွန်ဗီလာအသင်းနည်းပြ အူနိုင်းအမ်မရီအတွက် ပရီမီယာလိဂ်ပွဲ ၁၀၀ မြောက်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

နယူးကာဆယ်အသင်းနည်းပြ ဂျိုက်စလေသည် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့်လေးပွဲတွင် ရှုံးပွဲသုံးပွဲအထိ ရှိလာပြီဖြစ်သည့်အတွက် ဖိအားများဝင်လာခဲ့ပြီဖြစ်သည်။ နယူးကာဆယ်အသင်းသည် ဂိုးပေါက်ကန်သွင်း ချက် ၁၆ ကြိမ်အထိရှိခဲ့သော်လည်း ဂိုးပေါက်တည့်မတ်မှုတစ်ကြိမ်သာရှိသည့်အတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လနောက်ပိုင်း အိမ်ကွင်းပွဲစဉ်များအနက် ဂိုးပေါက်တည့်မတ်မှု အနည်းဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အခြားပွဲစဉ်ရလဒ်များတွင် ချယ်ဆီးက အဲဗာတန်ကို နှစ်ဂိုး - ဂိုးမရှိ၊ လီဗာပူးက နှစ်ယောက်လျော့ ဘရန့်ဖို့ဒ်ကို နှစ်ဂိုး - တစ်ဂိုး၊ တစ်ယောက်လျော့ ဖူလ်ဟမ်က ဟားလ်စီးတီးကို တစ်ဂိုး - ဂိုးမရှိ၊ အမှတ်ပေးဇယားဦးဆောင် သူ မန်စီးတီးက အစ်ဆွစ်ကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့သည်။     

အောင်ဇော်

No comments:

Post a Comment