သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းစု (MSME Cluster) ဆိုသည်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်း သို့မဟုတ် ဒေသတစ်ခုအတွင်း စုပေါင်းဖွဲ့စည်းထားသော စီးပွားရေးပုံစံတစ်ခုဖြစ်သည်။ ယင်းလုပ်ငန်းစုအတွင်းရှိလုပ်ငန်းများသည် တူညီသော သို့မဟုတ် ဆက်စပ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ကြပြီး အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာစေရန် ပေါင်းစည်းဆောင်ရွက်ခြင်းဖြစ်သည်။
ယနေ့ခေတ် စီးပွားရေးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် အရေးပါသောအခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိပါသည်။ သို့သော် MSME များသည် ငွေကြေးအခက်အခဲရှိခြင်း၊ နည်းပညာအကန့်အသတ်ရှိခြင်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်မှုနည်းပါးခြင်းတို့ကြောင့် တစ်ဦးတည်းရပ်တည်ရန် ခက်ခဲတတ်ပါသည်။ ထို့ကြောင့် MSME Cluster စနစ်ကိုအသုံးပြု၍ လုပ်ငန်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုနှင့် နိုင်ငံ့စီးပွားတိုးတက်မှုကို တစ်ပြိုင်တည်းမြှင့်တင်နိုင်ပါသည်။
MSME Cluster ၏ အဓိကအားသာချက်မှာ အရင်းအမြစ်များကို မျှဝေသုံးစွဲနိုင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် စက်ပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးစနစ်များကို အတူတကွ အသုံးပြုခြင်း၊ သင်တန်းများနှင့် နည်းပညာများကို ပူးပေါင်းလေ့လာခြင်းတို့ဖြင့် ကုန်ကျစရိတ်လျှော့ချနိုင်သည်။ ထို့အပြင် ကုန်ကြမ်းဝယ်ယူမှုနှင့် စျေးကွက်ရှာဖွေမှုများကို စုပေါင်းဆောင်ရွက်နိုင်သောကြောင့် အကျိုးအမြတ် ပိုမိုရရှိလာနိုင်သည်။
MSME Cluster များသည် အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားစေပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားပေးသည်။ အထူးသဖြင့် ကျေးလက်ဒေသများတွင် MSME Cluster များ တည်ထောင်ခြင်းဖြင့် ဒေသခံများ၏ ဝင်ငွေတိုးတက်လာပြီး လူမှုစီးပွားဘဝကောင်းမွန်လာစေသည်။ ဥပမာအားဖြင့် အထည်ချုပ်လုပ်ငန်းစု၊ လက်မှုလုပ်ငန်းစု၊ စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းစုများတွင် ကုန်ကြမ်းပေးသွင်းသူများ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနှင့် စျေးကွက်ရှာဖွေရေးအဖွဲ့များ အတူတကွပူးပေါင်း၍ MSME Cluster ဆောင်ရွက်နိုင်သည်။
MSME Cluster ဆောင်ရွက်ရာတွင်
MSME Cluster ဆောင်ရွက်မည်ဆိုပါက အောက်ပါအချက်များကို အလေးထားစဉ်းစားရန် လိုအပ်ပါသည်။
၁။ လုပ်ငန်းရွေးချယ်ခြင်း။ ရှေးဦးစွာ ဒေသ၏အားသာချက်နှင့် သဘာဝအရင်းအမြစ်များကိုလေ့လာပြီး ဖွံ့ဖြိုးနိုင်မည့်လုပ်ငန်းများကို ရွေးချယ်ရမည်။ ဥပမာအားဖြင့် စိုက်ပျိုးရေးကောင်းသောဒေသတွင် အစားအစာထုတ်လုပ်မှုလုပ်ငန်းစုကို တည်ထောင်နိုင်သည်။
၂။ အခြေခံအဆောက်အအုံ တိုးတက်စေရန်ဆောင်ရွက်ခြင်း။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ၊ အင်တာနက်နှင့် သယ်ယူပို့ဆောင်ရေးစနစ်များ ကောင်းမွန်ရန်လိုအပ်မည်။ အခြေခံအဆောက်အအုံကောင်းမွန်ပါက လုပ်ငန်းများလည်ပတ်မှုကို လွယ်ကူစေနိုင်သည်။
၃။ လုပ်ငန်းများအချင်းချင်းပူးပေါင်းခြင်း။ Cluster အတွင်းရှိလုပ်ငန်းများ၊ ကုန်ကြမ်းပေးသွင်းသူများ၊ သုတေသနဌာနများနှင့် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရမည်။ ဤသို့ဆောင်ရွက်ခြင်းဖြင့် နည်းပညာဖလှယ်မှုနှင့် ဆန်းသစ်တီထွင်မှုကို တိုးတက်စေနိုင်သည်။
၄။ ကျွမ်းကျင်လုပ်သားများ တိုးတက်စေခြင်း။ နည်းပညာသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းပညာရေးများကို တိုးချဲ့သင်ကြားပေးရမည်။ လေ့ကျင့်သင်ကြားပေးခြင်းဖြင့် လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်လုပ်သားများရရှိနိုင်သည်။
၅။ အစိုးရ၏ပံ့ပိုးမှု။ စီးပွားရေးလုပ်ငန်းများ အဆင်ပြေစေရန် ကောင်းမွန်သောမူဝါဒများ ချမှတ်ပေးရမည်။ အစိုးရအနေဖြင့် အခွန်လျှော့ပေါ့ပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းနှင့် ဥပဒေဆိုင်ရာ အထောက်အပံ့များပေးခြင်းဖြစ်သည်။
၆။ နည်းပညာနှင့်သုတေသနကိုအားပေးခြင်း။ သုတေသနနှင့်ဖွံ့ဖြိုးရေးနှင့် ဆန်းသစ်တီထွင်ခြင်းကို အားပေးလုပ်ဆောင်ရမည်။ နည်းပညာအသစ်များ အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုစွမ်းရည်မြင့်တက်လာနိုင်သကဲ့သို့ ဆန်းသစ်တီထွင်ခြင်းဖြင့် ထုတ်ကုန်ပစ္စည်းအရည်အသွေးနှင့် ထုတ်ကုန်အမယ်သစ်များ တိုးတက်လာနိုင်သည်။
၇။ ဈေးကွက်ချိတ်ဆက်မှုတိုးမြှင့်ခြင်း။ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ ထုပ်ပိုးမှုအဆင့်မြင့်ခြင်း၊ ဒီဂျစ်တယ်နည်းပညာ အသုံးပြုကြေညာခြင်း၊ နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်တက်ရောက်ခြင်းတို့ဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာဈေးကွက်များနှင့်ပါ အချိတ်အဆက်ရရှိနိုင်ပြီး ပို့ကုန်တိုးတက်လာနိုင်သည်။
၈။ ပူးပေါင်းဆောင်ရွက်လိုခြင်း။ MSME Cluster များ အောင်မြင်စေရန် အစိုးရ၏ပံ့ပိုးမှု၊ ငွေကြေးအထောက်အပံ့၊ နည်းပညာသင်တန်းများနှင့် အခြေခံအဆောက်အအုံ ကောင်းမွန်မှုတို့သာမက လုပ်ငန်းရှင်များအကြား ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိရမည်။
ပိုမိုအားကောင်းလာမည်
Cluster ပုံစံဖြင့် အချင်းချင်းချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ခြင်းသည် MSME များ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှု၊ စွမ်းအားစုအလေအလွင့်ကို လျော့နည်းစေမှု၊ ဒေသစီးပွားရေးတိုးတက်မှုနှင့် လူမှုစီးပွားဘဝတိုးတက်မှုတို့ကို အထောက်အကူပြုစေသည့် နည်းလမ်းတစ်ခုဖြစ်သောကြောင့် MSME များကို ပိုမိုအားကောင်းလာစေမည်။
MSME Cluster ဆောင်ရွက်ခြင်းဖြင့် အဖွဲ့ဝင်များအကြား ထုတ်လုပ်မှုဆိုင်ရာဆက်စပ်မှု ပိုမိုခိုင်မာလာမည်။ တူညီသောကုန်ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းများသည် ကုန်ကြမ်းများကို စုပေါင်းဝယ်ယူနိုင်ခြင်း၊ ထုတ်လုပ်မှုနည်းပညာများကို အပြန်အလှန်မျှဝေနိုင်ခြင်းတို့ကြောင့် အရည်အသွေးစံချိန်စံညွှန်းများကို တူညီစွာ ထိန်းသိမ်း နိုင်သဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်တက်လာစေမည်။
Supply Chain ဆိုင်ရာ ဆက်စပ်မှုများ ပိုမိုကောင်းမွန်လာမည်။ Cluster အတွင်းတွင် ကုန်ကြမ်းပံ့ပိုးသူများ၊ ထုတ်လုပ်သူများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဖြန့်ချိရောင်းချသူများ အပြန်အလှန် ချိတ်ဆက်ထားသောကြောင့် လုပ်ငန်းစဉ်များ မြန်ဆန်လာပြီး ကုန်ကျစရိတ်လျော့နည်းစေသည့်အတွက် MSME များ၏ ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေမည်။
Cluster ပုံစံသည် MSME များ၏ ဈေးကွက်ချဲ့ထွင်နိုင်စွမ်းကို မြှင့်တင်ပေးမည်။ MSME အဖွဲ့ဝင်များစုပေါင်း၍ အမှတ်တံဆိပ် (Brand) တည်ဆောက်ခြင်း၊ ကုန်စည်ပြပွဲများတွင်ပါဝင်ခြင်း၊ အွန်လိုင်းဈေးကွက်များနှင့် ချိတ်ဆက်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်နိုင်သည်။ ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ပါ ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်သည်။
Cluster ပုံစံ၏ နောက်ထပ်အရေးပါသောအချက်မှာ ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များကို လွယ်ကူစွာရရှိလာမည်။ MSME များသည် ဘဏ်များ၊ Microfinance အဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် ပူးပေါင်းဆက်သွယ်နိုင်သဖြင့် ငွေကြေးအထောက်အပံ့၊ နည်းပညာ သင်တန်းများနှင့် စီးပွားရေးအကြံပေးဝန်ဆောင်မှုများရရှိလာနိုင်ပြီး စွမ်းဆောင်ရည်တိုးတက်မှုနှင့်အတူ တီထွင်ဆန်းသစ်မှုများ ပိုမိုဖန်တီးနိုင်မည်။
အစိုးရ၏ မူဝါဒထောက်ပံ့မှုများ
MSME များသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ထုတ်လုပ်မှုတိုးတက်စေခြင်းနှင့် နိုင်ငံ၏ GDP တိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်းတို့ကြောင့် စီးပွားရေးဖွံ့ဖြိုးမှု၏ အခြေခံအင်အားစုများအဖြစ် သတ်မှတ်ခံရသည်။ ထို့ကြောင့် အစိုးရများသည် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန် မူဝါဒဆိုင်ရာ အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိသည်။
အစိုးရ၏ အဓိကထောက်ပံ့မှုမှာ ငွေကြေးဆိုင်ရာပံ့ပိုးမှုဖြစ်သည်။ MSME လုပ်ငန်းများသည် အရင်းအနှီးနည်းပါးခြင်းနှင့် ဘဏ်ချေးငွေရယူရန် အခက်အခဲရှိခြင်းတို့ကို ကြုံတွေ့ရလေ့ရှိသည်။ ထို့ကြောင့် အစိုးရသည် အတိုးနှုန်းသက်သာသော ချေးငွေများ၊ SME Loan Program များနှင့် Microfinance ဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းဖြင့် MSME များကို ကူညီပေးသည်။ Cluster ပုံစံ ဆောင်ရွက်ခြင်းမှ ထောက်ပံ့မှုများ ပိုမိုလျင်မြန်စွာ ရရှိနိုင်သောကြောင့် လုပ်ငန်းတိုးချဲ့နိုင်ပြီး ထုတ်လုပ်မှုတိုးမြှင့်နိုင်သည်။
ထို့အပြင် အခွန်ဆိုင်ရာ သက်သာခွင့်များကိုလည်း အစိုးရကပေးလေ့ရှိသည်။ MSME များ၏ ကုန်ကျစရိတ်ကို လျှော့ချနိုင်ရန် အခွန်လျှော့ချပေးခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးခြင်းနှင့် စက်ပစ္စည်း တင်သွင်းမှုအတွက် အခွန်သက်သာခွင့်များပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။ ဤမူဝါဒများက MSME များ၏ ငွေကြေးဖိအားကို လျှော့ချပေးနိုင်ပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်နိုင်စေသည်။
နည်းပညာနှင့် သင်တန်းဆိုင်ရာ အထောက်အပံ့များလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သောကြောင့် အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများသည် MSME လုပ်ငန်းရှင်များအတွက် စီးပွားရေးစီမံခန့်ခွဲမှု၊ စာရင်းကိုင်ပညာ၊ Digital Marketing၊ E-commerce နှင့် ထုတ်လုပ်မှုနည်းပညာများဆိုင်ရာသင်တန်းများ ပေးလေ့ရှိသည်။ ယင်းသင်တန်းများမှတစ်ဆင့် MSME များသည် ခေတ်မီနည်းပညာများ အသုံးပြုတတ်လာပြီး စီးပွားရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ လည်ပတ်နိုင်သည်။
MSME များ၏ ထုတ်ကုန်များကို ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ရောင်းချနိုင်ရန် အစိုးရ သည် ကုန်စည်ပြပွဲများနှင့် ပို့ကုန်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် MSME များသည် စျေးကွက်အသစ်များရရှိလာပြီး ဝင်ငွေတိုးတက်နိုင်သည်။
ထို့အပြင် ဥပဒေနှင့် လုပ်ငန်းမှတ်ပုံတင်ဆိုင်ရာ ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးသည်။ MSME များအတွက် လုပ်ငန်းမှတ်ပုံတင်ခြင်း၊ လိုင်စင်ရယူခြင်းနှင့် ကုန်အမှတ်တံဆိပ် ကာကွယ်မှုများကို ဆောင်ရွက်ပေးထားသည်။ ဤကဲ့သို့သော အထောက်အပံ့များကြောင့် MSME များသည် ဥပဒေအရ လုံခြုံစွာလုပ်ကိုင်နိုင်သည်။
အားပေးမြှင့်တင်သင့်
MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရန် အစိုးရသည် မူဝါဒဆိုင်ရာ အထောက်အပံ့များပေး လျက်ရှိသော်လည်း လုပ်ငန်းများအနေဖြင့် တစ်ဦးချင်းလုပ်ကိုင်နေကြသဖြင့် ထုတ်လုပ်မှုပမာဏနည်းပါးခြင်း၊ အရည်အသွေးမတူညီခြင်းနှင့် ယှဉ်ပြိုင်နိုင်မှုအားနည်းခြင်းများရှိနေသည်။
MSME အဖွဲ့ဝင်များအကြား Cluster ပုံစံဖြင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံတစ်ခုဖြစ်သကဲ့သို့ လုပ်ငန်းကြီး ထုတ်လုပ်မှုအသွင်လည်း ဖြစ်ပေါ်စေနိုင်သည်။ MSME များ Cluster ပုံစံဖြင့် ဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ်လျော့နည်းခြင်း၊ ထုတ်လုပ်မှုတိုးတက်ခြင်း၊ ဈေးကွက်ကျယ်ပြန့်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားခြင်း အကျိုးကျေးဇူးများရရှိလာပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်သောကြောင့် MSME များကို Cluster ပုံစံအသွင်ဖြင့်ဆောင်ရွက်မှုကို အားပေးမြှင့်တင်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
No comments:
Post a Comment