နေပြည်တော် စက်တင်ဘာ ၁၇
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားကွင်း/ အားကစားရုံများအား အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်များအလိုက် ထပ်တိုးတည်ဆောက်ရေးလုပ်ငန်းများကို အားကစားရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။
ယနေ့နံနက်ပိုင်းက အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီသည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ အားကစားကွင်း/ အားကစားရုံများ၊ ကျောင်းကုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်ရှိ အားကစားကွင်း/အားကစားရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်များနှင့်အညီ မြန်မာ့အားကစားကဏ္ဍ ပိုမိုမြင့်မားလာစေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ သက်တမ်းကာလကြာမြင့်သည့် အားကစားကွင်း/အားကစားရုံများကို အဆင့်မြှင့်တင်တည်ဆောက်ပေးနိုင်ရေးနှင့် တည်ဆောက်ထားသည့် အားကစားကွင်း/ အားကစားရုံများ ရေရှည်တည်တံ့စေရေးတို့အတွက် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။
ယမန်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် အားကစားနှင့် ကာယပညာသိပ္ပံ (ပုသိမ်) ၌ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် သတ်မှတ်အရည်အသွေး၊ စံချိန်/စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးသွားရန်၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေကို ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့များဖွဲ့စည်း၍ စနစ်တကျစစ်ဆေးပြီး မှတ်တမ်းများထားရှိဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနအောက်ရှိ ပုသိမ်မြို့ အဆင့်မြင့်ရေကူးကန်တွင် မျိုးဆက်သစ် ရေကူးအားကစားသမားများ လေ့ကျင့်နေမှု၊ ကိုးသိန်းအားကစားကွင်းအတွင်းရှိ ဘိလိယက်နှင့်စနူကာ အားကစားရုံတွင် အားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
ထို့မှတစ်ဆင့် ပုသိမ်ဇုန်တွင်ကျင်းပလျက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် U-19 (အမျိုး သမီး) ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင် ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment