ယနေ့သည် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” “International Day of Clean Air for Blue Skies” ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “ရာသီဥတုကောင်းမွန်ဖို့ သန့်ရှင်းသောလေဖန်တီးစို့” “Clean Air For Climate Action” ဖြစ်သည်။ ကမ္ဘာကြီးနှင့် လူသားများအားလုံးအတွက် အလွန်အရေးကြီးသည့် နေ့ရက်နှင့်ဆောင်ပုဒ်တစ်ခုဖြစ်သည်နှင့်အညီ ကမ္ဘာ့ပြည်သူအားလုံးတို့က ကမ္ဘာ့လေထုသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
သက်ရှိလူ၊ သတ္တဝါနှင့်အပင်များ ရှင်သန်ရပ်တည်နေသည့် ဤကမ္ဘာကြီးကို
ပတ်လည်ဝန်းရံနေသော ဓာတ်ငွေ့အလွှာကြီးသည်လေထုဖြစ်သည်။ ကမ္ဘာ့လေထုသည် မြေပြင်မှ
မိုင်ပေါင်း ၂၀၀ မှ ၄၀၀ အထိ ထူထပ်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။ လေထုအထူ
မည်မျှရှိသည်ကို မည်သူမျှ အတိအကျသိရှိနိုင်ခြင်းမရှိပေ။ ကမ္ဘာ့လေထုတွင်
နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊ အာဂွန်သုညဒသမ ၉
ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုက်နှင့် အခြားဓာတ်ငွေ့များ ပါဝင်သည်။ အောက်ဆီဂျင်သည်
သက်ရှိများ အသက်ရှူရန်၊ နိုက်ထရိုဂျင်သည် အမိုင်နိုအက်စစ်ထုတ်လုပ်ရန်နှင့်
ကာဗွန်ဒိုင်အောက်ဆိုက်သည် အပင်များအတွက် အစာခြေရန် စသည်ဖြင့် အသုံးပြုကြသည်။
သန့်ရှင်းသောလေထုသည် သက်ရှိများအား အကျိုးပြုနေသည်မှာ အမှန်ဖြစ်သည်။
လူသားများ အသက်ရှင်သန်ရပ်တည်ရေးအတွက် “ထမင်းအသက်ခုနစ်ရက်၊
ရေအသက် တစ်မနက်” ဟု ဆိုရိုးစကားရှိသည်။ ထို့ထက်အရေးကြီးသည်မှာ သန့်ရှင်းသောလေမရှိလျှင်
သုံးမိနစ်အတွင်း အသက်သေဆုံးနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် လေသည်အရေးအကြီးဆုံးသော ဒြပ်ပစ္စည်းဟုဆိုနိုင်သည်။
လူသားများသည် လေကိုရှူရှိုက်၍ အကျိုးကျေးဇူးများခံစားနေရသည်။ သို့သော် လေသည်
အရောင်အဆင်းအနံ့မရှိသဖြင့် လေကိုမမြင်နိုင်ဘဲ အမှုမဲ့အမှတ်မဲ့နေထိုင်ကြသည်။
သန့်ရှင်းသောလေကိုရှူရှိုက်ရလျှင် ပေါ့ပါးလန်းဆန်းသလိုရှိပြီး မသန့်ရှင်းသောလေကို
ရှူရှိုက်ရလျှင် မွန်းကျပ်သလိုခံစားရသည်ကိုတော့ သိရှိကြသည်။ သန့်ရှင်းသောလေကို
ထိန်းသိမ်းစောင့်ရှောက်ရန် မေ့လျော့နေကြသည်။ လူသားများသည် မိမိတို့အကျိုးစီးပွားအတွက်
သန့်ရှင်းသောလေကို ဥပေက္ခာပြုကြသည်။ ညစ်နွမ်းအောင် ပြုလုပ်ကြသည်။
ယခုအခါ ကမ္ဘာကြီးခေတ်မီတိုးတက်ပြောင်းလဲလာမှုများနှင့်အတူ
လူသားများ၏ လူမှုစီးပွားဘဝများ အကျိုးဖြစ်ထွန်းအောင် လုပ်ဆောင်ကြသည့် ကိစ္စအဝတို့၌
လေထုညစ်ညမ်းမှုကိုဖြစ်စေသည့် အမှုကိစ္စများ တစ်စတစ်စတစ်နေ့တခြား
ပိုမိုများပြားလာသည်။ လေထုညစ်ညမ်းမှုကို အလေးမထားဘဲ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်နှင့်
အခြားဓာတ်ငွေ့အမျိုးမျိုး ထုတ်လွှတ်မှုများလာသည်။ အထူးသဖြင့် လူနေထူထပ်သည့်
ကမ္ဘာ့မြို့ပြကြီးများပေါ်တွင် ပြာလဲ့သောကောင်းကင်ပြင် (Blue Skies) ကွယ်ပျောက်၍
မီးခိုးရောင်ကောင်းကင်ပြင် (Gray Skies) ဖြစ်ပေါ်နေသည်။
ဤအခြေအနေအောက်တွင် သက်ရှိလူသားများ ရှင်သန်ရပ်တည်လှုပ်ရှားနေကြသည်။
လေထုညစ်ညမ်းမှုအန္တရာယ်ကို သိရှိသောကြောင့် ကုလသမဂ္ဂနှင့် ကမ္ဘာပေါ်ရှိ
နိုင်ငံအစိုးရများက ကာကွယ်တားဆီးနိုင်ရန် ကြိုးစားနေကြသည်။ မဟာဗျူဟာစီမံချက်များ
ချမှတ်ဆောင်ရွက်နေကြသည်။
လေသည် လူ၊ တိရစ္ဆာန်၊ အပင်များအား အသက်ဆက်ပေးနေရုံသာမက
ရှင်သန်ရပ်တည်ရေးနှင့် ပတ်သက်သည့် အခြေအနေအရပ်ရပ်ကို ဖန်တီးပေးသည်။ နွေ၊ မိုး၊
ဆောင်းဖြစ်ပေါ်လာခြင်းနှင့်အတူ နေပူခြင်း၊ မိုးရွာခြင်း၊ နှင်းကျခြင်း၊
လေတိုက်ခြင်း၊ ပူအိုက်ခြင်း၊ ချမ်းအေးခြင်းစသည့် ရာသီဥတုဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။
ကမ္ဘာနှင့် နေအကွာအဝေးပြောင်းလဲမှုကိုလိုက်၍ လေတွင် လှုပ်ရှားမှု၊
အပူအအေးပြောင်းလဲမှုဖြစ်ပေါ်စေသည်။ လေသည် ဓာတ်တစ်မျိုးတည်းဖွဲ့စည်းထားခြင်းမဟုတ်ဘဲ
အသက်ရှင်သန်စေရန်ဓာတ်များကို အချိုးကျဖွဲ့စည်းထားသည်။ လေထုထဲတွင် ဓာတ်ငွေ့၊
မီးခိုး၊ ဖုန်မှုန့်များ များလာသည်နှင့်အမျှ လေထုညစ်ညမ်းမှု ဖြစ်ပေါ်လာသည်။
သက်ရှိများ၏ ကျန်းမာရေးကို တဖြည်းဖြည်းဆိုးရွားစွာ ထိခိုက်လာစေသည်။
သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိ သက်ရှိလူ၊
တိရစ္ဆာန်နှင့်အပင်များ ရှင်သန်ရပ်တည်နိုင်ရေးအတွက် လေထုညစ်ညမ်းမှုမဖြစ်အောင်
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လေထုညစ်ညမ်းမှုမဖြစ်အောင်
မီးခိုးများ၊ အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များနှင့် ဖုန်မှုန့်များ
လျှော့ချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ
လေထုညစ်ညမ်းမှုကြောင့် ဆိုးရွားသည့်ရာသီဥတုပြောင်းလဲမှု
နောက်ဆက်တွဲအန္တရာယ်များကို ကြုံတွေ့ခံစားနေကြရသည်။ ယခုနှစ် “အပြည်ပြည်ဆိုင်ရာ
သန့်ရှင်းသောလေထုနေ့” ဆောင်ပုဒ်ဖြစ်သည့် “ရာသီဥတုကောင်းမွန်ဖို့
သန့်ရှင်းသောလေဖန်တီးစို့” ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:
Post a Comment