သန့်ရှင်းသောလေထုသည် လူသားများအပါအဝင် သက်ရှိသတ္တဝါများနှင့် အပင်များရှင်သန်ရေး၊ ကမ္ဘာအရပ်ရပ်တွင် ရာသီဥတုများနှင့် မိုးလေဝသဖြစ်စဉ်များ ပုံမှန်ကောင်းမွန်ရေးတို့အတွက် လွန်စွာအရေးပါသည်။ သို့ဖြစ်ရာ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများ၊ လေထုအရည်အသွေးကောင်းမွန်လာစေရန် ဖြေရှင်းဆောင်ရွက်ရေးနည်းလမ်းများကို သိရှိနားလည်ကြစေရန်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စက်တင်ဘာ ၇ ရက်ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့၏
ဆောင်ပုဒ်မှာ “Clean Air
for Climate Action’’ “ရာသီဥတု ကောင်းမွန်ဖို့ သန့်ရှင်းသောလေဖန်တီးစို့”
ဟူ၍ဖြစ်သည်။ ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၀၀ (ကီလိုမီတာ ၅၀၀) ခန့်အထိ
ကမ္ဘာမြေကြီးကို ဝန်းရံဖုံးလွှမ်းထားသည့် လေထုကြီးတည်ရှိနေခြင်းသည် ရာသီဥတုနှင့်မိုးလေဝသဖြစ်စဉ်များ
ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်းပင်ဖြစ်သည်။ မြေကမ္ဘာကို ဖုံးလွှမ်းထားသည့် လေထုအတွင်း
နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဟူသော ဓာတ်ငွေ့နှစ်မျိုးတို့ အဓိကပါဝင်လျက်ရှိရာ
နိုက်ထရိုဂျင် ၇၈ ရာခိုင်နှုန်း၊ အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်း၊
ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ ဟီလီယံ၊ နီယွန်၊ အာဂွန် စသည့်အခြားဓာတ်ငွေ့များ ၁
ရာခိုင်နှုန်းနှင့် ရေခိုးရေငွေ့များ၊ အမှုန်အမွှားများ ပါဝင်လျက်ရှိသည်။
ကမ္ဘာ့လေထုသည် တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း
စသည့်သဘာဝဖြစ်စဉ်များကြောင့်လည်းကောင်း၊ စက်ရုံအလုပ်ရုံများ လည်ပတ်ခြင်း၊
ယာဉ်များ၊ စက်ယန္တရားများမောင်းနှင်ခြင်း၊ စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
သတ္တုတူးဖော်ခြင်း စသည့်လူသားတို့၏ ပြုလုပ်မှုများကြောင့်လည်းကောင်း လေထုညစ်ညမ်းမှုဖြစ်ပေါ်လာရသည်။
လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အရာများတွင် ဆာလ်ဖာအောက်ဆိုက်၊
နိုက်ထရိုဂျင်အောက် ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ PM10 နှင့် PM2.5
ခေါ် အလွန်သေးငယ်သည့် အမှုန်အမွှားများ၊ အငွေ့ပြန်လွယ်သည့်
အော်ဂဲနစ်ဒြပ်ပေါင်းများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ ခဲနှင့် ပြဒါးကဲ့သို့ အဆိပ်သင့်စေသည့်
သတ္တုများ၊ အနံ့ဆိုးများနှင့် မိလ္လာအညစ်အကြေးများအပါအဝင် အမယ်ပေါင်း ၁၀၀
ခန့်ရှိသည်။ အဆိုပါလေထုညစ်ညမ်းစေသည့် အရာများသည် တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊
ကျောက်မီးသွေး၊ ရေနံနှင့် ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်း သို့မဟုတ် အပြည့်အဝလောင်ကျွမ်းမှုမရှိခြင်း၊
စက်မှုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ မော်တော်ယာဉ်၊ ရေယာဉ်များခုတ်မောင်းခြင်း၊ ဓာတ်အားထုတ်လုပ်ခြင်း
စသည်တို့မှ ပေါ်ထွက်လာခြင်းဖြစ်ပြီး ကမ္ဘာ့လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။
လေထုညစ်ညမ်းမှုသည် လူသားများနှင့်တကွ သက်ရှိသတ္တဝါအားလုံးတို့အတွက်
အန္တရာယ်ဖြစ်ပေါ်စေသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကိုလည်း ဖြစ်ပေါ်စေသည်။ ရုပ်ကြွင်းလောင်စာများ
လောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရပ်အောက်ဆိုက်၊
မီသိန်းနှင့် အခြားမှန်လုံအိမ်ဓာတ်ငွေ့များ (GHGs) သည် ကမ္ဘာ့လေထုထဲတွင် တစ်နှစ်ထက်တစ်နှစ်
ပိုမိုများပြားလာရာမှ ကမ္ဘာ့လေထုအပူချိန်မြင့်တက်လာကာ ကမ္ဘာတစ်ဝန်းလုံးတွင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များ
ဖြစ်ပေါ်လျက်ရှိသည်။ သို့ဖြစ်ရာ ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို လျှော့ချဟန့်တားနိုင်ရေးအတွက်
ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်ကြရန် လိုအပ်ပြီး
လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့်အရာများကို လျှော့ချနိုင်မှသာ သန့်ရှင်းသောလေထုကို
ပြန်လည်ရရှိနိုင်ကြမည်ဖြစ်သည်။
လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် အဓိကဆောင်ရွက်ကြရမည့်
အဓိကလိုအပ်ချက်မှာ ရုပ်ကြွင်းလောင်စာသုံးစွဲမှု လျှော့ချပြီး
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) များနှင့် အစိမ်းရောင်နည်းပညာ (Green
Technology) များကို ကျယ်ပြန့်စွာ သုံးစွဲလာကြရေး ဆောင်ရွက်ကြရန်ဖြစ်သည်။
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဟူသည် ကုန်ခန်းသွားခြင်းမရှိဘဲ စဉ်ဆက်မပြတ်ရရှိနိုင်သည့်
စွမ်းအင်များဖြစ်ကာ လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့် အရာများနှင့် မှန်လုံအိမ်ဓာတ်ငွေ့များ
တိုက်ရိုက်ထုတ်လွှတ်မှုမရှိ သောစွမ်းအင်များဖြစ်သည်။ ရေအား၊ လေအား၊
နေရောင်ခြည်စွမ်းအင်များ စသည့်စွမ်းအင်များသည် မကုန်ခန်းနိုင်သည့်
စွမ်းအင်များဖြစ်ပြီး လေထုညစ်ညမ်းမှုနှင့် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတို့မရှိသော
စွမ်းအင်များဖြစ်သည်။ အစိမ်းရောင်နည်းပညာမှာ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုကို အနည်းဆုံးဖြစ်စေသည့်
နည်းပညာများဖြစ်သည်။
ရာသီဥတုကောင်းမွန်ရေးအတွက် သန့်ရှင်းသောလေကိုဖန်တီးကြရန်မှာ
လူသားအားလုံး၏တာဝန်ဖြစ်ပြီး ဒီဇယ်၊ ဓာတ်ဆီ စသည့် ရုပ်ကြွင်းလောင်စာသုံးစွဲသည့် ယာဉ်များအား
လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို အစားထိုးသုံးစွဲရန်၊ တောင်ယာမီးရှို့ခြင်း၊
တောမီးရှို့ခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် သစ်ပင်သစ်တောများ
ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း၊ ပြန်လည်စိုက်ပျိုးခြင်းတို့ဆောင်ရွက်ကြရန်
တိုက်တွန်း၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ကို ဂုဏ်ပြုအပ်ပါကြောင်း။

No comments:
Post a Comment