မန္တလေး စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ ကျင်းပသည်။
အဆိုပါဆုချီးမြှင့်ပွဲတွင် (၂၇) ကြိမ်မြောက်မြန်မာ့
ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ
ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က
အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုများ၊ ဒိုင်အဖြစ် ဆောင်ရွက်ပေးသော
ပညာရှင်အဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် အောက်တိုဘာ ၂၁
ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊
အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) သို့ သွားရောက်ယှဉ်ပြိုင်မည့်
မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအဖွဲ့အုပ်ချုပ်သူထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က
အောင်နိုင်ရေးအလံပေးအပ်သည်။
နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က
ကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်များတွင် ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊
သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉၆၂၁ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊
ကုလားပဲလှူဒါန်းပွဲကို အောင်မြေသာစံမြို့နယ် မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်၌ ကျင်းပရာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး
တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊
တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လှူဒါန်းကြသည်။
အဆိုပါလှူဒါန်းပွဲတွင် အောင်မြေသာစံ၊ ချမ်းအေးသာစံ၊
မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်တို့တွင် ဝါဆိုဝါကပ်တော်မူကြသည့်
ရဟန်း၊ သာမဏေ ၄၃၇၄၇ ပါး၊ သီလရှင်ဆရာကြီး၊ ဆရာလေး ၅၈၇၄ ပါး စုစုပေါင်း ၄၉၆၂၁ ပါးတို့ကို
ဆွမ်းဆန်တော် ၄၁၃၅ အိတ်၊ ဆီ ၁၂၄၀၆ ပိဿာ၊ ကြက်သွန်နီ ၁၂၄၀၆ ပိဿာ၊ ကုလားပဲ ၁၂၄၀၆
ပိဿာ၊ ဆားပိဿာ ၅၀၀ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment