Sunday, September 6, 2026

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်လျက်ရှိ

 



ရန်ကုန် စက်တင်ဘာ ၅

(၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားအဖွဲ့များသည် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများတွင် (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အလေးမ၊ ကရာတေးနှင့် Teqball အားကစားအဖွဲ့များ၏ အားကစားနည်းအလိုက် လေ့ကျင့်နေမှုနှင့် မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်နာယက ဦးစိုင်းမျိုးဝင်းနှင့်ဇနီးတို့က လှူဒါန်းခဲ့သည့် အားဖြည့်ဆေး သုံးလစာ ဆေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် သွားရောက်ကြည့်ရှုအားပေးသည်။

ထို့အတူ ကရာတေးအားကစားလေ့ကျင့်ရေးရုံ၌ ပဏာမလက်ရွေးစင် ကရာတေးအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားအဖွဲ့အတွက် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်သည်။

အလားတူ Teqball အားကစားရုံ၌ ပဏာမလက်ရွေးစင် Teqball အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး အားကစားနည်းများအလိုက် အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို တွေ့ဆုံအားပေးစကားပြောကြားကာ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ပြည်ထောင်စုခန်းမ၌ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ဝူရှူးထောက်လုနှင့် ဆန်းဆိုအားကစားနည်းဒိုင်သင်တန်း (၁/ ၂၀၂၆) ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသားနှစ်ဦးထံ သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းက မြန်မာ့လက်ရွေးစင် အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအတွက် တန်ဖိုးငွေကျပ်သိန်း ၂၁၀ တန်ဖိုးရှိ အင်အားဖြည့်အာဟာရပစ္စည်းများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူသည်။

ထို့မှတစ်ဆင့် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ (၃၄) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဘိလိယက်နှင့် စနူကာအသင်း စခန်းသွင်းလေ့ကျင့်နေမှု၊ ကျိုက္ကဆံကွင်းရှိ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ အိပ်ဆောင်နှင့် စားရိပ်သာတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment