မင်းခန့်
မကြာမီကာလအတွင်း ကုလသမဂ္ဂရဲ့ ခန့်အပ်လွှာစိစစ်ရေးကော်မတီ (Credentials Committee) က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးများ ခန့်အပ်ဖို့အတွက် ပြန်လည်သုံးသပ် စိစစ်ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။
အဲဒီသံအမတ်ကြီးရာထူးနေရာဟာ သက်ဆိုင်ရာနိုင်ငံအစိုးရများက
အမည်စာရင်းတင်သွင်းသူကို အဖွဲ့ဝင် (၉) နိုင်ငံပါတဲ့ Credentials Committee က
အရည်အချင်း စိစစ်ရွေးချယ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခန့်အပ်တဲ့ ရာထူးဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်
သံအမတ်ကြီးရာထူးနေရာအတွက် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြောင့်
ကိုယ်စားပြုခွင့်ရှိသူကို ဆိုင်းငံ့ (Deferral) ထားခံရပါတယ်။ ဒါပေမယ့်လည်း ၂၀၂၀ ပြည့်နှစ်
အောက်တိုဘာလက NLD အစိုးရ ခန့်အပ်ထားတဲ့ ကျော်မိုးထွန်းဟာ Credentials
Committee ရဲ့ လုပ်ထုံးလုပ်နည်း Rule-29 အရ
မြန်မာနိုင်ငံအတွက် တရားဝင်ကိုယ်စားပြုခွင့်မရှိပေမယ့် ကုလသမဂ္ဂထိုင်ခုံနေရာက
ဖယ်ရှားခြင်းမပြုသေးလို့ လက်ရှိကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သဘောမျိုးနဲ့
ရပ်တည်လှုပ်ရှားနေတာ မြင်တွေ့နေရပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဧပြီလအထိ နိုင်ငံ့တာဝန်ယူခဲ့တဲ့
နိုင်ငံတော်အစိုးရကို နိုင်ငံရေးအရ အသိအမှတ်ပြုမှု (Political Legitimacy) အရ
အငြင်းပွားခဲ့ကြလို့ NLD အစိုးရက ခန့်အပ်တဲ့
သံအမတ်ကြီးဟောင်း ကျော်မိုးထွန်းဟာ ကုလသမဂ္ဂရဲ့ အလွတ်သဘောအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုနေသလိုမျိုး
ထင်ယောင်ထင်မှားလှုပ်ရှားခွင့်ရနေခြင်းဖြစ်ပါတယ်။
အခုလာမယ့် (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း
ကျင်းပမယ့် Credentials
Committee အစည်းအဝေးမှာတော့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး
နေရာအတွက် လက်ရှိမြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရက အဆိုပြုမဲ့သူကို
အသိအမှတ်ပြုမလား၊ ယခင်နှစ်များအတိုင်း မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုကို
ဆုံးဖြတ်ဖို့ ထပ်မံရွှေ့ဆိုင်းမလား၊ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်နေရာကို
အလွတ်ထားမလားဆိုတာ Credentials Committee အဖွဲ့ဝင်
နိုင်ငံတွေ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း Credentials Committee အဖွဲ့ဝင်နိုင်ငံများအပါအဝင်
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ သိသင့်တဲ့ သံအမတ်ကြီးဟောင်း ဝရမ်းပြေးကျော်မိုးထွန်းရဲ့
သရုပ်အမှန်ကို အချက် ၃ ချက် ရှင်းလင်းချပြပြီး ပြည်သူများရဲ့ တရားဝင်တောင်းဆိုမှုများနဲ့
ဆန္ဒများကို ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။
ပထမဆုံးအချက်ကတော့ သံအမတ်ကြီးဟောင်း ကျော်မိုးထွန်းဟာ
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေများအရ အရေးယူခံထားရတဲ့
သစ္စာဖောက်ဝန်ထမ်း၊ ဝရမ်းပြေးတစ်ဦးဖြစ်ပါတယ်။ သူ့ကို အရေးယူထားတဲ့ပုဒ်မများဟာ
နိုင်ငံရေးပုဒ်မများ မဟုတ်ဘဲ နိုင်ငံတော်ကို သစ္စာဖောက်ဖျက်ပုန်ကန်လို့
ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) အပါအဝင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁)၊
ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)၊ ရာဇသတ်ကြီးပုဒ်မ
၁၂၄-က တို့အရ ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနက
သံတမန်တစ်ဦးအနေနဲ့ နိုင်ငံတော်ကပေးအပ်တဲ့ အမိန့်နှင့် ညွှန်ကြားချက်ကို
လိုက်နာခြင်းမရှိဘဲ တရားမဝင်အဖွဲ့အစည်းကို သစ္စာခံကိုယ်စားပြုလှုပ်ရှားမှုများကြောင့်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismissal) ခံထားရသူဖြစ်ပြီး
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) တို့အရ
ထပ်မံတရားစွဲဆိုထားပြီး ဖြစ်ပါတယ်။
အဲဒီလို ရာဇဝတ်ပြစ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့
ဝရမ်းပြေး ကျော်မိုးထွန်းဟာ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ
မြန်မာနိုင်ငံအဖွဲ့ရုံးပိုင် နိုင်ငံတော်ဘဏ္ဍာငွေတွေကိုလည်း ကိုယ်ကျိုးစီးပွားအတွက်
အလွဲသုံးစားပြုလုပ်ထားကြောင်း စုံစမ်းသိရှိရပါတယ်။ မြန်မာအမြဲတမ်း
ကိုယ်စားလှယ်အဖွဲ့ရုံးအတွက် ရုံးအသုံးစရိတ်တွေကို မြန်မာအစိုးရအဆက်ဆက်က
သံရုံးပိုင်ငွေစာရင်းအဖြစ် နယူးယောက်မြို့ရှိ Bank of America မှာ အပ်နှံထားရှိပါတယ်။ ၂၀၂၁
ခုနှစ် ဖေဖော်ဝါရီလအထိ ဘဏ်ငွေစာရင်းမှာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရိုငွေ သုံးသောင်းရှစ်ထောင်ကျော်
ကျန်ရှိပြီး အဲဒီငွေများ ထုတ်ယူသုံးစွဲရန် Bank of America ရဲ့
စည်းမျဉ်းအရ သံအမတ်ကြီးဆိုတဲ့အမည်နဲ့ အခြားသူတစ်ဦး ပေါင်းနှစ်ဦးနဲ့ Joint
Account ဖွင့်လှစ်ထားရှိတယ်လို့ ကြားသိရပါတယ်။
အကြံသမား ကျော်မိုးထွန်းဟာ Joint Account ထဲမှာရှိတဲ့
နိုင်ငံတော်ဘဏ္ဍာငွေကြေးတွေကို ကိုယ်ကျိုးအတွက် အသုံးပြုနိုင်ဖို့ Bank ရဲ့ စည်းမျဉ်းနဲ့ သံအမတ်ကြီးအခွင့်အာဏာကို အသုံးချပြီး ပူးတွဲလက်မှတ်ရေးထိုးသူကိုဖယ်ရှားကာ
သူတစ်ဦးတည်းငွေထုတ်ယူနိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ အဲဒီငွေစာရင်းထဲမှာရှိတဲ့ ငွေတွေဟာ
နိုင်ငံတော်ဘဏ္ဍာငွေတွေဖြစ်ပြီး မြန်မာအဖွဲ့ရုံးရဲ့ အသုံးစရိတ်တွေဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာအတွက် သုံးခွင့်မရှိသလို နိုင်ငံတော်ဘဏ္ဍာဖြစ်တာနဲ့အညီ နှစ်စဉ်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းအရ
ငွေစာရင်းစစ်ဆေးခံရမှာ ဖြစ်ပါတယ်။ အဲဒီငွေတွေကို ဝရမ်းပြေး ကျော်မိုးထွန်းအနေနဲ့
စာရင်းမရှိ အင်းမရှိ အလွဲသုံးစားပြုလုပ်ထားမှုကြောင့် Bank of America Account
ထဲမှာ လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရပါတယ်။
ဒါကြောင့် ရာဇဝတ်မှုအရ တရားခံပြေးဖြစ်နေတဲ့ သစ္စာဖောက်
ကျော်မိုးထွန်းဟာ နိုင်ငံတော်ဘဏ္ဍာတွေကို အလွဲသုံးစားပြုလုပ်တဲ့ပြစ်မှုကိုလည်း
ကျူးလွန်ထားသူဖြစ်ပါတယ်။ အဲဒီငွေကြေးဆိုင်ရာပြစ်မှုဟာ နိုင်ငံတော်ဘဏ္ဍာကို စီမံခန့်ခွဲတဲ့လုပ်ငန်းစဉ်မှာ
ဘဏ္ဍာငွေကြေးတွေ ထိခိုက်ဆုံးရှုံးစေခြင်းဖြစ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
ပုဒ်မ ၃ (က) အရ အဂတိလိုက်စားမှုငြိနိုင်ဖွယ်ရာ ရှိနေပါတယ်။
ဒါ့ကြောင့် ဒီလိုကိုယ်ကျင့်တရားပျက်ပြားနေတဲ့ အဂတိသမား၊ ဝရမ်းပြေးတစ်ဦးကို
ကုလသမဂ္ဂစင်မြင့်ထက်မှာ လှုပ်ရှားခွင့်၊ ရပ်တည်ခွင့်မပြုသင့်ကြောင်း Credentials Committee ကို
တောင်းဆိုချင်ပါတယ်။
အကြံသမား ကျော်မိုးထွန်းဟာ နိုင်ငံတော်ကို
သစ္စာဖောက်ပြီး အဖွဲ့ရုံးပိုင်ငွေကြေးနဲ့ အမေရိကန်နိုင်ငံမှာ
နိုင်ငံရေးခိုလှုံခွင့်နဲ့ နေထိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ
ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ
မြန်မာအဖွဲ့ရုံးပိုင်ငွေစာရင်းကို သူတစ်ဦးတည်းသဘောနဲ့ ထုတ်ယူသုံးစွဲလို့ရအောင် လုပ်ဆောင်ခဲ့သလို
သူ့မိသားစုကိုလည်း သူနဲ့အတူနေနိုင်ဖို့ သူ့ရဲ့မိဘနဲ့ မိသားစုဝင်တွေကို
အောက်လမ်းကနေ အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခွင့်ရရှိအောင်
လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် နယူးယောက်မှာ သူ့ရဲ့ရုံးလုပ်ငန်းတွေ
လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက သစ္စာဖောက်ဝန်ထမ်း (DCS) လုပ်ခဲ့သူများဖြစ်တဲ့
ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက ယခင်ဒုတိယအတွင်းဝန် စုစုအောင်၊ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့မှာရှိတဲ့
မြန်မာသံရုံးက ယခင်ဒုတိယအတွင်းဝန်ကောင်းထက်နဲ့ ကမ္ဘောဒီးယားနိုင်ငံ
ဖနောင်ပင်မြို့မှာရှိတဲ့ မြန်မာသံရုံးက သံရုံးစာရေးမ ဇွန်ဆုမွန်ဦးတို့ကိုလည်း
အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ခွင့်ရအောင် လုပ်ပေးခဲ့ပြီး
သူ့ရဲ့လက်ထောက်များအဖြစ် အသုံးပြုထားကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် သူ့မိသားစုဝင်တွေနဲ့
လက်ထောက်များဟာ ဒုက္ခသည်များအဖြစ် ဟန်ဆောင်ပြီး တရားမဝင်လမ်းကြောင်းများမှ
အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်နေထိုင်သူများ ဖြစ်ကြပါတယ်။
လတ်တလောမှာ သူ့ကိုကုလသမဂ္ဂအသိုင်းအဝိုင်းကနေ
ဖယ်ရှားမခံရရေးအတွက် နိုင်ငံတကာရောက် မြန်မာတချို့က လူထုထောက်ခံပွဲတွေပြုလုပ်ဖို့
စီစဉ်ဆောင်ရွက်နေကြောင်း ကြားသိရပါတယ်။ ဒီလိုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကလည်း သူ့ရဲ့
ရာဇဝတ်ပြစ်မှုများ၊ ငွေကြေးအရှုပ်တော်ပုံများနဲ့ အမေရိကန်နိုင်ငံအတွင်း တရားမဝင်
ဝင်ရောက်နေထိုင်နေတဲ့ သူ့မိသားစုတွေကို အကာအကွယ်ရဖို့အတွက်
ပြည်ပနိုင်ငံတွေမှာရှိတဲ့ NUG
အားပေးထောက်ခံသူ တွေနဲ့ပြုလုပ်မယ့် လူထုထောက်ခံပွဲအမည်ခံ အကြမ်းဖက်အားပေးလှုံ့ဆော်ပွဲသာ
ဖြစ်ပါတယ်။ သူ့ကို ထောက်ခံမယ့်သူအများစုဟာ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ပြည်ပနိုင်ငံတွေမှာ
အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေထိုင်ကြသူတွေဖြစ်ပြီး လက်ရှိအစိုးရအပေါ်
အမြင်မကြည်သူများသာ ဖြစ်ပါတယ်။
အဲဒီသူတွေဟာ နိုင်ငံရေးယုံကြည်ချက်အရ
လှုပ်ရှားကြခြင်းထက် သူတို့ရောက်ရှိရာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအကြောင်းပြပြီး
အနေချောင်အောင် ထောက်ပံ့ကြေးနဲ့ အလှူငွေရရှိအောင် နိုင်ငံရေးအရေခြုံ လုပ်စားနေကြတဲ့သူ
အများစုဖြစ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ လူထုထောက်ခံပွဲဆိုတာ ပြည်တွင်းက
တည်ငြိမ်အေးချမ်း ရေးကိုလိုလားတဲ့ မြန်မာပြည်သူအများစုကို ကိုယ်စားပြုခြင်းမရှိသလို
ကျော်မိုးထွန်းကို ပုဂ္ဂိုလ်ရေးအရ အကာအကွယ်ပေးချင်လို့ သူတို့ရဲ့ လုပ်နေကျပုံစံအတိုင်း
လူနည်းနည်းစုပြီး သတင်းမီဒီယာမှာ ဓာတ်ပုံပြနိုင်အောင်လုပ်မယ့် အတုအယောင်ထောက်ခံပွဲသာ
ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရာထူးနေရာဆိုတာ
သက်ဆိုင်ရာနိုင်ငံအစိုးရက ခန့်အပ်ရတဲ့ နိုင်ငံ့ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရတဲ့နေရာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာရမယ့် ကျင့်ဝတ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို
ဖောက်ဖျက်ပြီး ပုဂ္ဂိုလ်ရေးခံယူချက်၊ အစွန်းရောက် နိုင်ငံရေးယုံကြည်ချက်နဲ့
ကိုယ်ကျိုးစီးပွားအတွက် သံတမန်အခွင့်အရေး ရယူလှုပ်ရှားနေသူကို ကုလသမဂ္ဂအနေဖြင့်
လက်မခံသင့်ကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူများက
တောင်းဆိုနေခြင်းဖြစ်ပါတယ်။
ဒီတောင်းဆိုချက်ဟာ သူ့ကိုပုဂ္ဂိုလ်ရေးအရ
တိုက်ခိုက်နေခြင်း မဟုတ်သလို ကုလသမဂ္ဂအနေနဲ့ ဖမ်းဆီးအပြစ်ပေးဖို့ တောင်းဆိုနေခြင်း
မဟုတ်ပါဘူး။ နိုင်ငံတစ်ခုရဲ့ တည်ဆဲဥပဒေတွေချိုးဖောက်ပြီး ငွေကြေးလိမ်လည်မှုများ
ကျူးလွန်ထားသူတစ်ဦးဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်ဆိုတဲ့
ဂုဏ်ပုဒ်နဲ့မထိုက်တန်လို့ သူ့ကိုအမြန်ဆုံးဖယ်ရှားပေးရန် တောင်းဆိုနေခြင်းဖြစ်ပါတယ်။
ဒုတိယအချက်အနေဖြင့် ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ရွေးချယ်မဲ့ လုပ်ထုံးလုပ်နည်း Rule-27 ၊ Rule-29 များအရ သံအမတ်ဟောင်း ကျော်မိုးထွန်း မကိုက်ညီတော့တဲ့အချက်ကို
ရှင်းပြလိုပါတယ်။
Rule-27 အရ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက
မိမိတို့နိုင်ငံရဲ့ ကိုယ်စားလှယ်ကို ခန့်အပ်ပေးဖို့ Credentials ကို နိုင်ငံတော်အကြီးအကဲ (Head of State)၊
အစိုးရအကြီးအကဲ (Head of Government) သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီးက
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ တင်ပြရပါတယ်။ အဲဒီစည်းမျဉ်းအရ သံအမတ်ဟောင်း
ကျော်မိုးထွန်းကို ၂၀၂၀ ပြည့်နှစ် အဲဒီအချိန်က NLD အစိုးရက
ခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာတော့ သူ့ကို
ခန့်အပ်ခဲ့တဲ့ NLD အစိုးရ မရှိတော့သလို သူ့ရဲ့ကိုယ်စားပြုမှုက
မြန်မာနိုင်ငံအတွက်မဟုတ်ဘဲ အစိုးရမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ရပ်ကို
ကိုယ်စားပြုနေတာ ထင်ရှားလှပါတယ်။
Credentials Committee ရဲ့ လွန်ခဲ့တဲ့ ၅ နှစ်က
ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ကုလသမဂ္ဂမှာရှိနေတဲ့ မြန်မာအဖွဲ့ရုံးမှာ
အမြဲတမ်းကိုယ်စားလှယ်/သံအမတ်ကြီး တရားဝင်ခန့်အပ်နိုင်ခြင်းမရှိလို့
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံကိုအုပ်ချုပ်နေတဲ့ အစိုးရတစ်ရပ်ရဲ့
မူဝါဒတွေကို ကုလသမဂ္ဂမှာ တင်ပြခွင့်ဆုံးရှုံးနေရသလို မြန်မာပြည်သူတွေအတွက်
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီရရှိရေးကိစ္စတွေကိုလည်း ကုလသမဂ္ဂနဲ့ပူးပေါင်းပြီး ထိထိရောက်ရောက်
လုပ်ဆောင်ပေးနိုင်မဲ့ အခွင့်အရေးများ ဆုံးရှုံးလျက်ရှိနေပါတယ်။
ဒါ့ကြောင့် Credentials Committee အနေဖြင့် မြန်မာနိုင်ငံရဲ့
ကိုယ်စားပြုမှုဆုံးဖြတ်ရန် ဆက်လက်ဆိုင်းငံ့ထားခြင်းကို အဆုံးသတ်ပြီး Rule-29 အရ ဖယ်ရှားခြင်းမပြုသေးတဲ့ ဝရမ်းပြေး ကျော်မိုးထွန်းကို
ဖယ်ရှားပေးဖို့နဲ့ Rule-27 အရ ရွေးကောက်ခံအစိုးရအဖွဲ့ရဲ့ အကြီးအကဲက
အဆိုပြုသူကိုသာ ခန့်အပ်ပေးဖို့ တောင်းဆိုလိုပါတယ်။
တတိယအချက်ကတော့ တရားမဝင်အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးနေသူတစ်ဦးကို
ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်မထားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်ကတော့
ဝရမ်းပြေး ကျော်မိုးထွန်း ကိုယ်စားပြုရပ်တည်နေတဲ့ NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်
နိုင်ငံတကာကအသိအမှတ်ပြု၊ မပြုဆိုတာက အရေးကြီးတဲ့ ရှုမြင်ချက်ဖြစ်မယ်ထင်ပါတယ်။
ရှင်းလင်းစွာ သိစေလိုတာကတော့ NUG အဖွဲ့ကို ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ်
သတ်မှတ်ပေးဖို့ တောင်းဆိုနေခြင်းမဟုတ်ဘဲ နိုင်ငံတကာအကြမ်းဖက်
နှိမ်နင်းရေးအဖွဲ့အစည်းများက စောင့်ကြည့်ခံနေရတဲ့ NUG အဖွဲ့ကို
သံအမတ်ဟောင်း ကျော်မိုးထွန်းက ကုလသမဂ္ဂစင်မြင့်ထက်မှာ သံတမန်ကင်းလွတ် ခွင့် (Diplomatic
Immunity) ရယူပြီး ပေါ်ပေါ်တင်တင် ထောက်ခံရပ်တည်ခွင့်မပေးသင့်ကြောင်း
အထောက်အထားများဖြင့် တောင်းဆိုနေခြင်း ဖြစ်ပါတယ်။
Member State တစ်ခုက တည်ဆဲဥပဒေများနှင့်အညီ တရားမဝင်အကြမ်းဖက်အဖွဲ့အဖြစ်
နိုင်ငံတကာကို ထုတ်ပြန်ထားတဲ့ NUG အဖွဲ့နဲ့ သူ့ရဲ့လက်ဝေခံ PDF
အမည်ခံ အကြမ်းဖက်သမားများရဲ့ အကြမ်းဖက်လုပ်ရပ်များကို
ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Global
Terrorism Trends and Analysis Center ရဲ့ အကြမ်းဖက်မှုအညွှန်းကိန်း
အစီရင်ခံစာများမှာ အဲဒီ NUG အဖွဲ့နဲ့ PDF အဖွဲ့များရဲ့ အကြမ်းဖက်မှတ်တမ်းများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ NUG အကြမ်းဖက်အဖွဲ့ကို တရားဝင်အစိုးရအဖြစ်
အသိအမှတ်ပြုမထားသလို Terrorist Organization အဖြစ်လည်း
မသတ်မှတ်ထားပေမဲ့ NUG အဖွဲ့နဲ့ သူ့ရဲ့လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက သူတို့ကိုမထောက်ခံတဲ့ အပြစ်မဲ့ပြည်သူတွေကို
ငါနဲ့မတူ ငါ့ရန်သူ အယူအဆဖြင့် ဒလန်အမည်တပ်ပြီး ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်မှုတွေ၊
တော်လှန်ရေးအမည်ခံပြီး စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ နိုင်ငံတော်ရဲ့ အခြေခံအဆောက်အအုံ၊ လမ်းတံတားဖျက်ဆီးမှုတွေနဲ့
NUG အဖွဲ့ရဲ့ အဓိကဦးတည်ချက်ဖြစ်တဲ့ ပြည်တွင်းတည်ငြိမ်မှု
ပျက်ပြားစေရေးအတွက် ချမှတ်ထားတဲ့ အလုံးစုံပျက်သုဉ်းရေးမူဝါဒ (Utter Devastation
Policy) အရ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို ရည်ရွယ်ချက်ရှိရှိ
ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုများကို ကုလသမဂ္ဂအပါအဝင် Credentials အဖွဲ့ဝင်နိုင်ငံများ သိရှိမြင်တွေ့ကြပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ (State) နဲ့ မြန်မာအစိုးရ
(Government) ကို ကိုယ်စားပြုခွင့်မရှိတဲ့
ဝရမ်းပြေးသံအမတ်ဟောင်းတစ်ယောက်က လက်သုံးချောင်းထောင်ပြီး နိုင်ငံတကာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေက
စောင့်ကြည့်ခံနေရတဲ့ NUG အကြမ်းဖက်အဖွဲ့ကို ပြောင်ပြောင်တင်းတင်း
ထောက်ခံရပ်တည်လှုပ်ရှားခွင့် ပြုနေခြင်းကို Credentials Committee အနေဖြင့် ပြန်လည်စဉ်းစားသုံးသပ်သင့်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။
ရိုးသားစွာ အသိပေးလိုတဲ့အချက်ကတော့ ဝရမ်းပြေး
ကျော်မိုးထွန်းကို ဖယ်ရှားခြင်းမပြုတဲ့ အခြေအနေဟာ ကုလသမဂ္ဂသံအမတ်အရေခြုံပြီး
အကြမ်းဖက်အားပေးထောက်ခံသူတစ်ယောက်က ကုလသမဂ္ဂစင်မြင့်ထက်ကနေ ပြည်သူလူထု
ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ပုန်ကန်ပြီး နိုင်ငံတော်ကို သစ္စာဖောက်နေတဲ့
လုပ်ရပ်ဟာ တရားဝင်သလိုလို အစဉ်အလာဖြစ်သွားနိုင်ပါတယ်။ တစ်နည်းအားဖြင့်
အချုပ်အခြာအာဏာပိုင်အစိုးရအပေါ် သစ္စာဖောက်ဖျက်တဲ့ နိုင်ငံဝန်ထမ်းတွေကို
ကုလသမဂ္ဂစင်မြင့်ထက်ကနေ ဆန့်ကျင်လှုပ်ရှားခွင့်ပေးတဲ့လုပ်ရပ်ဟာ
ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်အဖြစ် သတ်မှတ်ပေးသကဲ့သို့ ဖြစ်စေနိုင်ပါတယ်။
Credentials Committee မှာ နှစ်စဉ် ကုလသမဂ္ဂဆိုင်ရာ
သံအမတ်ကြီးများ ရွေးချယ်ခန့်အပ်ရန် စိစစ်မှုလုပ်ငန်းစဉ်များမှာ ဝရမ်းပြေး
ကျော်မိုးထွန်းလို အငြင်းပွားဖွယ်ရာ Credentials Issue ရှိလာနိုင်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ အငြင်းပွားဖွယ်ကိစ္စရပ်တိုင်းမှာ ရှေ့အစဉ်အလာကို နောက်ကပြန်ပြီး
လုပ်လေ့ရှိကြပါတယ်။ ဒါ့ကြောင့် ယခုဝရမ်းပြေး ကျော်မိုးထွန်းလိုအကြမ်းဖက်အားပေး
သစ္စာဖောက်တစ်ယောက်က သံတမန်အရေခြုံပြီး ငွေကြေးရှုပ်ထွေးမှုအပါအဝင်
ရာဇဝတ်မှုကျူးလွန်သူတစ်ဦးကို ဥပဒေစည်းမျဉ်းများနဲ့မညီဘဲ ကုလသမဂ္ဂမှာ
ဆက်လက်ထားရှိရန် နိုင်ငံရေးအရ ဘက်လိုက်ဆုံးဖြတ်ခဲ့ရင် နောင်မှာလည်း
အလားတူဖြစ်စဉ်တွေရှိလာနိုင်လို့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ၊ ယုံကြည်စိတ်ချမှုနဲ့
ဖြောင့်မတ်တည်ကြည်မှုတွေကို များစွာထိခိုက်နိုင်ကြောင်း သတိပြုစေချင်ပါတယ်။
ဝရမ်းပြေး ကျော်မိုးထွန်းအနေနဲ့ ကုလသမဂ္ဂသံတမန်ကင်းလွတ်ခွင့်ကို
အသုံးချပြီး နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေနဲ့အညီ အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားတဲ့
NUG ၊ PDF
အဖွဲ့တွေကို ပြောင်ပြောင်တင်းတင်း ထောက်ခံအားပေးမှုပြုလုပ်နေတာ မဖြစ်သင့်ဘူးလို့
မြန်မာပြည်သူတွေက ထင်မြင်ယူဆနေကြပါတယ်။
မြန်မာပြည်သူတွေရဲ့ တောင်းဆိုချက်ဟာ ဝရမ်းပြေး
ကျော်မိုးထွန်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ပြီး ကုလသမဂ္ဂအနေနဲ့ အလိုအလျောက်
ဖယ်ရှားပေးဖို့ တောင်းဆိုနေခြင်းမဟုတ်ဘဲ UN Credentials Committee ရဲ့ ဆိုင်းငံ့ (Deferral)
ထားခြင်းကို ယခုနှစ်မှာ ပြန်လည်စိစစ်သုံးသပ်ပြီး လက်ရှိပကတိနိုင်ငံရေး
ဖြစ်ပေါ်တိုးတက်မှုအရ နိုင်ငံ့အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတဲ့
ရွေးကောက်ခံအစိုးရက အဆိုပြုထားတဲ့ နိုင်ငံကိုယ်စားပြုသံအမတ်ကြီးကို တရားဝင်
ခန့်အပ်ခွင့်ပြုဖို့ Credentials Committee မှာ ပါဝင်လာမယ့်
နိုင်ငံတွေကို ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းတွေနဲ့အညီ လုပ်ဆောင်ပေးရန် အရေးပေါ်တောင်းဆိုခြင်းသာ
ဖြစ်ပါတယ်။
ဒါ့ကြောင့် ဝရမ်းပြေးကျော်မိုးထွန်းရဲ့ သရုပ်မှန်ကို
ထည့်သွင်းစဉ်းစားပြီး မကြာမီကာလအတွင်း ကျင်းပပြုလုပ်တော့မဲ့ (၈၁) ကြိမ်မြောက် Credentials Committee အစည်းအဝေးမှာ
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဝရမ်းပြေး ကျော်မိုးထွန်းကို
ဖယ်ရှားပေးနိုင်ပါရန် တောင်းဆိုလိုက်ရပါတယ်။ ။

No comments:
Post a Comment