နေပြည်တော် စက်တင်ဘာ ၂၉
အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ယနေ့နံနက် ပိုင်းက နေပြည်တော်ရှိ MGallery Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် ဦးဆောင်၍ ဝန်ကြီးဌာန (၁၉) ခုမှ ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်များ တက်ရောက် ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ခဲ့သည်။
ဖိုရမ်ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံနှင့်
ယူနန်ပြည်နယ်တို့အကြား ဆက်ဆံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ “ဆွေမျိုး ပေါက်ဖော်”
ချစ်ကြည်ရေး၏ ရှေ့တန်းအခြေခံ အုတ်မြစ် (Frontline Foundation of broader China-Myanmar
“Pauk-Phaw” Friendship) ဖြစ်ကြောင်း၊ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ
၂,၀၀၀ ခန့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး နှစ်နိုင်ငံ
ကုန်သွယ်မှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို လွှမ်းမိုး ထားကာ နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်မှုများ
တိုးတက်လျက်ရှိကြောင်း၊ ယခုကျင်းပသည့် အဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ်(ယူနန်) ပူးပေါင်းဆောင်
ရွက်ရေးဖိုရမ်မှတစ်ဆင့် အပြန်အလှန် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည့် လက်တွေ့ကျသော
ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို
ပိုမိုမြှင့်တင်ရေးနှင့် ယူနန်ဖိုရမ်ယန္တရားအောက်မှ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင်
ဆောင်ရွက်သွားရေး တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ
ပါဝင်သည့် သက်ဆိုင်ရာကဏ္ဍအလိုက်၊ အဖွဲ့ လိုက် ဆွေးနွေးပွဲများကို ကျင်းပခဲ့သည်။ မြန်မာဘက်မှ
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် က အဖွဲ့(၁)ကိုလည်းကောင်း၊ အမျိုးသားစီမံကိန်း၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်က
အဖွဲ့ (၂) ကို လည်းကောင်း ဦးဆောင်သူများအဖြစ် ဆွေးနွေးခဲ့ ကြပြီး တရုတ်ဘက်မှ ယူနန်ပြည်နယ်
ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် ယူနန်ပြည်နယ်ပါတီ ကော်မတီပြန်ကြားရေးဌာနမှ ကိုယ်စားလှယ်တို့က
ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အဖွဲ့လိုက်ဆွေးနွေးမှုများတွင် နှစ်နိုင်ငံနယ်စပ်ဒေသ
တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းတိုက်ဖျက်ရေး၊
စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အပြန်အလှန် ချိတ်ဆက်မှုများ မြှင့်တင်ရေး၊ ယူနန်ပြည်နယ်နှင့်
လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲ ရေး၊ စက်မှုနှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး၊
ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ ဆက်ဆံမှု မြှင့်တင်ရေးနှင့် ချစ်ကြည်ရေး ညီအစ်မမြို့များအကြား
အနှစ်သာရပြည့်ဝသည့် အပြန်အလှန် လည်ပတ်မှုနှင့် ဖလှယ်ရေးအစီအစဉ်များကို တိုးမြှင့်ဖော်ဆောင်ရေး
ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည်။
အဖွဲ့လိုက် ဆွေးနွေးမှုများအပြီးတွင် မျက်နှာစုံညီအစည်းအဝေးကို
ဆက်လက်ကျင်းပရာ အဖွဲ့ခေါင်းဆောင် နှစ်ဦးက ဆွေးနွေးပွဲရလဒ်များကို အကျဉ်းချုပ်တင်ပြပြီး
မြန်မာဘက်မှ ကိုယ်စားလှယ် ခေါင်းဆောင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်
တရုတ်ဘက်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ယူနန်ပြည်နယ် ပါတီကော်မတီ အမြဲတမ်းကော်မတီဝင်တို့သည်
ဖိုရမ်ဆိုင်ရာ အစည်းအဝေးမှတ်တမ်း (Agreed Minutes) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးက တရုတ်(ယူနန်)
ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မစ္စတာ ကျောက်ကျွင့်မင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား
အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။
မြန်မာ - တရုတ်
(ယူနန်) ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့တွင်
အလှည့်ကျ ကျင်းပလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်တို့အကြား
နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စီးပွားရေးနှင့် ဒေသတွင်းချိတ်ဆက်မှု
ပိုမိုနက်ရှိုင်းစေရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ
ပေါင်းစည်းမှု မြှင့်တင်ရေးတို့အပြင် ပူးပေါင်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲနှင့်
စိန်ခေါ်မှုများကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဖြေရှင်းနိုင်ရန် ကျင်းပလေ့ရှိသည့်
ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment