နေပြည်တော် ဩဂုတ် ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဆောင်သည့် အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ် ခဲ့သည်။
ထိုသို့ဖိတ်ခေါ်ချက်အရ
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊
အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့်
ဦးစန်ပေ့နှင့် ဦးဆန်လူ၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်၊ အမြဲတမ်းကော်မတီဝင် ဦးခမ်းမောင်၊
အတွင်းရေးမှူးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအားလူနှင့် အတွင်းရေးမှူးများဖြစ်ကြသည့်
ဦးအိုက်ပန်း၊ ဦးစိုင်းမောက်နှင့် ဦးဇင်ခမ်းနော်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ပြေလည်အောင်
ညှိနှိုင်းဆောင်ရွက်ပေး
တွေ့ဆုံဆွေးနွေးပွဲတွင်
ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့
(NDAA) မိုင်းလားအဖွဲ့နှင့် နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံရသည့်အတွက် အထူးပင်လှိုက်လှဲစွာ
ကြိုဆိုပါကြောင်း၊ ပထမအကြိမ် မိုင်းလားတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊
ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ပြီး ယခင် NDAA ဥက္ကဋ္ဌဟောင်း
ဦးစိုင်းလင်း၏ လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းမှု အား ဝမ်းသာပါကြောင်း၊ ယခင်ဥက္ကဋ္ဌဟောင်း
ဦးစိုင်းလင်းနှင့်လည်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တက်တက်ကြွကြွဆွေးနွေးခဲ့ကြကြောင်း၊
ယနေ့ဆွေးနွေးပွဲတွင် မိုင်းလားဒေသအား မြင့်မားသည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိအောင်
တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းဆွေးနွေး သွားကြမည်ဖြစ်ကြောင်း၊ တစ်ဖက်နှင့် တစ်ဖက်လိုလားချက်များကို
ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အား
ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တချို့နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များသည်
အဆင့်လိုက် လုပ်ဆောင်ရသည်များရှိပြီး ဌာနဆိုင်ရာများတွင်လည်း ၎င်းတို့၏လုပ်ထုံး လုပ်နည်းများရှိသည့်အတွက်
ညှိနှိုင်းဆောင်ရွက်ရသည်များရှိကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လိုအပ်ချက်များအား နှစ်ဖက်ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး
တိုးတက်ကောင်းမွန်သော အရွေ့တစ်ခုသို့ ရောက်အောင် ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း
ပြောကြားသည်။
ယုံကြည်မှုကို
မြှင့်တင်နိုင်မည်
ယင်းနောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့
(NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် နေပြည်တော်သို့ ဖိတ်ခေါ်သည့်အတွက်
ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ အနေဖြင့် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများကိုယ်စား
အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ်
ရွေးချယ်ခံရမှုအပေါ် အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဇွန် ၁၇ ရက်တွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ပထမအကြိမ် မိုင်းလားတွင်
တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခု တစ်ကြိမ်ထပ်မံ၍ နေပြည်တော်တွင် ဆွေးနွေးခွင့်ရသည့်အတွက်
ဝမ်းသာပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန်
အလေးထားဖိတ်ခေါ်သည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဥက္ကဋ္ဌဟောင်း ဦးစိုင်းလင်း
ချမှတ်ခဲ့သည့် “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဆိုသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းလာခဲ့ပါကြောင်း၊
ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် ဖြေရှင်းခဲ့ပြီး နိုင်ငံတော်အစိုးရ
အဆက်ဆက်နှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း၊ ဥက္ကဋ္ဌဟောင်း
ဦးစိုင်းလင်း၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကို အမွေဆက်ခံပြီး ဆက်လက်ဆောင်ရွက်
လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် မကြာခဏ တွေ့ဆုံဆွေးနွေးပြီး ပိုမိုရင်းနှီး
သည့် ဆက်ဆံခြင်းမှ ယုံကြည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများက
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်ပေးစေလိုပါကြောင်း၊
လမ်းညွှန်ချက်များ အား ဒေသခံပြည်သူများအား ချပြဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အလေးထားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အပေါ်
ဂရုစိုက်မှုများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အပြန်အလှန်ဆွေးနွေး
ယင်းနောက် တက်ရောက်လာသူများက
ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ပြုပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတား
ပုံမှန်ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ်စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို
စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်ရန်အတွက် သင်ကြားရေးဝန်ထမ်းများ လေ့ကျင့်ပျိုးထောင်ခြင်း၊
ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာများ
ဖလှယ်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းအစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို
ဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာ
ပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးနိုင်ရေးကိစ္စများအား အပြန်အလှန်
ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး
မင်းနိုင်က နှစ်ဖက်ယုံကြည်မှုတည်ဆောက်ရေး အလား အလာကောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများသည်
နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် များစွာအထောက်အကူပြုမှု၊ ပညာရေး၊ ကျန်းမာရေး၊
ဒေသ ဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် နှစ်ဖက် တိုက်ရိုက်ဆက်ဆံရေး ခိုင်မာစေရေး တင်ပြဆွေးနွေးချက်များအပေါ်
NSPNC ဘက်မှ နိုင်ငံတော်အကြီးအကဲထံ ဆက်လက်တင်ပြပြီး ညွှန်ကြားချက်မူဝါဒများနှင့်အညီ
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကို
အဆင့်လိုက်တိုးမြှင့် ဆောင်ရွက်သွားရေး၊ NDAA ၏ ခေါင်းဆောင်မှုအပြောင်းအလဲနှင့် ခေါင်းဆောင်သစ်များစုဖွဲ့မှုများ၊
“ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုးမှု” မူဝါဒနှင့် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း
ပါဝင်နိုင်သည့် အချက်အလက်များကို အဓိကထားစဉ်းစားဆောင်ရွက်မှုများနှင့် နိုင်ငံရေးဆိုင်ရာကိစ္စရပ်များ၏
လိုအပ်ချက်များအား ဆက်လက်ဆွေးနွေးနိုင်ရေးတို့ကို တင်ပြဆွေးနွေးသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ်
မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုကြသည်။
လက်ဆောင်ပစ္စည်းများ
ပေးအပ်
ယင်းနောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့
(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်၍ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့
(NDAA) ဥက္ကဋ္ဌ ဦးထိန်လင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်အတွင်းရှိ
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment