မြန်မာနိုင်ငံတွင် မုတ်သုံရာသီကာလအတွင်း မိုးရွာသွန်းမှုအပေါ်မူတည်၍ ရေကြီးရေလျှံမှု အနည်းနှင့်အများဖြစ်ပေါ်လေ့ရှိသည်။ နှစ်စဉ်နှစ်တိုင်းအားဖြင့် မိုးဦးကာလ ဇွန်လတွင် ရေကြီးရေလျှံမှုတစ်ကြိမ်၊ မိုးလယ်ကာလဖြစ်သည့် ဇူလိုင်လမှ ဩဂုတ်လအတွင်း တစ်ကြိမ်၊ မိုးနှောင်းကာလနှင့် မိုးလွန်ကာလဖြစ်သည့် စက်တင်ဘာလမှ နိုဝင်ဘာလအတွင်းတစ်ကြိမ် ဖြစ်လေ့ရှိသည်။ များသောအားဖြင့် မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးရွာသွန်းမှုတာရှည်လာပြီး အထက်ရေများလာသောအခါ ရေကြီးရေလျှံဖြစ်ပွားလေ့ရှိသည်။
မြန်မာနိုင်ငံတွင် မိုးဦး၊ မိုးလယ်ကာလအတွင်း
မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယခုအခါ အချို့ဒေသများတွင် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ
ကြုံတွေ့နေရသည်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်သုံးလတာကာလအတွင်း ရွာသွန်းခဲ့သောမိုးရေချိန်မှာ
စံချိန်တင်ခဲ့ပြီဖြစ်၍ မြစ်ချောင်းအနီးအနားနှင့် မြေနိမ့်ပိုင်းဒေသများတွင် ရေကြီး
ရေလျှံ ကြုံတွေ့ခဲ့ရပြီဖြစ်သည်။ မိုးရွာသွန်းမှုကာလ ကြာရှည်လာပြီဖြစ်သော်လည်း မိုးဦး၊
မိုးလယ်ကာလသာဖြစ်၍ ဆက်လက်မိုးရွာသွန်းနေဦးမည့်သဘောရှိသည်။ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့်
မိုးရွာသွန်းနိုင်သည့်ဒေသများတွင် အလွန်အကျွံဆက်လက်ရွာသွန်းပြီး မိုးနည်းသည့်ဒေသများတွင်
မိုးခေါင်ရေရှားသည့် သဘာဝဘေးဒဏ်ခံစားနေကြရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ယခုအခါ မိုးလေဝသဌာန၏ တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသောအိန္ဒိယနိုင်ငံ
အနောက်ဘင်္ဂလားပြည်နယ်-ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်လျက်ရှိသော
လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး နောက်ရက်များတွင် အနောက်မြောက်ဘက်သို့ရွေ့လျားကာ
မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းနှင့်ဆက်စပ်ပြီး
မိုးရွာသွန်းမှုသည် ဆက်လက်အားကောင်းနေမည်ဖြစ်သည်။ ထို့အပြင် ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်
လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့်လည်းကောင်း၊ မိုးတိမ်တောင်များဖြစ်ထွန်းမှု
အားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးထစ်ချုန်းရွာပြီး
နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသဌာနက ထပ်မံအသိပေးနှိုးဆော်ထားသည်။
ယခုကာလတွင် မြန်မာပြည်တစ်ဝန်း၌ မိုးရွာသွန်းမှုအားကောင်းနေခြင်းကြောင့်
ဧရာဝတီမြစ်ရေသည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်အထက် ခြောက်လက်မခန့်၊ ဆိပ်သာမြို့တွင်
စိုးရိမ်ရေမှတ်အထက် နှစ်ပေခန့်၊ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ် အထက် ၁ ပေ ၅ လက်မခန့်ရောက်ရှိနေပြီး
နောက်ရက်တွင် ပိုမိုမြင့်တက်လာနိုင်သည်။ ဧရာဝတီမြစ်ရေသည် ဇလွန်မြို့တွင် ၁ ပေ ၄ လက်မ
ခန့်ရှိနေပြီး နောက်ရက်တွင် ထပ်မံမြင့်တက်လာနိုင်သည်။ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင်
စိုးရိမ်ရေမှတ်တွင်ရှိနေပြီး နောက်ရက်တွင် ဆက်လက်မြင့်တက်နိုင်သည်။ သံလွင်မြစ်ရေသည်
ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် သုံးပေခန့် ကျော်လွန်ရောက်ရှိနေပြီး စစ်တောင်းမြစ်ရေသည်
မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။
သို့ဖြစ်ရာ မိုးရာသီကာလ အရှိန်အဟုန်ကောင်းနေခြင်းကြောင့်
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့်
သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။ အဆိုပါဖြစ်ပေါ်လာနိုင်သော ဒေသများရှိ ကုန်းမြင့်ဒေသများတွင်နေထိုင်ကြသော
ပြည်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် ရုတ်တရက်ရေကြီးမှုအန္တရာယ်များကို အထူးသတိပြုနေထိုင်ကြရမည်ဖြစ်သည်။
မြေနိမ့်လွင်ပြင်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်
ရေကြီးရေလျှံခြင်းအန္တရာယ်များကို ကြိုတင်သတိပြုရှောင်ရှားကြရန် လိုအပ်ပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးဖြစ်ပွားမှုများကြောင့် နေအိမ်အဆောက်အအုံများစွာ
ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့် တိရစ္ဆာန်သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု အများအပြားရှိခဲ့ရာ
ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာစေရန်အတွက်
ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
ထို့ကြောင့် ရေဘေးသတိပေးချက်များကို သတိပြုမှတ်သားထားရန်နှင့်
မိမိတို့နေအိမ်များကြံ့ခိုင်မှု၊ အရေးပေါ်ပြောင်းရွှေ့ရမည့်လမ်းကြောင်း၊ စားရေရိက္ခာ၊
သောက်သုံးရေနှင့် ဆေးဝါးများ၊ အရေးပေါ်ဆက်သွယ်ရမည့်နေရာများကို ကြိုတင်ဆောင်ရွက်ထားရန်လိုအပ်မည်ဖြစ်သည်။
သက်ဆိုင်ရာက အသိပေးညွှန်ကြားလာပါက စနစ်တကျရွှေ့ပြောင်းကြရန်လိုပြီး အန္တရာယ်ရှိနိုင်သောအရာများကို
သတိပြုဆောင်ရွက်ရန်လိုသည်။ ရေဘေးအန္တရာယ်ဖြစ်ပေါ်နေချိန်တွင် ကျန်းမာရေးအတွက် အထူးသတိပြုရမည်ဖြစ်ပြီး
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် ရေဘေးသင့်ပြည်သူများ
လစ်လပ်မကျန်ရစ်စေဘဲ ပြည်သူအားလုံး ရေဘေးအန္တရာယ်မှ ကင်းဝေးသက်သာစေရန် စနစ်တကျ ဝိုင်းဝန်းပူးပေါင်း
လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment