Tuesday, August 18, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိ

 


နေပြည်တော် ဩဂုတ် ၁၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။



နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာ စိုးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadievich Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထို့နောက်နိုင်ငံတော်သမ္မတသည် အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူသည်။ ထိုသို့ ဆောင်ရွက်စဉ်ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအား တီးမှုတ်ဂုဏ်ပြုအလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။

ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာ - ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် မြန်မာ - ရုရှား စီးပွားရေးဖိုရမ်သို့လည်း တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment