အားကစားသည် လူ့ယဉ်ကျေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ လူသားတို့၏ စွမ်းဆောင်ရည်အမျိုးမျိုးတို့ကို ထုတ်ဖော်ယှဉ်ပြိုင်ပြသသည့် အားကစားတို့သည် ဖျော်ဖြေမှုကိုပေးနိုင်သကဲ့သို့ စိတ်အားတက်ကြွမှုကိုလည်း ပေးနိုင်စွမ်းရှိသည်။ သို့ဖြစ်ရာ အားကစားသည် လူထုပရိသတ်စိတ်ဝင်စားမှုများပြားသည့် ကဏ္ဍတစ်ခုဖြစ်သည့်အလျောက် သတင်းမီဒီယာများတွင် အားကစားကို တစ်ခန်းတစ်ကဏ္ဍနေရာပေးကာ မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြပေးကြရသည်။
နိုင်ငံနှင့်လူမျိုးတို့ကို ကိုယ်စားပြု၍ ယှဉ်ပြိုင်ရသောအားကစားပွဲများမှာ
အမျိုးသားရေးစုစည်းမှုနှင့် အမျိုးသားရေးအားမာန်တက်ကြွမှုကိုပါ
ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင်
မိမိနိုင်ငံကိုယ်စားပြုအားကစားသမားများ၊ အားကစားအသင်းများ
အောင်မြင်မှုအမြင့်မားဆုံးရရှိရေးအတွက် နိုင်ငံတိုင်းက ကြိုးပမ်းနေကြရသည်။
တစ်မျိုးသားလုံးအဆင့် အားကစားမြှင့်တင်ခြင်းသည် မိမိနိုင်ငံသားများ
ကျန်းမာကြံ့ခိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်နှင့် နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားလာစေရန်ဖြစ်ပြီး
ကိုယ်လက်လှုပ်ရှား လူထုအားကစားမှသည် ခွန်အား၊ ကျွမ်းကျင်မှု၊ လျင်မြန်မှု၊ သက်လုံတို့ဖြင့်
လေ့ကျင့်ယှဉ်ပြိုင်ရသော အားကစားနည်းများအထိ အားကစားကဏ္ဍကို စနစ်တကျဖော်ထုတ်မြှင့်တင်ပေးခြင်းပင်ဖြစ်သည်။
‘‘နိုင်ငံအသီးသီးတွင် အားကစားကဏ္ဍသည်
ယခင်ကကဲ့သို့ ပြိုင်ပွဲဝင်ရန်၊ ဆုတံဆိပ်ရယူရန်အတွက်လောက်သာ မဟုတ်တော့ဘဲ လူ့စွမ်းအားအရင်းအမြစ်
ဖွံ့ဖြိုးတိုးတက်ရန်၊ လူငယ်များ၏စည်းကမ်း၊ ခေါင်းဆောင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ရန်၊
အမျိုးသားစည်းလုံးညီညွတ်မှုတည်ဆောက်ပေးနိုင်ရန် အထောက်အကူပြုစေသည့်အပြင်
နိုင်ငံတကာအလယ်တွင် နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့်အတွက်
အားကစားပြိုင်ပွဲများကို လက်နက်မပါသည့် တိုက်ပွဲများဟု တင်စားလာကြပါကြောင်း၊
ထို့ကြောင့် မြန်မာ့အားကစားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေးရှုပြီး အားကစားရေးရာဝန်ကြီးဌာနကို
သီးခြားဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊
မြို့နယ်များတွင် အဆင့်အတန်းမီဘောလုံးကွင်းများ၊ မိုးလုံလေလုံအားကစားရုံများ၊
အများပြည်သူအားကစားလုပ်နိုင်သည့် ပန်းခြံများကို နိုင်ငံတော်ဘဏ္ဍာမှစိုက်ထုတ်ပြီး
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း” ဟူ၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က
နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏
မြို့တော်များအားလုံးတွင် အထူးတန်းပွဲကြည့်စင်နှင့် ပရိသတ် ၅၀၀၀ ဆံ့၊ မီတာ ၄၀၀
ပြေးလမ်းပါဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားရုံ၊ မိုးလုံလေလုံ ရေကူးကန်များကို ပထမအဆင့်အနေဖြင့်
တည်ဆောက်ပေးလျက်ရှိသည်။ လူဦးရေများပြားသည့် ခရိုင်မြို့ကြီးများတွင်
ပွဲကြည့်ပရိသတ် ၃၀၀၀ ဝင်ဆံ့သည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းများ
တည်ဆောက်ပေးလျက်ရှိပြီး ဘဏ္ဍာငွေအပေါ်မူတည်၍ ကျန်ခရိုင်၊
မြို့နယ်များအားလုံးတွင်လည်း ဆက်လက်တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတကပြောကြားခဲ့သည်။
အားကစားရုံများ၊ အားကစားကွင်းများ အဆင့်မြှင့်တင်မှု၊ တည်ဆောက်မှုများနှင့်အတူ
အားကစားပြိုင်ပွဲများကိုလည်း အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသည်ကိုတွေ့ရသည်။ အားကစားနည်းများအလိုက်
အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ရှိနေမှသာ အားကစားသမားများ၏ လေ့ကျင့်မှု၊
ယှဉ်ပြိုင်မှုများလည်း စဉ်ဆက်မပြတ်ရှိနေပြီး အားကစားသမားကောင်းများ
ပေါ်ထွက်လာမည်ဖြစ်သည်။ အခြေခံ ပညာကျောင်းသားအရွယ်မှစ၍ အားကစားကို စနစ်တကျပြုစုပျိုးထောင်ပေးခြင်းအားဖြင့်
သက်လုံကောင်းပြီး ကျန်းမာကြံ့ခိုင်စေခြင်း၊ အသင်းအဖွဲ့လိုက်ကစားခြင်းမှတစ်ဆင့် စည်းလုံးညီညွတ်မှု၊
အဖွဲ့လိုက် ဆောင်ရွက်တတ်မှု၊ သည်းခံမှုနှင့် စည်းကမ်းလိုက်နာတတ်မှုစသည့်
စိတ်ဓာတ်များရရှိလာခြင်း စသည့်အကျိုးကျေးဇူးများရရှိစေနိုင်သည်။
သို့ဖြစ်ရာ ပင်ကိုဝါသနာနှင့် ထူးခြားသောစွမ်းဆောင်မှုရှိသူ
ကလေး၊ လူငယ်များကိုရှာဖွေ၍ မြေတောင်မြှောက်ပေးခြင်း၊ ကျောင်းများတွင် ကျောင်းသင်ခန်းစာအပြင်
ဘက်စုံပညာရေး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အားကစားလှုပ်ရှားမှုများ ထည့်သွင်းဆောင်ရွက်ပေးခြင်း၊
အားကစားကလပ်များဖွဲ့စည်း၍ အားကစားနည်းအလိုက် ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်း
စသည့်နည်းလမ်းအမျိုးမျိုးတို့မှတစ်ဆင့် နိုင်ငံအဆင့်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်
ဝိုင်းဝန်းပူးပေါင်းအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် ခုရေတွင်းတူး၊ ခုရေကြည်သောက်၍မရသကဲ့သို့
ရေရှည်အစီအမံကောင်းများချမှတ်၍ နှစ်ရှည်လများ စဉ်ဆက်မပြတ် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှသာ
ရလဒ်ကောင်းပေါ်ထွက်လာနိုင်မည်ဖြစ်သည့်အလျောက် တစ်မျိုးသားလုံးကျရာကဏ္ဍမှ ဦးတည်ကြိုးပမ်း
ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

No comments:
Post a Comment